Home
မြန်မာသတင်း
တာ့ခ်ခရိုင်နှင့် ပထုန်ဌာနီတွင် တရားမဝင်မြန်မာများ ဖမ်းဆီးခံရ
DVB
·
January 6, 2025

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သားတွေ တာ့ခ်ခရိုင်နဲ့ ပထုန်ဌာနီခရိုင် ထဲမှာ ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇန်နဝါရီ ၄ ရက် ည ၁၁ နာရီလောက်က မဲဆောက်နဲ့ တာ့ခ်မြို့နယ်ကြား မဲ့လမော့ အုပ်စု ဘန့်ဟွေ့ယအုစစ်ဆေးရေးဂိတ်မှာ တာဝန်ရှိသူတွေက ယာဉ်အသွားအလာတွေ စောင့်ကြပ် စစ်ဆေးရာမှာ တောင်ယာထွက်သီးနှံတွေ တင်ဆောင်လာတဲ့ ဟီးနိုး ကုန်တင်ကားကြီး တစီးပေါ်ကနေ တရားမဝင် မြန်မာနိုင်ငံသား ၂၄ ယောက်ကို ဖမ်းဆီးရမိတာလို့  3 Plus News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ သီးနှံကုန်တင်ကားကို အသက် ၂၃ နှစ်ရွယ် နိုင်းဖစ်ချ်ဆိုသူကမောင်းနှင်လာပြီး ၂၁ နှစ်ရွယ် နန်းဆောင်ဖွန်းဆိုသူ အမျိုးသမီးက ဘေးကထိုင်လိုက်လာတယ်။

ကားပေါ်တင်လာတဲ့ သီးနှံတွေကို မသင်္ကာလို့ တာဝန်ရှိသူတွေက စစ်ဆေးရာမှာ ဂုံနီအိတ်တွေလွှားထားတဲ့အောက်ကနေ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၇ ယောက်၊ အမျိုးသမီး ၇ ယောက် ပေါင်း ၂၄ ယောက်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ 

သူတို့ကို မဲဆောက်ကနေ ကမ်ဖိုင်ဖစ်ခရိုင်ထိ ပို့ပေးဖို့  ပွဲစားဆီက တယောက်ကို ဘတ် ၃၀၀၀ နှုန်းနဲ့ ခေါ် ဆောင်ခဲ့ကြောင်း၊ အခုလိုတရားမဝင်သူတွေကို အခကြေးငွေနဲ့တင်ဆောင်လာတာ ဒီတခေါက်နဲ့ဆို ၂ ကြိမ်ရှိသွားပြီလို့  ယာဉ်မောင်းက ဝန်ခံသွားပါတယ်။ 

ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေ မကြာခဏဖမ်းဆီးရမိတာမှာ မနှစ် ၂၀၂၄ ခုက တရားမဝင် ဝင်ရောက်သူပေါင်း ၅၀၀၀ နီးပါးဖမ်းဆီးရမိခဲ့ပြီး  လမ်းပြခေါ်ဆောင်လာတဲ့ အမှုပေါင်း ၃၈၃ မှုရှိခဲ့တယ်လို့ တာဝန်ရှိသူတွေရဲ့အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။ 

ဇန်နဝါရီ ၄ ရက် တနေ့တည်းမှာပဲ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင်ဘက်ကနေ ဝင်ရောက်လာတဲ့  တရားမဝင်မြန်မာ ၉ ယောက်ကို ပထုန်ဌာနီခရိုင်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။

ပထုန်ဌာနီခရိုင် ခလောင်းလုံမြို့နယ် ဖဟွန်ယိုးထင်းအဝေးပြေးလမ်းပေါ်က တာဝန်ရှိသူတွေဟာ အဲဒီနေ့ ညနေ ၃ နာရီကျော်က ယာဉ်အသွားအလာစောင့်ကြပ်စစ်ဆးစဉ် လူပြည့်နှက်အောင် တင်ဆောင်လာတဲ့ တက္ကစီကား တစီးကို မသင်္ကာလို့ တားဆီးစစ်ဆေးခဲ့တယ်။ 

တက္ကစီကားရှေ့ခန်းမှာ ဗဟိုရဲတပ်ဖွဲ့ CIB အမှတ်တံဆိပ်ပါ ကက်ပ်ဦးထုပ်ကိုလည်း တင်ထားတယ်။  တာဝန်ရှိသူတွေက ကားပေါ်က လူတွေတယောက်ချင်းစီ ခေါ်ထုတ်လာတာမှာ စုစုပေါင်း ၉ ယောက်ရှိပြီး အထောက်အထားမဲ့ မြန်မာတွေလို့ ဆိုပါတယ်။ 

တက္ကစီမောင်းသမားကတော့ အလုပ်ရှင်က အဲဒီလူတွေကို အယုဒ္ဓယခရိုင်ကနေသွားကြိုပြီး လမ်လုတ်ကာမြို့ကို ပို့ပေးဖို့ပြောတာကြောင့် တယောက်ကို ဘတ် ၄၀၀ နဲ့  ၉ ယောက်စာ ဘတ် ၃၆၀၀ နဲ့ တင်ဆောင်ခဲ့တာလို့ ဖွင့်ဟဝန်ခံပါတယ်။ 

ရဲဦးထုပ်ကိုတော့ ဈေးထဲကနေ ဘတ် ၂၅၀ နဲ့ ဝယ်ယူခဲ့တာလို့ ဆိုပါတယ်။ တာဝန်ရှိသူတွေဟာ ရဲဦး ထုပ်ကိုတွေ့ရင် စစ်ဆေးမှာမဟုတ်ဘူးဆိုတဲ့အထင်နဲ့  အယောင်ပြထားတာလို့  ရဲက ပြောပါတယ်။ 

တက္ကစီတစီးမှာ သာမန်အားဖြင့်ခရီးသည် ၅ ယောက်ထက်ပိုပြီးမတင်ရဘူး၊ အခုလိုလူပိုတင်ဆောင်လာတာလည်း ယာဉ်စည်းကမ်းဥပ‌ဒပါ ချိုးဖောက်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ တရားမဝင်မြန်မာတွေဟာ ဘန်ကောက်ကိုအလုပ်သွားလုပ်ဖို့ ချင်းရိုင်းခရိုင် မယ်ဆိုင်ဘက် ကနေ ဝင်ရောက်လာတယ်၊ ပွဲစားက သူတို့ကို ကားအဆင့်ဆင့်ပြောင်းစီးစေခဲ့တယ်။ ဘန်ကောက်ထိ တယောက်ကို ဘတ် ၁၂၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက် မနက်ကလည်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပအုပ်စု ဝမ်းကယောက်ကျေးရွာအနီးမှာ တရားမဝင် မြန်မာနိုင်ငံသား  အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၄ ယောက် စုစုပေါင်း ၁၀ ယောက်တို့ကို  နယ်ခြားစောင့်တပ်ဖွဲ့တွေက ဖမ်းဆီးရမိတယ်လို့ AEC အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သူတို့ဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ဖြစ်ပြီး တောလမ်းကနေ ခြေလျင်ဝင်ရောက်လာကာ ပွဲစားလာအခေါ်ကို စောင့်ဆိုင်းနေစဉ် တာဝန်ရှိသူတွေက တွေ့သွားပြီး ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ စားဝတ်နေရေး လုံခြုံရေးအခက်အခဲတွေကြောင့် နိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ဝင်ရောက်လုပ်ကိုင်နေထိုင်ကြပြီး အထောက်အထားမဲ့လို့ ဖမ်းဆီးခံရတာတွေလည်း နေ့စဉ်လို ဖြစ်နေပါတယ်။ 

Source:  3 PLUS News / Thai PBS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013