လွတ်လပ်ရေးနေ့မှာ အမေရိကန်ရောက် ကဗျာဆရာတွေ ပူးပေါင်းပြီး “တော်လှန်ကဗျာများ ရွတ်ဆိုပွဲ”ကို နယူးယောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်အသီးသီးကိုရောက်နေတဲ့ ကဗျာဆရာတွေ ပူးပေါင်းပြီး “တော်လှန်ကဗျာများရွတ်ဆိုပွဲ” ကို ဒေသစံတော်ချိန် ဇန်နဝါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့ မွန်းလွဲပိုင်းက နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တာပါ။
နယူးယောက်မြို့မှာ ပြုလုပ်တဲ့ “တော်လှန်ကဗျာများရွတ်ဆိုပွဲ” ဟာ ဒုတိယမြောက်ပွဲဖြစ်ပြီး ပထမပွဲကို မီချီဂန်ပြည်နယ်မှာ ပြုလုပ်ခဲ့တာပါ။
ကဗျာဆရာ ငြိမ်းသစ်က “လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာတဲ့ ပြည်တွင်းစစ်ကြီးက ယနေ့အချိန်အထိ ရှိတုန်းပဲ။ စစ်ကျွန်ဘဝရောက်နေတယ်၊ စစ်ဖိနပ်အောက်ရောက်နေတယ်။ ကျနော်တို့ အမှောင်ခေတ်ကြီးထဲ ကိုဖြတ်နေရဆဲပဲ။ ကျနော်တို့ စာပေသမား ကဗျာသမားတွေကလည်း စစ်အာရှင်ကို ခေတ်အဆက်ဆက် တော်လှန်ခဲ့တာဖြစ်ပါတယ်။ အခုလည်းပဲ ကျနော်တို့က ဆက်လက်တော်လှန်နေတုန်းပဲ” လို့ ပြောပါတယ်။
ကဗျာဆရာ အောင်ဝေးက “လွတ်လပ်ရေးနေ့မှာ ကျနော်တို့ မလွတ်လပ်သေးသော်လည်း မကြာခင်မှာ ကျနော်တို့ဟာ ဒုတိယလွတ်လပ်ရေးနေ့ကို ရမယ်ဆိုတဲ့ သံနနိဋ္ဌာန်နဲ့ ဒီပွဲကို ဒီနေ့လိုနေ့မျိုးမှာ စီစဉ်ကျင်းပရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
“တော်လှန်ကဗျာများရွတ်ဆိုပွဲ” ကို ကုလဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့ပြီး နယူးယောက်မြို့ခံပြည်သူတွေက ကဗျာရွတ်ဆိုပွဲကတဆင့် တော်လှန်ရေးရန်ပုံငွေတွေ ထည့်ဝင်ပေးခဲ့ကြပါတယ်။
ကဗျာဆရာ စောဝေက “ကျနော်တို့က ကျည်ကွယ်မျက်ကွယ်မှာ အနုပညာလေးနဲ့ပဲ တိုက်နေရတာ၊ သူတို့မှာ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အသက်တွေရင်းပြီး တိုက်နေရတဲ့ တကယ့်လူငယ်လေးတွေကို အနုပညာနဲ့ရတဲ့ ခွန်အားနဲ့ငွေကြေးကို ကျနော်တို့ ပို့ချင်တာပါ” လို့ ပြောပါတယ်။
ကဗျာဆရာ ဒေါက်တာ ကျော်မင်းထွန်းက “မြန်မာပြည်သူတွေအတွက်လည်း ခွန်အားတခုရမယ်။ ပြီးတော့ တချို့ကဗျာတွေမှာလည်း ကျနော် အတွေးအခေါ်လေးတွေ ထည့်ရေးတာပေါ့နော်။ အတွေးအခေါ်ဆိုတာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်လည်းဖြစ်မယ်၊ မဟာဗျူဟာအရ အတွေးအခေါ်လည်းဖြစ်မယ်၊ အဲ့ဒါလေးတွေ ကျနော် အနုပညာပုံစံနဲ့ ဝေမျှတဲ့သဘောပါ။ ကျနော်နှစ်သက်တဲ့ကဗျာပုံစံနဲ့ ဝေမျှဖြန့်ချိတာပါ ခံစားချက်တွေကို” လို့ ပြောပါတယ်။
မလွတ်လပ်သေးတာကို အမှတ်တရရှိစေဖို့ လွတ်လပ်ရေးနေ့ကို ရွေးချယ်ပြီး ကဗျာရွတ်ဆိုပွဲ ပြုလုပ်ခဲ့သလို ကွယ်လွန်သူ ဂန္ထဝင်အနုပညာရှင် (ဒေါ်)မာမာအေး ကွယ်လွန်တဲ့ တနှစ်ပြည့်အတွက်လည်း ကဗျာဆရာတွေနဲ့ အခမ်းအနားတက်ရောက်သူတွေက အမှတ်တရအစီအစဉ် ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။
သုတချမ်းသာ