ထိုင်းနိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးရေးကိစ္စရှိတာကြောင့် တရုတ်ပြည်ကနေ ရောက်လာခဲ့တဲ့ ဆယ်လီသရုပ်ဆောင် Wang Xing ခေါ် ဇင်းဇင်း ဟာ ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံမှာ ရုပ်ရှင်လာရောက်ရိုက်ကူးပေးဖို့နဲ့ ဖျော်ဖြေတင်ဆက်ပေးဖို့ ထိုင်းအနုပညာကုမ္ပဏီတခုက LINE အပလီကေးရှင်းကနေ ကမ်း လှမ်းတာကို ခံခဲ့ရတယ်။
ဒါကြောင့် ၂၀၂၅ ခု ဇန်နဝါရီ ၃ ရက်မှာ ပေကျင်းမြို့ ဖူတုံလေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်သုဝဏ္ဏဘုမိလေဆိပ်ကို ရောက်လာခဲ့ပါတယ်။ ထိုင်းစံတော်ချိန် မနက် ၄ နာရီမှာ ထိုင်းဘာသာစကားသာ ပြောဆိုတဲ့ ယာဉ်မောင်းသမားတယောက်က တည်းခိုခန်းကိုသွားဖို့ လာကြိုခဲ့တယ်။
လမ်းခရီးတလျှောက်လုံးမှာ တရုတ်ပြည်မှာကျန်ခဲ့တဲ့ ချစ်သူမိန်းကလေးနဲ့ အဆက်အသွယ်ရှိ နေခဲ့တယ်။ ရောက်ရှိတဲ့နေရာတိုင်းကို ဗွီဒီယိုရိုက်ကူးပြတယ်။ မနက် ၁၁ နာရီ ၁၀ မိ နစ်မှာတော့ GPS က ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ရောက်နေတယ်လို့ ညွှန်ပြပါတယ်။ အဲဒီနောက်ပိုင်း လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်။
ဒါကြောင့် သူ့ချစ်သူမိန်းကလေးက အလွန်စိတ်ပူသွားပြီး ရှန်ဟိုင်းပြည်သူ့လုံခြုံရေးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက် တရုတ်နိုင်ငံသံရုံးနဲ့ ချင်းမိုင်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးတို့ကို လှမ်းပြီး အကူအညီတောင်းခဲ့တယ်။ အဲဒီနောက် သူမဟာလည်း သူငယ်ချင်းတွေနဲ့အတူ ဘန်ကောက်ကို ရောက်ရှိလာပြီး နီးစပ်ရာရဲစခန်းမှာ လူပျောက်တဲ့အကြောင်း တိုင်ကြားထားပါတယ်။
ဘန်ကောက်တရုတ်သံရုံးကလည်း တိုင်ကြားချက်လက်ခံရရှိပြီး ဇင်းဇင်းကို ပြန်တွေ့ဖို့ သက် ဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး အတတ်နိုင်ဆုံးဆောင်ရွက်နေတယ်လို့ ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်ထားပါတယ်။
ဇင်းဇင်း ပျောက်ဆုံးနေတဲ့အပေါ် တရုတ်အနုပညာသတင်းမှာရော နိုင်ငံတကာ တရုတ်သတင်း လောကမှာပါ အကျယ်တဝင့်ဖော်ပြနေကြပြီး သူ့ရဲ့ ပရိသတ်တွေကလည်း ဇင်းဇင်းကို ဘေးရန် ကင်းစွာပြန်တွေ့ဖို့ ဆုတောင်းနေကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း PBS သတင်းဌာနက တာ့ခ်ခရိုင်ဝန်ကို ဆက်သွယ်မေးမြန်းရာမှာ ခရိုင်ဝန်က ဇင်းဇင်းကို မြန်မာဘက်ခြမ်းမှာ ဘေးကင်းရန်ကင်းပြန်တွေ့ပြီ၊ မြန်မာဘက်ခြမ်း အာဏာပိုင်တွေက သူ့ကို ဒီဇန်နဝါရီ ၇ ရက်နေ့အတွင်း ထိုင်းဘက်ပြန်လွှဲပြောင်းပေးဖို့ စီစဉ်နေတယ်၊ ရောက်ရှိသွားတဲ့ အကြောင်းအရာအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မဲဆောက်တဘက်ကမ်း မြန်မာနိုင်ငံ မြဝတီမှာ တရုတ်ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရှိပြီး နိုင်ငံခြားသားတွေကို လိမ်လည်ခေါ်ယူခိုင်းစားခဲ့တဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့တော့ ဇင်းဇင်းကိုလည်း အဆိုပါဂိုဏ်းက လိမ်လည်ခေါ်ယူ ပြန်ပေးဆွဲမှာကို စိုးရိမ်နေကြတယ်လို့ သတင်းမှာဖော်ပြ ပါတယ်။