Home
မြန်မာသတင်း
ထိုင်းကတိုးပေးသည့်လုပ်ခလစာ ရွှေ့ပြောင်းလုပ်သားများအတွက် ဖူလုံမှုမရှိ
DVB
·
January 7, 2025

ထိုင်းနိုင်ငံမှာ ၂၀၂၅ ဇန်နဝါရီ ၁ ရက်က စတင်ကာရွှေ့ပြောင်းလုပ်သားတွေအတွက် အခြေခံ လုပ်ခလစာ တိုးပေးခဲ့ပေမဲ့ အလုပ်သမားတွေအတွက် ဖူလုံမှုမရှိဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစတင်ကာ ရွှေ့ပြောင်းလုပ်သားတွေအတွက် ခရိုင်အလိုက် အခြေခံလုပ်ခလစာတွေ တိုးမြှင့်ပေးကြောင်း ၂၀၂၄ ဒီဇင်ဘာလအတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် တိုးမြင့်ပေးတဲ့ လုပ်ခလစာက တပြေးညီတည်း မဟုတ်ဘဲ ခရိုင်အလိုက် ကွဲပြားခြားနားမှု ရှိကာ အနိမ့်ဆုံး ၃၃၇ ဘတ်ကနေ အမြင့်ဆုံး ဘတ် ၄၀၀ အထိ တိုးမြှင့်ပေးတာ ဖြစ်ပါတယ်။

တရက်လုပ်အားခ ဘတ် ၄၀၀ အထိ တိုးပေးတဲ့ ခရိုင်တွေကတော့ ဖူးခတ်၊ ချာချင်ဆောင်၊ ချွန်ဘူရီ၊ လယောင်၊ ဆူရတ်ဌာနီနဲ့ ကော့စမွေကျွန်းတို့ ဖြစ်ပါတယ်။ တရက်လုပ်အားခ ဘတ် ၃၈၀ အထိ တိုးပေးတာကတော့ ချင်းမိုင်ခရိုင်၊ ဆုန်ခလာခရိုင်နဲ့ ဟတ်ယိုင် မြို့တို့ ဖြစ်ပါတယ်။

Labour Rights Foundation - စည်းရုံးရေးမှူးကိုဇော်က “အလုပ်သမားထုကြားမှာ တိုးလာတာက ဥပမာ- စမွတ်စခွန်ခရိုင်ဆိုရင် ပထမရတာက ၃၆၃ ဘတ်မှာ အခု တိုးပေးတာ ၃၇၂ ဘတ် ဆိုတော့ ၉ ဘတ် တိုးလာတာပေါ့။ ၉ ဘတ်တိုးလာတဲ့ အနေအထား ရှိတယ်။ လုပ်အားခ တိုးသွားသလို အချိန်ပိုကြေးလည်း တိုးလာတာပေါ့။ သို့သော်လည်း ကျနော်တို့ လုပ်အားခ တိုးလာတာနဲ့အမျှ ဘေးကနေ ဖြစ်ပေါ်ကလာတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုကအစ အလုပ်သမားတွေ ပိုပြီး ခံစားရတယ်။ အလုပ်ကို ဖိအားပေး စေခိုင်းတာတွေလည်း ပိုများလာတယ်။ တိုးမယ်ဆိုလည်း တပြိုင်တည်း အကုန်လုံး တိုးပေးလိုက်တာ အကောင်းဆုံးပဲ။ သို့သော်လည်း မဟုတ်ဘဲ တကျပ်တိုးလိုက်၊ နှစ်ကျပ်တိုးလိုက်က အလုပ်သမားတွေအတွက် ဖူလုံမှုမရှိဘူးလို့ မြင်တယ်”လို့ ပြောပါတယ်။

ခရိုင်အလိုက် တိုးပေးတဲ့ လုပ်အားခတွေ မတူညီသလို အလုပ်သမားတွေအတွက် တိုးပေးတဲ့ အခြေခံလုပ်အားခက ပျမ်းမျှ တွက်ကြည့်မယ်ဆိုရင် အနည်းဆုံး ၇ ဘတ်ကနေ အများဆုံး ၅၅ ဘတ် အထိသာ တိုးမြှင့်ခဲ့တာပါ။

မြန်မာအလုပ်သမားအများဆုံး နေထိုင်လုပ်ကိုင်ကြတဲ့ ဘန်ကောက် အပါအဝင် နခွန်ပထုံ၊ နွန်ထဘူရီ၊ ပထုံဌာနီ၊ စမွတ်ပရာကန်နဲ့ စမွတ်စခွန် ခရိုင်တို့မှာတော့ တရက် လုပ်အားခ ၃၇၂ ထိ တိုးမြင့်ပေးထားတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံမှာ များပြားတဲ့ ကုန်ကျစရိတ်တွေနဲ့ မြင့်တက်တဲ့ ကုန်ဈေးနှုန်းတွေကြောင့် အလုပ်သမားတွေအနေနဲ့ အကျပ်အတည်းဖြစ်ရပြီး မြန်မာစစ်ကောင်စီဘက်က အလုပ်သမားတွေဆီကနေ အခွန် ၂ ရာခိုင်နှုန်း ကောက်ဖို့ ကြိုးစားနေတာ အခက်အခဲဖြစ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားတယောက်က “ကျနော်တို့ ဒီမှာ ရောက်နေတဲ့ အလုပ်သမားတွေအတွက်တော့ ဘေးကျပ်နံကျပ် ဖြစ်တာပေါ့။ ထိုင်းဘက်ကလည်း လစာတိုးတာ မဖြစ်စလောက်ပေါ့။ ပြီးတော့ စစ်ကောင်စီဘက်ကလည်း MoU စနစ်နဲ့ သူတို့ဆီမှာ အကျုံးဝင်တဲ့သူတွေကို အခွန်ကောက်မယ်ဆိုတဲ့ သတင်းမျိုးစုံပေါ့။ ဒါတွေအားလုံးကြားထဲမှာလည်း မနည်းရုန်းကန်နေရတဲ့ အခြေအနေပေါ့။ လုပ်သာလုပ်နေရတာ အဆင်ပြေလှတယ်တော့ မဟုတ်ဘူး။ ရုန်းကန်နေရတာပေါ့”လို့ ပြောပါတယ်။

ထိုင်းအခြေစိုက် မြန်မာအလုပ်သမားအရေး ကူညီပေးတဲ့ အဖွဲ့အစည်းတွေနဲ့ ထိုင်းလူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ တောင်းဆိုကြတာကတော့ အလုပ်သမားတွေအတွက် ဖူလုံတဲ့ လုပ်ခလစာ အနည်းဆုံး ၅၅၀ ဘတ်ကနေ အများဆုံး ဘတ် ၇၀၀ ကျော်အထိ ရသင့်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုရယ်၊ အလုပ်သမားတွေရဲ့ နှစ်စဉ် တိုးနေရတဲ့ စာရွက်စာတမ်း သက်တမ်းတိုးစရိတ်တွေရယ်၊ အလုပ်သမားတွေကို မှီခိုနေရတဲ့ သူတို့ မိသားစုတွေ၊ ကလေးငယ်တွေရယ်၊ အလုပ်သမားတွေရဲ့ နေ့စဉ် အထွေထွေ အသုံးစရိတ်ရယ်၊ အဲဒါအားလုံးပေါင်းပြီး ချင့်တွက်မယ်ဆိုရင် အနိမ့်ဆုံး ၅၅၀ ဘတ်ကနေ အမြင့်ဆုံး ၇၅၀ ဘတ်ဆိုတဲ့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုထားတာ အင်မတန် ဖြစ်သင့်တယ်”လို့ ပြောပါတယ်။

ထိုင်းအစိုးရ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ထိုင်နိုင်ငံတဝန်း တရားဝင်မှတ်ပုံတင်ထားပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေ ၂ ဒသမ ၃ သန်း နီးပါး ရှိပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံ၊ ခရိုင် ၇၇ ခုက နေရာအနှံ့မှာ လုပ်ကိုင်နေကြတဲ့ မြန်မာအရေအတွက် ၆ ဒသမ ၈ သန်းကျော် ရှိတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013