Home
ဆောင်းပါး
ရင့်ကျက်သော နိုင်ငံရေးဓလေ့၊ နိုင်ငံရေးလောကဓံနှင့် မျက်နှာသစ် အာဆီယံခေါင်းဆောင်များ
DVB
·
January 13, 2025

မလေးရှားနိုင်ငံ၊ ပူထရာဂျာယာမှာ စင်ကာပူဝန်ကြီးချုပ် လောရင့်စ်ဝေါင်းနှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်တို့ တွေ့ဆုံကြသည်။ အိမ်နီးချင်း နှစ်နိုင်ငံကြား ပုံမှန်တွေ့ဆုံမှုဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား ၁၁ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲဖြစ်သည်။ လောရင့်စ် ဝေါင်းသည် မျက်နှာသစ် စင်ကာပူ ဝန်ကြီးချုပ်။ သက်တမ်းအားဖြင့် တနှစ်ပင် မပြည့်သေးသည့် ဝန်ကြီးချုပ်သစ်ဖြစ်သည်။ စင်ကာပူ ဝန်ကြီးချုပ်အဆက်ဆက် ထူးချွန်ထက်မြက်ကြသည်။ ပညာတတ်ပြီး နိုင်ငံတကာဆက်ဆံရေး လိမ္မာပါးနပ်သည်။ လီရှန်လွန်းက ဝန်ကြီးချုပ်သက်တမ်းကို ငါးကြိမ်ထမ်းဆောင်ပြီးနောက် ပြီးခဲ့သည့်နှစ် မေလက နားသွားသည်။ စီနီယာဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူထားသော်လည်း ဝန်ကြီးချုပ်သစ် လောရင့်စ်ဝေါင်းကသာ အစိုးရအဖွဲ့​၏ အဓိကတာဝန်ရှိသူဖြစ်လာသည်။

စင်ကာပူနိုင်ငံ လွတ်လပ်ရေးရပြီးမှ စင်ကာပူတွင် မွေးဖွားခဲ့သူ အသက် ၅၂ နှစ်သာ ရှိသေးသော ဝေါင်းသည်လည်း လီကွမ်းယူမျိုးဆက်လို တရုတ်လူမျိုးပဲဖြစ်သည်။ ပီဘိ တရုတ်လူမျိုးတဦး​၏ မျက်နှာပေါက်နှင့် စင်ကာပူခေါင်းဆောင်သစ်ဖြစ်သည်။ သူက လီရှန်လွန်းလက်အောက်မှာ ဒုတိယ ဝန်ကြီးချုပ်အဖြစ်နှင့် တာဝန်ထမ်းဆောင်ခဲ့ပြီး အသက်အရွယ်ငယ်သော်လည်း အတွေ့အကြုံရင့်ကျက်သူဖြစ်သည်။ လောရင့်စ်ဝေါင်းက စင်ကာပူ​၏ စတုတ္ထမြောက် ဝန်ကြီးချုပ်ဖြစ်သည်။ လီကွမ်းယူ၊ ဂိုချောက်တောင်၊ လီရှင်လွန်းတို့အပြီး စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာသူဖြစ်သည်။ လီရှင်လွန်းလိုပဲ ဟားဗတ်ကျောင်းဆင်းဖြစ်သည်။ စီးပွားရေးပညာရှင်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ စင်ကာပူခေါင်းဆောင်အဆက်ဆက် ဥပဒေပညာရှင် လီကွမ်းယူမှအစပြု၍ ပညာတတ်တွေ ဖြစ်ကြသည်။ ယနေ့ အာရှတွင် ထိပ်တန်းစီးပွားရေးဖွံ့ဖြိုးသော နိုင်ငံတခု၊ တဦးချင်းဝင်ငွေ အမြင့်မားဆုံးနိုင်ငံတခု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုအရှိဆုံး နိုင်ငံငယ်တစ်ခုဖြစ်အောင် ပညာတတ်သော ခေါင်းဆောင်တွေက စီမံအုပ်ချုပ်ခဲ့ကြသည်။

လီရှန်လွန်း အနားယူတော့မည်ဆိုတော့ သူ့နေရာကို ဘယ်သူဆက်ခံမလဲ စိတ်ဝင်စားခဲ့သည်။ ငါးကြိမ်ဆက် (နှစ်ပေါင်း ၂၀) ဝန်ကြီးချုပ်တာဝန်ယူခဲ့သော လီရှန်လွန်းနေရာကို အစားထိုးဖို့ဆိုလျှင် လီရှန်လွန်းလောက် အရည်အချင်းရှိဖို့ လိုအပ်သည်။ ဒုတိယဝန်ကြီးချုပ်အဖြစ်နှင့် လောရင့်စ်ဝေါင်းကို မြင်တွေ့နေရသော်လည်း တာဝန်ပိုကြီးသော စင်ကာပူခေါင်းဆောင်နေရာကို လောရင့်စ်ဝေါင်း ကိုင်တွယ်နိုင်ပါ့မလား သံသယဝင်ခဲ့မိသည်။ သို့သော် လီရှန်လွန်းသည် လောရင့်စ်ဝေါင်းကို ကာလအတန်ကြာ လေ့ကျင့်ပေးခဲ့သည်။ တကယ်တမ်း စင်ကာပူဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်သောအခါ သူ​၏ အရည်အချင်းတွေကို စတင်မြင်တွေ့ရသည်။ လီရှန်လွန်းလိုပဲ ရှင်းလင်းတိကျပြတ်သားသော မိန့်ခွန်းကို ပြောသည်။ သိမ်မွေ့ပြုံးချိုသော လူမှုဆက်ဆံရေးရှိသည်။ နှိမ့်ချတတ်သည်။ ပြည်သူနှင့် တသားတည်းနေသည်။

ပြီးခဲ့သည့်နှစ် မေလက ဝန်ကြီးချုပ်တာဝန်ကို စတင်ထမ်းဆောင်ပြီးကတည်းက လောရင့်ဝေါင်းက မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်း အစရှိသည့် အာဆီယံနိုင်ငံတွေကို သွားခဲ့ပြီးပြီ။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ထိုင်းကိုသွားတော့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့် ဝေါင်းကို အတူတွေ့ခဲ့ရသည်။ ငယ်ရွယ်သော မျက်နှာသစ် အာဆီယံခေါင်းဆောင်နှစ်ဦးကို မြင်တွေ့ရတော့ သူတို့တွေ​၏ နိုင်ငံရေးတည်ငြိမ်ရင့်ကျက်မှုကို အားကျရသည်။

ယခုလည်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်နှင့် ဝေါင်းတို့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး၊ အကျိုးစီးပွားတွေကို ဆွေးနွေးကြသည်။ တခါက မလေးရှား​၏ ပြည်နယ်တခုဖြစ်ခဲ့သော စင်ကာပူနှင့် မလေးရှားအကြား ဆက်ဆံရေးက ယခုချိန်ထိ ဒွေးရောယှက်တင်ရှိနေဆဲဖြစ်သည်။ ကျွန်းငယ်ပိုင်ဆိုင်မှု၊ ရေကြောင်းနယ်နိမိတ်အငြင်းပွားမှု၊ လေပိုင်နက် အသုံးပြုခွင့် စတာတွေ ရှင်းနေရတုန်းဖြစ်သည်။ ယခုတွေ့ဆုံမှုမှာ စင်ကာပူ-ဂျိုဟိုး အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးက အဓိကရလဒ်အဖြစ် ပါဝင်လာသည်။ နှစ်နိုင်ငံပူးတွဲ စီးပွားရေးဇုန်က စင်ကာပူအတွက်ရော၊ မလေးရှားအတွက်သာမက အာဆီယံအတွက်ပါ အကျိုးရှိနိုင်သည်။ ကျွမ်းကျင်လုပ်သား ၁၀၀၀၀ ကို အလုပ်ပေးနိုင်ပြီး ငါးနှစ်အတွင်း စီမံကိန်း ၅၀ အကောင်အထည်ဖော်ဖို့ သဘောတူထားသည်ဟု ဆိုသည်။

လောရင့်စ်ဝေါင်း မလေးရှားကို ရောက်တော့ အန်ဝါအီဗရာဟင်က တခမ်းတနားကြိုဆိုဧည့်ခံသည်။ ဂစ်တာတီးပြီး သီချင်းဆိုသည်။ မလေးဝန်ကြီးချုပ် အန်ဝါအီဗရာဟင်ကို ကြည့်ပြန်တော့ သက်တမ်းအားဖြင့် ၂ နှစ်သာ ရှိသေးသည်။ တခါက အတိုက်အခံခေါင်းဆောင်၊ တခါက လိင်တူဆက်ဆံမှုဖြင့် ထောင်သွင်းကျဉ်းချခံထားခဲ့ရသူတဦးက မလေးရှားဝန်ကြီးချုပ်ဖြစ်လာတော့ အံ့အားသင့်ခဲ့ရသည်။ နိုင်ငံရေးလောကဓံ အလှည့်အပြောင်းဟုပဲဆိုရမည်။ ညွန့်ပေါင်းအစိုးရခေါင်းဆောင်တဦးအနေနှင့် သက်တမ်းသိပ်ရှည်လိမ့်မည်မထင်ခဲ့သော်လည်း အန်ဝါအီဗရာဟင်က ခုဆိုလျှင် သက်တမ်း ၂ နှစ်ရှိပြီ။ နိုင်ငံရေးယဉ်ကျေးမှုမြင့်သော၊ ဒီမိုကရေစီကို အလေးထားသော နိုင်ငံတွေမှာ ပြည်သူတွေ​၏ အဆုံးအဖြတ်သာ အခရာဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်သစ် ပေတုန်တန်နှင့် စင်ကာပူဝန်ကြီးချုပ်သစ် လောရင့်ဝေါင်းတို့ ထိုင်းနိုင်ငံမှာ တွေ့ဆုံကြတော့ ငယ်ရွယ်သော မျက်နှာသစ်အာဆီယံခေါင်းဆောင်တွေအဖြစ် ပီတိဖြစ်ရသည်။

နိုင်ငံရေးလောကဓံ၊ နိုင်ငံရေးအနိမ့်အမြင့် အတက်အကျဆိုတာက ဆန်းကြယ်လှသည်ဟုတော့ မဆိုနိုင်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာ​၏ အငယ်ဆုံးသမီး၊ ယခုမှ အသက် ၃၈ နှစ်သာ ရှိသေးသော ပေတုန်တန်က ထိုင်းဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်နေသည်။ ထိုင်းနိုင်ငံရေးကို ကြည့်လျှင် နာကြည်းတတ်မည်ဆိုက နာကြည်းစရာတွေချည်း ဖြစ်သည်။ ပေတုန်တန်သည် မမျှော်လင့်ဘဲ ထိုင်းဝန်ကြီးချုပ်နေရာကို ရရှိလာသူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ထိုင်းရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နိုင်ခဲ့သည်က လူငယ်ခေါင်းဆောင် ပီတာ ဦးဆောင်သည့် Move Forward ပါတီဖြစ်သည်။ တကယ်တမ်း ဝန်ကြီးချုပ်ဖြစ်ရမည်ဆိုလျှင် ရွေးကောက်ပွဲအနိုင်ရ ပီတာ သာလျှင်ဖြစ်ရမည်။ သို့သော် ဝန်ကြီးချုပ်မဖြစ်ရုံမက အနိုင်ရ Move Forward ပါတီပင် ဖျက်သိမ်းခံထားရပြီး နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ် ပိတ်ပင်ခံထားရသည်။ အခွင့်ထူးခံဘုရင်စနစ် စည်းမျဉ်းများကို ပြင်ဆင်လိုသည့်စွဲချက်ဖြင့် Move Forward ကို အထက်လွှတ်တော်က တားဆီးပိတ်ပင်သောအခါ ဒုတိယ မဲအများဆုံးရ ပေတုန်တန်​၏ ဖွေ့ထိုင်းက အစိုးရဖွဲ့ဖို့ဖြစ်လာသည်။ ကနဦးအစိုးရအဖွဲ့ကို ရွေးကောက်ခံမဟုတ်သော အိမ်ခြံမြေစီးပွားရေးသမား ဆရက်ထာ ထာ့ဝီဆင် က ဦးဆောင်ပြီး ဝန်ကြီးချုပ်သစ်ဖြစ်လာသည်။ ထိုင်းမှာ စစ်ဗိုလ်ချုပ် ပရာရွတ်လက်ထက်က မတရားပြဋ္ဌာန်းထားသော ဥပဒေတွေ ရှိနေပြီး ရွေးကောက်ခံပါတီခေါင်းဆောင်တဦး ဝန်ကြီးချုပ်ဖြစ်ခွင့်မရ၊ ပါတီပင် ဖျက်သိမ်းခံရသော်လည်း နိုင်ငံရေးအရွေ့က ပုံမှန်အတိုင်းပဲ ရှိခဲ့သည်။ လူထုဆန္ဒ ငြင်းပယ်ခံရသဖြင့် နာကြည်းမှုတွေ ရှိနေနိုင်သော်လည်း ရုန်းရင်းဆန်ခတ် ကြီးကြီးမားမား မတွေ့ရ။ နိုင်ငံက ပုံမှန်အတိုင်း လည်ပတ်နေသည်။ နောက်ဆုံး ဖွေ့ထိုင်းပါတီက တင်မြှောက်သော ဝန်ကြီးချုပ်သစ် ရှရက်ထာသည်လည်း အစိုးရအဖွဲ့အတွင်း ရာဇဝတ်ပြစ်ဒဏ်သင့်ဖူးသူတဦးကို တာဝန်ပေးမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဆုံးအဖြတ်ဖြင့် တာဝန်မှ ရပ်စဲစေခဲ့သည်။ ရှရက်ထာ ထာ့ဝီဆင် ရာထူးက ဖယ်ရှားခံရတော့ အသက်အငယ်ဆုံး ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတုန်တန်က ဝန်ကြီးချုပ်သစ်ဖြစ်လာသည်။ နိုင်ငံရေး အနိမ့်အမြင့် အတက်အကျတွေ မြန်ဆန်လှသည်ဟု ဆိုရမည်။ ပေတုန်တန် ဝန်ကြီးချုပ်သစ်ဖြစ်လာတော့ ရှာရက်ထာက သာမန်အရပ်သား ပြန်ဖြစ်သွားသည်။ ဟိုဟိုဒီဒီပွဲလမ်းသဘင်တွေမှာ သာမန်လူလိုပဲ မြင်ရသည်။

မနေ့က သမ္မတဟောင်း ဂျင်မီကာတာ ဈာပနမှာ အမေရိကန်သမ္မတဟောင်းတွေဖြစ်သည့် ဂျော့ဒဗလျူဘုရှ်၊ ကလင်တန်၊ အိုဘားမား၊ ဒေါ်နယ်ထရန့်၊ ဂျိုးဘိုင်ဒင်တို့ကို အတူတကွ စကားတပြောပြောနှင့် နှုတ်ဆက်နေကြတာ တွေ့ရသည်။ တခါက ရွေးကောက်ပွဲမှာ နိုင်သူ၊ ရှုံးသူ၊ တဦးကိုတဦး ပုတ်ခတ်ဝေဖန်ကြသူတွေ တနေရာတည်းမှာ အေးအေးလူလူ တွေ့ရသည်။ ထရမ့်​၏ ဒု-သမ္မတ မိုက်ပင့်စ်ကိုပင် တွေ့ရသည်။ ရွေးကောက်ပွဲ ရှုံးနိမ့်ထားသူ ကာမာလာ ဟားရစ်ကိုလည်း တွေ့ရသည်။ စဉ်းစားကြည့်လျှင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် နှင့် ကာမာလာဟားရစ်တို့အကြား မဲအရေအတွက်မှာ အလွန့်အလွန်ကွာခြားလွန်းလှသည်မဟုတ်။ ၅၀-၅၀  မှာ ကာမာလာဟားရစ်က အရေအတွက်အရ အရေးနိမ့်ခဲ့ရသည်။ ဟားရစ်ကို ထောက်ခံခဲ့ကြသူများ​၏ ရင်ထဲ ဘယ်လိုရှိမည်ကို ခန့်မှန်း၍ ရသည်။ ထရမ့်ကို သမ္မတအဖြစ် မမြင်မတွေ့လိုကြသော်လည်း ဒီမိုကရေစီသဘောအရ လက်ခံလိုက်ကြရသည်။ ယဉ်ကျေးသော နိုင်ငံရေးဓလေ့ပင် ဖြစ်သည်။

လောရင့်စ်ဝေါင်းတို့ ပေတုန်တန်တို့လိုပဲ ယခုနှစ်အတွင်း အာဆီယံမှာ မျက်နှာသစ်ခေါင်းဆောင်တွေ ပေါ်လာခဲ့သည်။ အင်ဒိုနီးရှားရွေးကောက်ပွဲမှာ ယခင်အတိုက်ခံခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက အနိုင်ရသွားပြီး ယခု သမ္မတတာဝန် ထမ်းဆောင်နေပြီ။ အင်ဒိုနီးရှားဖြစ်စဉ်ကလည်း ထူးခြားသည်ဟု ဆိုရမည်။ သမ္မတ ပရာဘိုဝိုက စစ်ဗိုလ်ချုပ်ဘဝမှာ မှတ်တမ်းဆို်ရှိခဲ့သူဖြစ်သည်။ ၂၀၁၄၊ ၂၀၁၉ သမ္မတရွေးကောက်ပွဲ နှစ်ကြိမ်စလုံး ဂျိုကိုဝီဒိုဒို ကို ရှုံးနိမ့်ခဲ့သည်။ အရပ်သား ဝီဒိုဒိုကို အင်ဒိုနီးရှားပြည်သူတွေက ထောက်ခံကြသည်။ သို့သော် ယခု ၂၀၂၄ အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝီဒိုဒိုအနေနှင့် သုံးကြိမ်ဆက်တိုက် ရွေးကောက်ခံခွင့် မရှိတော့သည့်အတွက် နားလိုက်ရသည်။ ထိုနေရာတွင် ဝီဒိုဒိုကိုယ်တိုင်က သမ္မတလောင်းအဖြစ် ပရာဘိုဝိုကို ထောက်ခံအားပေးခဲ့သည်။ တချိန်က အတိုက်အခံခေါင်းဆောင်ဖြစ်ပြီး ၂၀၁၉ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ချိန်တွင် အနိုင်ရသမ္မတ ဝီဒိုဒိုက ပရာဘိုဝို အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် နေရာပေးခဲ့သည်။ နိုင်ငံရေးတွင် အလှည့်အပြောင်းတွေ၊ အနိမ့်အမြင့် အတက်အကျတွေ ရှိသည်။ ဂျိုကိုဝီ နားသွားချိန်တွင် တချိန်က အတိုက်ခံခေါင်းဆောင် ပရာဘိုဝို သမ္မတဖြစ်လာသည်။ အင်ဒိုနီးရှားနိုင်ငံရေးက ပုံမှန်အတိုင်း ရွေ့လျားနေသည်။

ဖိလစ်ပိုင်ဖြစ်စဉ်ကလည်း အံ့အားသင့်ဖွယ်ဟု ဆိုရမည်။

၁၉၈၅ ခုနှစ် ပြည်သူ့အာဏာ( People Power) လူထုအုံကြွမှုဖြင့် ဖြုတ်ချခဲ့သော အာဏာရှင် ဖာဒီနန် မားကို့စ်​၏ သား ဂျူနီယာ မားကို့စ် (သို့မဟုတ်) ဘွန်ဘွန်း မားကို့စ်သည် ယခုအခါ ဖိလစ်ပိုင်သမ္မတအဖြစ် ရွေးကောက်ခံရကာ သမ္မတတာဝန် ထမ်းဆောင်နေပြီဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တွေက ပုံသေကားကျမဟုတ်။ အာဏာရှင်သမ္မတဟောင်းတဦး​၏သား၊ အကျင့်ပျက်ခြစားရာတွင် နာမည်ကျော်လှသော အီမယ်လ်ဒါမားကို့စ်​၏သားသည် လက်ရှိ ဖိလစ်ပိုင်သမ္မတ ဖြစ်နေသည်။

နိုင်ငံရေးဖြစ်စဉ်၊ နိုင်ငံရေးလောကဓံမှာ အတက်အကျ၊ အနိမ့်အမြင့်တွေရှိသည်။ နိုင်ငံရေးမှာ  အမြဲတမ်းမိတ်ဆွေ၊ အမြဲတမ်းရန်သူ မရှိ။ နိုင်ငံရေးပွတ်တိုက်မှုတွေ၊ သဘောထားအမြင် မတူ၊ အယူအဆကွဲပြားမှုတွေ နိုင်ငံတိုင်းမှာ ရှိနေကြသော်လည်း (အာဆီယံတွင် ပြည်တွင်းစစ် ဖြစ်နေသော နိုင်ငံတခုမှအပ) ကျန်နိုင်ငံများအားလုံး ရင့်ကျက်သော နိုင်ငံရေးယဉ်ကျေးမှုဓလေ့အရ ပုံမှန်အတိုင်း နိုင်ငံရေး ကူးပြောင်းသွားကြသည် မြင်တွေ့နေရသည်။

CWM

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024