
တရုတ်နိုင်ငံရဲ့ အကြီးဆုံး လက်ကားဈေးဖြစ်တဲ့ ယိဝု (Yiwu) နိုင်ငံတကာကုန်သွယ်ရေးမြို့မှာ မြင်းနှစ်ကူးကာလအကြို “ဝမ်းနည်း” မြင်းရုပ်ကလေးတွေ ရေပန်းစားနေပါတယ်။
လည်ပင်းမှာ ရွှေခေါင်းလောင်းလေးဆွဲထားတဲ့ မျက်လုံးထောင့်ကပ်ကြည့်နေတဲ့၊ အနီရောင် အမွေးပွ မြင်းရုပ်ကလေးတွေမှာ စက်ရုံအလုပ်သမားက ပါးစပ်ကို ဇောက်ထိုးမှားတပ်လိုက်ရာကနေ အခုလိုဖြစ်သွားတာပါ။
“ပစောက်” ပုံစံ ပြုံးနေရမဲ့အစား “ဂ” လိုမျိုး ဇောက်ထိုးဖြစ်ပြီး မဲ့နေတဲ့ပုံ ပေါက်သွားပါတယ်။
ယိဝုအခြေစိုက် Happy Sister ဆိုင်ပိုင်ရှင် ကျန်းဟွာချင်က ဒီအမှားအတွက် ငွေပြန်အမ်းဖို့ လုပ်ခဲ့ပေမဲ့ ဝယ်သူတွေက ပြန်မလဲကြဘူးလို့ ပြောပါတယ်။
“ငိုနေတဲ့မြင်းရုပ်က အလုပ်မှာရှိနေတဲ့အချိန်၊ ပြုံးနေတဲ့မြင်းရုပ်က အလုပ်ပြီးသွားတဲ့အချိန်လို့ လူတွေက ဟာသလုပ်နေကြတယ်” လို့ ကျန်းက ဆိုပါတယ်။
ဝယ်လိုအားကောင်းလွန်းတာကြောင့် အခုဆိုရင် ဒီပုံစံအတိုင်းပဲ ဆက်ပြီးတော့ ထုတ်လုပ်ရောင်းချနေရပါတယ်။
ဒီအရုပ်ကလေး ရောင်းကောင်းတာဟာ တရုတ်ပြည်က ရုံးလုပ်သားလူငယ်တွေရဲ့ လုပ်ငန်းခွင်ဖိအားနဲ့ စိတ်ခံစားမှုကို ရောင်ပြန်ဟပ်နေတယ်လို့ သုံးသပ်ကြပါတယ်။
ဒါ့အပြင် Pop Mart ရဲ့ Labubu အရုပ်တွေလို ရုပ်ဆိုးဆိုးနဲ့ ချစ်ဖို့ကောင်းတဲ့ အရုပ်တွေ ခေတ်စားတဲ့ ရေစီးကြောင်းနဲ့လည်း ကိုက်ညီနေပါတယ်။
Source: Reuters


