ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးအဆင့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို နိုင်ငံတကာရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန့်ကျင် ကန့်ကွက်လိုက်ပါတယ်။
ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက်တွေမှာ ထိုင်းနိုင်ငံက ဦးဆောင်စီစဉ်တဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ၂ ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတာပါ။
ဒီဆွေးနွေးပွဲကို စစ်ကောင်စီခန့် ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်နေပြီး အာဆီယံနိုင်ငံတချို့က နိုင်ငံခြားရေးဝန်ကြီးတွေအပြင် ဒေသတွင်း တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က နိုင်ငံခြားရေး အဆင့်မြင့်ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက် မှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့မှ နိုင်ငံခြားရေး အဆင့်မြင်တာဝန်ရှိသူတွေ အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲကျင်းပခဲ့တာမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လာမယ့်နှစ် ရွေးကောက်ပွဲ ကျင်းပမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ပြောသွားပါတယ်။
အာဆီယံနဲ့ ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေက ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားတွေကိုတော့ အသိအမှတ်ပြု ဖိတ်ကြားတာမျိုးမရှိဘဲ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကိုသာ ဖိတ်ကြားခဲ့တာကြောင့် မြန်မာ့အရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကမ္ဘာလုံးဆိုင်ရာဆန့်ကျင်ရေးကွန်ရက် GAACMM က ဦးဆောင်ပြီး ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ ဆွေးနွေးပွဲနဲ့အပြိုင် ဒီဇင်ဘာ ၁၉ ရက်မှာ အွန်လိုင်းကနေ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
CEC-INMSR မှ ဒေါ်ခင်သီရိနန္ဒာစိုးက “Multilateral အထိမသွားနိုင်ဘဲနဲ့ လုံခြုံရေးကိစ္စရပ်တွေ၊ ရာဇဝတ်မှုတွေကို ပြေလျော့သွားအောင်လုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘယ်အမျိုးသမီးထုကိုမှ ကာကွယ်နိုင်မှာမဟုတ်သလို ဘယ်ကလေးသူငယ်ကိုမှ သူတို့တွေ အကာအကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ် ဒါတွေက ပြည်သူ့ပေါ်လစီ၊ ပြည်သူ့ကြွေးကြော်သံတွေဖြစ်တယ်။ အဲဒါတွေကို သူတို့ အသိအမှတ်မပြုသရွေ့ နားမထောင်သရွေ့ သူတို့လိုချင်တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဆိုတာလည်း လေပဲရှိတယ်။ နောက်တခါ ထိုင်းဝန်ကြီးချုပ် ပြောသွားတဲ့ ဒိုင်ယာလော့ခ်တွေကို မရ ရအောင် သူတို့လုပ်ငန်း အကောင်အထည်ဖော်မယ်လို့ ပြောတယ်ပေါ့။ ပြောရင် ပထမအဆင့်အနေနဲ့ ကျမ ဘာကို မေတ္တာရပ်ခံချင်လဲဆိုရင် သူတို့အနေနဲ့ သိအောင် အရင်လုပ်ပါ။ ပြည်သူတွေ ဘာတောင်းဆိုနေလဲ ကမ္ဘာတခုလုံး ပါဝင်တဲ့ အသံတွေ၊ ခေါင်းဆောင်တွေဟာ ဒီဟာတွေကို နားထောင်ပေးပါလို့ ကျမ ဒီနေရာကနေပြီးတော့ အထူးမေတ္တာရပ်ခံတယ်။ ဒုစရိုက်သမားကို ဒုစရိုက်သမားလို ဆက်ဆံပါ။ ဒါမှသာလျှင် ကျမတို့အမျိုးသမီးထု၊ ကလေးထုရဲ့ အသက်အိုးအိမ်ဟာ တကယ်လုံခြုံမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ အခြေခံလူ့အခွင့်အရေး အကာအကွယ်တွေ ရရှိရေး၊ တရားဥပဒေပြန်လည်စိုးမိုးရေးနဲ့ နိုင်ငံရေးကနေ စစ်တပ်ကိုဖယ်ရှားဖို့ စနစ်တကျ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အာဆီယံ အပါအဝင် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေက ပြည်သူတွေဘက်ကနေ ရပ်တည်ပေးစေချင်တဲ့အတွက် အွန်လိုင်းကနေ ဆန္ဒထုတ်ဖော်တာ ဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS မှ ဦးထွန်းကြည်က “ICC ကိစ္စကြီးရှိနေရဲ့သားနဲ့ အခုအချိန်ထိဗျာ တရုတ်ရော၊ အိန္ဒိယရော၊ ထိုင်းရော နိုင်ငံရေးအရ လူရာဝင်အောင် လုပ်ပေးနေတာတွေ၊ အသိအမှတ်ပြုပေးနေတာတွေ၊ တရားဝင်မှုအတွက်ကို သူတို့ဘက်က အားကြိုးမာန်တက် ဆောင်ရွက်ပေးနေခြင်းသည် သတ္တုချကြည့်ရင်တော့ အကျိုးစီးပွားအတွက်ပဲ ဖြစ်တယ်။ ဒါက ရာဇဝတ်မှုတွေ ပူးပေါင်းပြီးတော့ အားပေးပြီးတော့ ထောက်ခံပြီးတော့ ကျူးလွန်နေတယ်လို့ ရှုမြင်သုံးသပ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု ဆက်ဆံဖို့၊ မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ရှုမြင်ဖို့၊ မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်ရေး ပြန်တည်ဆောက်နိုင်အောင် စစ်တပ်ကို ဖိအားပေးဖို့၊ လူသားစာနာအကူအညီတွေ လိုအပ်နေတဲ့ မြန်မာပြည်သူတွေကို ဦးစားပေးကူညီဖို့ စတဲ့တောင်းဆိုချက်တွေ ပါဝင်တဲ့ အိတ်ဖွင့်ပေးစာတစောင်ကိုလည်း အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံတကာခေါင်းဆောင်တွေဆီ လိပ်မူပြီး နိုင်ငံတကာရောက် မြန်မာတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်း ၉၅ ခုက ဒီဇင်ဘာ ၁၉ ရက်မှာ ပေးပို့ထားပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းက “အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က လုပ်မယ်လို့ မင်းအောင်လှိုင်က သဘောတူထားတာ။ မလုပ်ဘူးပေါ့ဗျာ။ မလုပ်တော့ အာဆီယံကို လှောင်သလိုတောင်ဖြစ်နေတယ်။ တိုင်းပြည် အခြေအနေက ဗုံးတွေကြဲတာ၊ သေဆုံးသူ ၇,၀၀၀ ကျော်သွားပြီ မှတ်တမ်းတွေအရ။ ပြည်သူလူထုရဲ့ နေအိမ်တွေကို မီးရှို့တာက သိန်းကျော်သွားပြီ။ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းထားတာက ၂၀,၀၀၀ လောက် ထောင်ထဲမှာရှိသေးတယ်။ သေသွားတာက ၅,၀၀၀၊ ၆,၀၀၀ လောက် သေသွားပြီ။ ဒီစစ်ကို သူတို့တိုက်တဲ့အခါမှာ သူတို့ရှုံးတယ်ဗျာ။ ရှုံးတဲ့စစ်ကို ပြန်တိုက်တာလည်း ကြည့်ဦး၊ ပြည်သူလူထုရဲ့ သားသမီးတွေကို ပြန်ပေးဆွဲပြီး ပြန်တိုက်တာဆိုတော့ အရမ်းနာတယ်ဗျ တိုင်းပြည်က။ တရုတ်က အဓိကတာဝန်ရှိတယ်ဗျ၊ ကျနော်တို့ တရုတ်ကို အဓိကဆန့်ကျင်နေရတဲ့ အကြောင်းရင်းက။ အမေရိကန်ကလည်း အဲဒီအတိုင်းပဲ။ ဒေါ်နယ်ထရမ့်ပ်က အခု ဒီမှာတက်တယ်ဆိုတော့ မြန်မာပြည်ကို ဘယ်လိုနားလည်မလဲ မသိဘူး။ အဲဒီတော့ ကျနော်တို့ကို နားမလည်တဲ့နိုင်ငံမှန်သမျှ ကျနော်တို့က သပိတ်မှောက်မှာပဲ။ အာဆီယံမဟုတ်ဘူး၊ အမေရိကန်နားမလည်ရင် အမေရိကန်ကို မှောက်မှာပဲ။ တောင်းဆိုရမှာပဲ။ ကျနော်တို့က တရုတ်ကို အမေရိကန်နဲ့ပေါင်းပြီး ဆန့်ကျင်မှာလည်းမဟုတ်ဘူး။ ကျနော်တို့ဆန့်ကျင်နေတာက တိုင်းပြည်က ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကိုကြည့်ပြီး ကျနော်တို့ ဆန့်ကျင်တာဖြစ်တယ်” လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်က အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီမှာ စတင်ခဲ့ပြီး နိုင်ငံတကာရောက် မြန်မာတွေက ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
စစ်ခေါင်းဆောင်ကိုလည်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထားပြီး စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
သုတချမ်းသာ