ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် နဲ့ ထိုင်းမြောက်ပိုင်း တာ့ခ်ခရိုင်တို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၃၂ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဆုန်ခလာခရိုင် ရတ်တဖုမ်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက်က ဟိုတယ်တခုတွင်း တည်းခိုဖို့ ဝင်ရောက်လာစဉ် အဖမ်းခံကြရတာလို့ bangkokbiznews ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရ ထားတဲ့အတွက် စစ်တပ်နဲ့ ရဲတို့ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရတ်တဖုမ်းမြို့နယ် ကမ်ဖိုင်ဖစ် ရပ်ကွက်ရှိ လမ်းမကြီးပေါ်မှာ စောင့်ကြပ်စစ်ဆေးနေခဲ့တယ်။
အဲဒီနောက် သတင်းရထားတဲ့ မီးခိုးရောင်ချက်ဗလက်ကား နဲ့ မီးခိုးရောင်တိုယိုတာ ဟိုင်းလပ်စ်ကား ၂ စီးတို့ မောင်းဝင်လာကြတယ်။ အဆိုပါကား ၂ စီးဟာ အပန်းဖြေဟိုတယ်တခုထဲ ဝင်ရောက်သွားကြပြီး ကားပေါ်ကလူတွေ ဆင်းလာကြတယ်။ သူတို့တွေ ဟိုတယ်ထဲ ဝင်သွားပြီး တည်းခိုဖို့ စီစဉ်နေစဉ် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ မှတ်ပုံတင် အထောက် အထားမဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ကို တင်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်း အမျိုးသား ၂ ဦး၊ လမ်းပြနဲ့ ဆက်သွယ်ချိတ်ဆက်ပေးသူ ထိုင်းအမျိုးသမီး ၁ ဦးတို့ကိုပါ ဖမ်းဆီးလိုက်ပါတယ်။
သူတို့ဟာ မလေးရှားနယ်စပ်ကို ဆက်သွားဖို့အတွက် နောက်ထပ်လာကြိုမယ့်ကားကို အဆိုပါ ဟိုတယ်ကနေ စောင့်ဆိုင်းဖို့ရောက်လာစဉ် ခုလိုဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက် ညကလည်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပအုပ်စု ဘန့်ဝမ်းကယောက်ရွာအနီး တောထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၁၄ ဦး ဖမ်းဆီးခံရတယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။
သူတို့ဟာ တောလမ်းကနေ ခြေကျင်လျှောက်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာစဉ် လုံခြုံရး ကင်းလှည့်နေတဲ့ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့တွေနဲ့ ပက်ပင်းတိုးမိပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ဆန်ခလပူရီမှာလည်း ဇန်နဝါရီ ၁၂ ရက်က တရားမဝင် မြန်မာ ၆ ဦး နဲ့ မြန်မာလမ်းပြ ပွဲစား ၂ ဦး ပေါင်း ၈ ဦးတို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ စစ်အာဏာသိမ်းမှုတွေကြောင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဘက်က တရားမဝင် ဝင်ရောက်လာသူတွေဟာ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။
ကိုးကား - bangkokbiznews / AEC Thai News