ထိုင်း-မြန်မာနယ်စပ်မှာ ပျောက်ဆုံးသွားခဲ့တဲ့ တရုတ်ဆယ်လီသရုပ်ဆောင် ဝန်ဇင်း ခေါ် ဇင်းဇင်းကို မြန်မာနိုင်ငံဘက်မှာတွေ့ရှိပြီး ထိုင်းအာဏာပိုင်တွေထံ ဇန်နဝါရီ ၇ ရက် က ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။
ဝန်ဇင်းဟာ ဇန်နဝါရီ ၃ ရက်က နယ်စပ်သဘာဝဂိတ်တခုကနေ သောင်ရင်းမြစ်ကိုဖြတ်ကာ မြန်မာဘက်ကို ကူးသွားပြီး မြဝတီမြို့မှာ တရားဝင်နေထိုင်တဲ့ စာရွက်စာတမ်းမရှိတဲ့အတွက် ကရင်လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဇန်နဝါရီ ၇ ရက် ဒီနေ့ ညနေပိုင်းမှာတော့ ကရင်လက်နက်ကိုင်တပ်ဖွဲ့က မဲဆောက်မြို့ရှိ ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
ဝန်ဇင်းဟာ ၂၀၂၄ နှစ် ဒီဇင်ဘာလကုန်ပိုင်းက ထိုင်းနိုင်ငံမှာ ရုပ်ရှင်လာရောက်ရိုက်ကူးပေးဖို့နဲ့ ဖျော်ဖြေ တင်ဆက်ပေးဖို့ ထိုင်းအနုပညာကုမ္ပဏီတခုရဲ့ကမ်း လှမ်းတာကို ခံခဲ့ရလို့ ရုပ်ရှင်ရိုက်ကူးရေးကိစ္စနဲ့ ထိုင်းနိုင်ငံကို ရောက်လာတာပါ။
၂၀၂၅ ခု ဇန်နဝါရီ ၃ ရက်မှာ ပေကျင်းမြို့ ဖူတုံလေဆိပ်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်သုဝဏ္ဏဘုမိလေဆိပ်ကို ရောက်လာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကိုရောက်သွားခဲ့ကာ လုံးဝအဆက်အသွယ်ပြတ် တောက်သွားခဲ့တယ်။
ဒါကြောင့် သူ့ချစ်သူမိန်းကလေးက အလွန်စိတ်ပူသွားပြီး ရှန်ဟိုင်းပြည်သူ့လုံခြုံရေးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက် တရုတ်နိုင်ငံသံရုံးနဲ့ ချင်းမိုင်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးတို့ကို လှမ်းပြီး အကူအညီတောင်းခဲ့တယ်။
အဲဒီနောက် သူမဟာလည်း သူငယ်ချင်းတွေနဲ့အတူ ဘန်ကောက်ကို ရောက်ရှိလာပြီး နီးစပ်ရာရဲစခန်းမှာ လူပျောက်တဲ့အကြောင်း တိုင်ကြားထားပါတယ်။
ဒီနောက်မှာ ဝန်ဇင်းကို မြန်မာဘက်ခြမ်းမှာ ဘေးကင်းရန်ကင်းပြန်တွေ့ခဲ့ပြီး မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ ကျားဖြန့်၊ လောင်းကစားနဲ့ တခြားတရားမဝင်လုပ်ငန်းတွေကို ထိုင်းဘက်က နှိမ်နင်းဆောင်ရွက်နေသလို ကရင်ပြည်နယ် မြဝတီမြို့ဘက်မှာလည်း ဖမ်းဆီး အရေးယူမှုတွေ ရှိနေပါတယ်။
မြဝတီမှာရှိတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေမှာ လူကုန်ကူးခံရပြီး အဓမ္မခိုင်းစေခံရတဲ့ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံခြားသားတွေကိုလည်း ထိုင်းဘက်ကို ပြန်လွှဲပေးတာတွေ မကြာခဏရှိခဲ့ပါတယ်။