Home
နိုင်ငံတကာ
အလုပ်သမားကတ်လုပ်ရာ၌ ဆေးထောက်ခံစာအတုလုပ်ပါက အရေးယူမည်ဟု ထိုင်းဝန်ကြီးပြော 
DVB
·
December 26, 2024

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ရာမှာ လိုအပ်တဲ့ ဆေးစစ်ဆေးမှုတွေအတွက် ကျန်းမာရေးထောက်ခံစာအတုပြုလုပ်မှုတွေ ရှိနေတဲ့အကြောင်း Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွန်မ်ဆက်သက်ပ်ဆုထင်က အဲဒီလို ရွှေ့ပြောင်းအ အလုပ်သမားတွေကို ကျန်းမာရေးစစ်ဆေးမှု အမှန်တကယ် မလုပ်ဆောင်ဘဲ ဆေးလက်မှတ်တွေ ပြုလုပ်ရောင်းချနေတဲ့ မည်သည့်ဆေးဘက်ဆိုင်ရာဆိုင်ကိုမဆို တိုင်ကြားကြဖို့ ပြည်သူတွေကို တိုက်တွန်းလိုက်တာပါ။

လတ်တလောအချိန်မှာတော့ ရွှေ့ပြောင်းအလုပ်သမား အများအပြားဟာ သူတို့ရဲ့ အလုပ်ကိုင်ခွင့် မှတ်ပုံတင်လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကျန်းမာရေးစစ်ဆေးချက် ဆေးလက်မှတ် လိုအပ်ချက်နဲ့ ပတ်သက်ပြီးတော့ ဆေးအရောင်းဆိုင် အများအပြားမှာ စာရွက်စာတမ်းတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

“ဒီလိုမလျော်မကန် လုပ်တာမျိုးတွေတွေ့ရင် ကျနော်တို့ကို ပြောပါ။ သူတို့ကို ဖမ်းဆီးအရေးယူမှာပါ”လို့ ဝန်ကြီးက ပြောပါတယ်။

အဲဒီလို လုပ်ဆောင်တာတွေက နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို  ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ ရောဂါတွေ ဖြစ်ပွားစေနိုင်သလို ကျန်းမာရေး အာဏာပိုင်တွေက ရွှေ့ပြောင်း အလုပ်သမားတွေဆီ ဆေးလက်မှတ်ထုတ်ပေးတဲ့ ဆေးဆိုင်တွေအားလုံးကို စောင့်ကြည့်ဖို့ မဖြစ်နိုင်တာကြောင့် အခုလို အကျင့်ပျက်ခြစားသူတွေကို အသိပေးတိုင်ကြားတာက ပိုကောင်းတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ ထိုင်းနိုင်ငံသား ၂ ယောက်ဟာ ကာလဝမ်းရောဂါ ကူးစက်ခံရပြီးနောက် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ကျန်းမာရေးစစ်ဆေးမှု အရည်အသွေးကို ဝန်ကြီးဌာနက အာရုံစိုက် လုပ်ဆောင်နေကြောင်းလည်း သူက ပြောပါတယ်။

ရောဂါကူးစက်ရတဲ့ အကြောင်းရင်းကို နောက်ကြောင်းခံစုံစမ်းစစ်ဆေးချိန်မှာတော့ အဆိုပါ ထိုင်းနိုင်ငံသားတွေဟာ ရောဂါပိုးရှိနေသူ မြန်မာလုပ်သားတွေနဲ့ အတူစားသောက်ခဲ့ရာက ကူးစက်ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ဒီလိုရောဂါကူးစက်ပျံ့ပွားမှုတွေကို ကာကွယ်ဖို့ ကာလဝမ်းရောဂါ ကာကွယ်ဆေး ၁၄၀၀ ထက်မနည်း ရောဂါကူးစက်နိုင်ခြေမြင့်တဲ့ ဆေးရုံတွေဆီ ပေးပို့ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013