တရုတ်နွယ်ဖွားတွေဟာ နဂါးနှစ်မှာမွေးတဲ့ကလေးကို အထူးမင်္ဂလာရှိတယ်လို့ သတ်မှတ်ကြတာနဲ့ အညီ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နဂါးနှစ်မှာ ကလေးများများမွေးကြဖို့ နိုင်ငံသား အိမ်ထောင်သည်တွေကို တိုက်တွန်းခဲ့ပြီး အစိုးရကလည်း ထောက်ပံ့ပေးမယ်လို့ အာမခံပေးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ တရုတ်နှစ်ကူး သတင်းစကားမှာ နဂါးဆိုတာ “အာဏာ၊ ခွန်အားနဲ့ ကံကြမ္မာကောင်း” တွေရဲ့ သင်္ကေတဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
“ဒါကြောင့် အခုချိန်ဟာ လူငယ်စုံတွေအနေနဲ့ မိသားစုထဲမှာ နဂါးလေးတကောင် တိုးပွားဖို့ အချိန်ကောင်းလို့ ဆိုချင်ပါတယ်” လို့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာမွေးတဲ့ လီက ပြောပါတယ်။
အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ လီ ကိုယ်တိုင်လည်း ၁၉၅၂ ခုနှစ် နဂါးနှစ်ဖွား ဖြစ်ပါတယ်။ မိသားစုတွေအတွက် ဖန်တီးထားတဲ့ စင်ကာပူနိုင်ငံကို တည်ဆောက်သွားမှာဖြစ်ပြီး လက်ထပ်ထိမ်းမြားမှုနဲ့ မိဘဘဝ ရယူမှုအတွက် ထောက်ပံ့ပေးသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မွေးစကလေး စောင့်ရှောက်မှုနဲ့ အလုပ်ခွင်နဲ့ မိသားစုဘဝ သဟဇာတဖြစ်ရေးအတွက် အထောက်အပံ့တွေ ပိုအားကောင်းအောင် လုပ်ပေးထားကြောင်း၊ အစိုးရက လုပ်ခလစာ ထောက်ပံ့ပေးတဲ့ “မိဘဖြစ်ခွင့်” ကိုလည်း နှစ်ပတ်ကနေ လေးပတ်အထိ တိုးပေးထားတယ်လို့ လီက ပြောပါတယ်။
စင်ကာပူနိုင်ငံသားတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ တရုတ်နှစ်ကူးပွဲ ဆင်နွှဲကြမှာဖြစ်သလို တနင်္ဂနွေမှာ ပိတ်ရက်ထပ်တဲ့အတွက် တနင်္လာနေ့ကိုပါ အစားထိုးပိတ်ရက် ပြန်ရကြမှာ ြဖစ်ပါတယ်။
စင်ကာပူရဲ့ မွေးနှုန်းက ၂၀၂၂ မှာ အနိမ့်ဆုံးရောက်ခဲ့ပြီး မွေးနှုန်း ၁ ဒသမ ၀၅ ပဲ ရှိခဲ့ပါတယ်။ မွေးနှုန်းဆိုတာ မီးဖွားနိုင်တဲ့ အမျိုးသမီး အရေအတွက်နဲ့ မွေးဖွားတဲ့ ကလေးအချိုးကို ဆိုလိုတာဖြစ်ပါတယ်။
စင်ကာပူလို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မွေးနှုန်းက ကျဆင်းနေတယ်ဆိုတဲ့ အချက်ကိုလည်း ဝန်ကြီးချုပ်က ထည့်ပြောသွားပါတယ်။
မျိုးဆက်အလိုက် ရည်မှန်းချက်တွေက မတူညီနိုင်ပေမဲ့ လူငယ်တွေဟာ ကိုယ့်အလုပ်အကိုင်တက်လမ်း၊ ကိုယ့်လက်တွဲဖော်ပျော်ရွှင်ရေးနဲ့ တခြား စိတ်ဝင်စားတဲ့ ကိစ္စတွေအတွက်ပဲ အချိန်ပေးတာ များနေကြတယ်လို့ လီက သုံးသပ်ပါတယ်။
Source/Photo-Reuters