မြဝတီ-မဲဆောက် နယ်စပ်ကနေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းလုပ်သား ၂၅ ယောက်ကို ဇန်နဝါရီ ၇ ရက် ည ၉ နာရီခွဲလောက်မှာ ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။
အဆိုပါ ရွေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ နယ်ခြား သောင်ရင်းမြစ်ကို စက်လှေနဲ့ဖြတ်ကူးပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်လာကြတာဖြစ်ပြီး ထိုင်းစစ်တပ် တပ်ခွဲ ၄၃၃ တပ်ဖွဲ့က လုံခြုံရေးလှည့်ကင်းထွက်စဉ် တွေ့ရှိ စစ်ဆေးမေးမြန်းရာမှာ အထောက်ထားမရှိလို့ ဖမ်းဆီးခဲ့တာလို့ ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူကပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သားတွေထဲမှာ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၉ ယောက် ပါဝင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အလုပ်သွားရှာလုပ်ကြဖို့ မြန်မာနိုင်ငံကနေ ထွက်လာကြတာလို့ ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေက ထွက်ဆိုထားပါတယ်။
လက်ရှိ အိမ်နီးချင်းမြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေ၊ စားဝတ်နေရေးနဲ့ အလုပ်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံမှာလည်း ဝန်ထုပ်ဝန်ပိုး အလုပ်တခုထပ်ပိုလာတယ်လို့ ထိုင်းစစ်တပ် တာဝန်ရှိသူတယောက်က မှတ်ချက်ပေးထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် မြန်မာအလုပ်သမားတွေ မကြာခဏ ဖမ်းဆီးရမိတာရှိပြီး အခုဖမ်းဆီးခံရသူတွေကို ထိုင်းစစ်တပ်က မဲဆောက်မြို့မရဲစခန်းကို လွဲပြောင်းပေးအပ်ကာ ထိုင်းဥပဒေအတိုင်းအရေးယူသွားမယ်လို့ သိရပါတယ်။