Home
မြန်မာသတင်း
မြန်မာ ၁၆ ဦးကို ကျားဖြန့်မှု၊ လူသတ်မှုဖြင့် တရုတ်အရေးယူ
DVB
·
January 1, 2025
Photo-bangkokpost

မြန်မာနိုင်ငံသား ၁၆ ယောက်ကို တရုတ်အာဏာပိုင်တွေက တယ်လီကွန်း အွန်လိုင်း ကျားဖြန့်လိမ်လည်မှု၊ လူသတ်မှုတွေနဲ့ တရားစွဲဆို အရေးယူထားတဲ့အကြောင်း Bangkok Post သတင်းမှာ ဒီဇင်ဘာ ၃၁ ရက်က ဖော်ပြပါတယ်။

ဒါဟာ  နယ်စပ်ဖြတ်ကျော်ဆိုက်ဘာရာဇ၀တ်မှုနှိမ်နင်းမှုရဲ့ တစိတ်တပိုင်းအဖြစ် တရားစွဲ ဆိုလိုက်တာဖြစ်ပြီးတော့ သူတို့တွေဟာ ထောင်သောင်းချီတဲ့ လူတွေကို ရွှေတြိဂံဒေသတွင်းက တယ်လီကွန်းငွေလိမ်ဂိုဏ်းတွေဆီ အတင်းအကျပ် ဖျားယောင်းသွေးဆောင်ခဲ့ကြတယ်လို့ စွပ်စွဲခံထားရတာပါ။

မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက နယ်စပ်ဖြတ်ကျော် တယ်လီကွန်း ကျားဖြန့်လိမ်လည်မှု သံသယရှိသူအယောက် ၃၁,၀၀၀ ကို တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပြီး ဒါဟာ တရုတ်နဲ့ မြန်မာရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီကတော့ အဆိုပါ ရာဇ၀တ်ဂိုဏ်းတွေဟာ လိမ်လည်မှုတွေကတဆင့် တရက်ကို အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ ရရှိတယ်လို့ ယုံကြည်ရတဲ့အကြောင်း ဖော်ပြထားတာပါ။

ဒါ့အပြင် တယ်လီကွန်း ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ထိုင်းနဲ့ နယ်စပ် မြဝတီမြို့တမြို့တည်းမှာတင် လူ ၁ သိန်းကျော်အထိ လိမ်လည်ခံခဲ့ရတယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ပြီးခဲ့တဲ့နှစ်က ဖော်ပြခဲ့ပါတယ်။

လတ်တလောမှာတော့ ဇီကျန်းအရှေ့ပိုင်းခရိုင်မှာ စွဲချက်တင်ထားသူ ၃၉ ယောက်ထဲမှာ ၁၆ ယောက်က မြန်မာနိုင်ငံသားတွေဖြစ်ကာ သူတို့ကို လူသတ်မှု၊ လိမ်လည်မှု၊ ဥပဒေမဲ့ ထိန်းသိမ်းမှု၊ လောင်းကစားမှု၊ ပြည့်တန်ဆာမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတို့ အပါအဝင် ပြစ်မှုများစွာနဲ့ စွပ်စွဲခံထားရတာပါ။

သံသယရှိသူတွေဟာ တရုတ်နိုင်ငံသားတွေ၊ ဒါမှမဟုတ် မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေ ဖြစ်ပြီး သူတို့ဟာ တရုတ်စကားပြော သားကောင်တွေကို ပစ်မှတ်ထား တယ်လို့ စွပ်စွဲခံထားရ ပါတယ်။

တရုတ်တရားရေးအာဏာပိုင်တွေအနေနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ပစ်မှတ်ထား ကိုင်တွယ်တာက အခုအမှုက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အမှုတွေထဲမှာ ရွှေတြိဂံဒေသက မူးယစ်ရာဇာ စိုင်းနော်ခမ်းနဲ့ အပေါင်းအပါ ၃ ယောက်ကို ထိုင်းနဲ့ လာအိုကြား မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်မှုနဲ့ ၂၀၁၃ ခုနှစ်မှာ ဆေးထိုးကွပ်မျက်ခဲ့ပါတယ်။

Source: Bangkok Post 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013