Home
နိုင်ငံတကာ
တရုတ်နှစ်ကူး၌ ထိုင်းလေဆိပ်များမှ ခရီးသွား  ၄ သန်းကျော် ဝင်ရောက်မည်ခန့်မှန်း
DVB
·
February 10, 2026
Photo: AOT

ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၂၂ ရက်အထိ ကျရောက်မဲ့ တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း ထိုင်းနိုင်ငံ လေဆိပ် ၆ ခုကတဆင့် ခရီးသည် ၄ သန်းကျော် ဖြတ်သန်းသွားလာလိမ့်မယ်လို့ ထိုင်းနိုင်ငံ လေဆိပ်များအာဏာပိုင်အဖွဲ့ (AOT) က ခန့်မှန်းထားတဲ့အကြောင်း Khaosod သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

AOT အဖွဲ့ဥက္ကဋ္ဌ ဖာဗီနာ ဂျာရီရာသီတီဖွန်းက သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ချင်းမိုင်၊ မယ်ဖားလုံ-ချင်းရိုင်၊ ဖူးခက်နဲ့ ဟတ်ယိုင် လေဆိပ်တွေမှာ ခရီးသည်သွားလာမှုမှာ နိုင်ငံတကာခရီးသည် ၂ ဒသမ ၆ သန်းနီးပါးနဲ့ ပြည်တွင်းခရီးသည် ၁ ဒသမ ၅၁ သန်း အပါအဝင် စုစုပေါင်း ၄ ဒသမ ၁၁ သန်းထိ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

အဆိုပါကာလအတွင်း စုစုပေါင်း လေကြောင်းခရီးစဉ်အရေအတွက်ကတော့ နိုင်ငံတကာခရီးစဉ် ၁၄,၂၉၅ ခုနဲ့ ပြည်တွင်းခရီးစဉ် ၁၀,၅၅၂ ခု အပါအဝင် စုစုပေါင်း ၂၄,၈၄၇ ခု ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဖေဖော်ဝါရီ ၄ ရက်အထိ အချက်အလက်တွေကို ဆန်းစစ်ချက်အရ တရုတ်နိုင်ငံက လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသည်အရေအတွက် သိသိသာသာ တိုးတက်လာတာကို တွေ့ရှိရတဲ့အကြောင်း ဖာဗီနာက ပြောပါတယ်။

တရုတ်ခရီးသည် အရေအတွက် ၆၇၉,၂၅၉ ယောက်အထိ ရှိလာနိုင်ပြီး အရင်နှစ်က အလားတူကာလထက် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ မျှော်လင့်ရကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ အဓိက နိုင်ငံတကာဝင်ပေါက်ဖြစ်တဲ့ သုဝဏ္ဏဘူမိလေဆိပ်က တရုတ်ခရီးစဉ်တွေအတွက် ခရီးသည် ၄၄၄,၂၅၅ ယောက်ကို ဝန်ဆောင်မှုပေးရနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒါဟာလည်း အရင်နှစ် အလားတူကာလထက် ၂၄ ဒသမ ၂ ရာခိုင်နှုန်း သိသိသာသာ မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

AOT အဖွဲ့ဥက္ကဋ္ဌ ဖာဗီနာကတော့ ဒီကိန်းဂဏန်းတွေက ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍအပေါ် ယုံကြည်မှု ပြန်လည်ရရှိလာတာနဲ့အတူ အထူးသဖြင့် တရုတ်နိုင်ငံက နိုင်ငံတကာခရီးသွားလာမှု ဆက်လက်ဦးမော့လာတဲ့အပေါ် ရောင်ပြန်ဟပ်နေတယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် ပွဲတော်ကာလအတွင်း ခရီးသွားတွေကို ကြိုဆိုနိုင်ဖို့အတွက် AOT က ခြင်္သေ့အက ဖျော်ဖြေပွဲတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ပြသမှုတွေ အပါအဝင် တရုတ် နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတွေကို ကျင်းပသွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

အဆိုပါ ပွဲတော်ကာလအတွင်းမှာတော့ ခရီးသည်အလွန်များပြားနိုင်တာကြောင့်  လေယာဉ်နောက်ကျကျန်ခဲ့တာမျိုး မဖြစ်စေဖို့ ခရီးစဉ်မထွက်ခွာမီ အနည်းဆုံး ၂ နာရီကနေ ၃ နာရီလောက် ကြိုတင်ပြီးတော့ လေဆိပ်ကို ရောက်ရှိကြဖို့လည်း AOT က တိုက်တွန်းနှိုးဆော်ထားပါတယ်။

Source: Khaosod

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013