Home
မြန်မာသတင်း
ထိုင်းမှ ပြန်ပို့ခံရသည့် မြန်မာအမျိုးသားများကို စစ်မှုထမ်းခိုင်းရန် စစ်တပ်က ဖမ်းဆီး
DVB
·
December 19, 2024
Photo-ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး
Photo-ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး
Photo-ရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ လှေဆိပ်မှာ ဒီဇင်ဘာ ၁၈ ရက် မနက် ၁၁ နာရီလောက်က  နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၂၁၉ ယောက်ထဲက အမျိုးသားတွေအကုန်လုံးကို စစ်မှုထမ်းဖို့ ဖမ်းခေါ်သွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

ရနောင်းမြို့ အချုပ်ထောင်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျနေတဲ့ မြန်မာနိုင်ငံသား ၂၁၉ ယောက်ကို ရနောင်းမြို့ ပန်နားရပ်ကွက်ရှိ လှေဆိပ်ကတဆင့် ကော့သောင်းမြို့ လှေဆိပ်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နေရပ်ပို့ဆောင်ခံရသူ ၂၁၉ ယောက်ထဲက အမျိုးသမီးတွေကိုတော့ လွှတ်ပေးလိုက်ပြီး အမျိုးသားတွေကိုပဲ ကော့သောင်းမြို့နယ်၊ ၆ မိုင်ရွာအ‌ခြေစိုက် ခလရ ၂၆၂ တပ်ရင်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ဒီတခေါက် အရွယ်ငယ်တွေချည်းပဲ။ နေရပ်ပို့ခံရတဲ့ မိန်းကလေးတွေအားလုံး လွတ်လာတယ်၊ ယောကျ်ားတွေအကုန် စစ်တပ်ထဲပါသွားပြီ။ အခုက အရင်နဲ့မတူဘူး။ လုံးဝထုတ်မရဘူး၊ ဟိုရောက်မှ အသက်၊ နေရပ် စစ်ဆေးပြီး အသက်ကြီးတာ၊ ငယ်တာနဲ့ ရောဂါသည်၊ ဘာညာ ပြန်ရွေးထုတ်ကြမှာ။ အဲ့နေ့ကျမှ စစ်မှုထမ်း ဘယ်နှစ်ယောက်ပါလဲ သိရမယ်။”

ဖမ်း‌ဆီးခေါ်ဆောင်ခံရတဲ့ အမျိုးသားတွေထဲမှာ ငယ်ရွယ်တဲ့ ယောကျ်ားသားတွေ အများစု ပါသွားပြီးတော့ အခု နောက်ဆက်တွဲအခြေအနေကို DVB အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီက အခုနောက်ပိုင်း စစ်မှုထမ်း လူသစ်စုဆောင်းရာမှာတောင် ပိုက်ဆံနဲ့ရွေးပြီး ထုတ်ခွင့်မပေးတော့ဘူးလို့ ဆိုပြီး အရင်ထက်ပိုပြီး လူသစ်စုဆောင်းဖို့ ဖမ်းဆီးတဲ့လုပ်ရပ်တွေ ပိုလုပ်လာတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ဒါ့အပြင် မြို့ပေါ် ရပ်ကွက်တွေမှာတောင် စစ်မှုထမ်းဖို့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ ခပ်စိတ်စိတ် လုပ်ဆောင်လာပြီး တပ်သားသစ်လေ့ကျင့်ရေးစခန်းတွေကို ချက်ချင်းပို့ဆောင်တာလို့ မြို့ခံပြည်သူတယောက်က ပြောပါတယ်။

ကော့သောင်းလှေဆိပ်ကနေ စစ်ကောင်စီရဲ့ လူသစ်စုဆောင်းခံရတဲ့ သူတွေကို ရေလမ်းကနေတဆင့် မြိတ်ဘက်ကို စက်လှေနဲ့ ပို့ဆောင်ပြီးမှ တပ်သားသစ်လေ့ကျင့်ရေးစခန်းကို ပို့ဆောင်တာလို့ ကော့သောင်းမြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013