အခု ၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို မလေးရှားနိုင်ငံက ဆက်ခံခဲ့ပြီ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ အာဆီယံ အသိုက်အဝန်းအတွင်း အားလုံးပါဝင်နိုင်ရေးနဲ့ ရှေရှည်တည်တံ့ခိုင်မြဲရေးအတွက် အတူတကွ ဟန်ချက်ညီညီ ရှေ့သို့ချီဆိုတဲ့ ၂၀၂၅ အာဆီယံ ကြေညာချက်စာတမ်းပါ ဆောင်ပုဒ်နဲ့အညီ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ပိုမိုခိုင်မာအားကောင်းတဲ့ မူဘောင်တွေကို ဖော်ဆောင်သွားရမှာ ဖြစ်ပါတယ်။
၂၀၂၅ အာဆီယံ အမှတ်အသားကိုတော့ မလေးရှားနိုင်ငံရဲ့ အမျိုးသားရေး အမှတ်လက္ခဏာအနေနဲ့ သတ်မှတ်ထားတဲ့ ခေါင်ရန်းပန်းပုံစံ သရုပ်ဖော်ထားပြီး ပန်းရဲ့ပွင့်ချပ်လေးတွေဟာ အာဆီယံအဖွဲ့ကြီးရဲ့ အနှစ်သာရ တန်ဖိုးတွေဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေအကြား ပေါင်းစည်းညီညွတ်မှုနဲ့ ချစ်ကြည်စည်းလုံးမှုကို ကိုယ်စားပြုထားတယ်လို့ ဆိုပါတယ်။
၁၉၆၇ ခုနှစ်မှာ အာဆီယံအဖွဲ့ကြီးကို စတင်ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း မလေးရှားနိုင်ငံဟာ ပဉ္စမအကြိမ်မြောက်အနေနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ အခုတကြိမ်မှာတော့ မြေပြင်အရှိတရားတွေနဲ့ နိုင်ငံရေးအခင်းအကျင်းတွေဟာ ခါတိုင်းထက် ပိုမိုရှုပ်ထွေးတဲ့အတွက် အကောင်းဆုံး ညှိနှိုင်း ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းတွေရှိဖို့ လိုအပ်လာပါတယ်။
အခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရချိန်မှာ မလေးရှားနိုင်ငံဟာ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၊ ကာလကြာ အဖြေရှာမရဖြစ်နေတဲ့ မြန်မာအရေးနဲ့ နှောင့်နှေးကြန့်ကြာနေတဲ့ တောင်တရုတ်ပင်လယ်ဆိုင်ရာ လိုက်နာရမယ့် COC ကျင့်ဝတ်သဘောတူညီချက် တိုးတက်မှုရရှိရေး စတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေကို ပဲ့ကိုင် ထိန်းကျောင်းသွားရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှု အကျပ်အတည်းတွေကို ရင်ဆိုင်ရာမှာ အာဆီယံရဲ့ ကြံ့ခိုင်ရည်ရှိမှုနဲ့ ဗဟိုအချက်အချာကျမှုကို ထိန်းထားနိုင်ဖို့ဆိုရင် ပြောင်းလဲလာတဲ့ ပကတိအခြေအနေတွေနဲ့အညီ ချိန်ညှိ ဆောင်ရွက်သွားဖို့ လိုအပ်သလို လက်ရှိချဉ်းကပ်ပုံ နည်းလမ်းတွေကိုလည်း ပြန်လည်သုံးသပ် အကဲဖြတသွားဖို့ လိုအပ်ပါတယ်။
မလေးရှားနိုင်ငံဟာ အာဆီယံအဖွဲ့ကို စတင်ပူးတွဲတည်ထောင်ခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက် သူ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ သက်တမ်းကာလအတွင်း အာဆီယံရဲ့ ပေါင်းစည်းညီညွတ်မှုကို မြှင့်တင်ပေးနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ်မြောက် သမ္မတဒေါ်နယ်ထရမ့်ပ် အစိုးရလက်ထက်မှာ ပိုမို ရှုပ်ထွေးလာနိုင်ခြေရှိတဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား အားပြိုင်မှုရဲ့ ဖိအားတွေနဲ့ အကန့်အသတ်တွေကနေ အာဆီယံနိုင်ငံတွေ လိမ္မာပါးနပ်စွာနဲ့ ရှောင်ထွက်နိုင်အောင် မလေးရှားနိုင်ငံက ဦးဆောင် လမ်းပြပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။
မြန်မာနိုင်ငံ ပြန်လည်ငြိမ်းချမ်းစေရေး၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေမှာ အတားအဆီးတွေ လျော့ပါးရေးနဲ့ အာဆီယံအသိုက်အဝန်းအတွင်း သာယာဝပြောမှု မြှင့်တင်နိုင်ရေးကိစ္စတွေဟာ အခုနှစ်မှာ အလေးထား ဆောင်ရွကသွားရမယ့် ထိပ်တန်းဦးစားပေး အကြောင်းအရာတွေဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်နိုင်ငံဆီ မလွှဲအပ်ခင်မှာ အဖြေရှာသွားရဖို့ ရှိနေပါတယ်။
နောက်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လက ကျင်းပခဲ့တဲ့ ASEAN Business Club မှာ မလေးရှား ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး တန်ကူဇာဖယ်အဗဒူအဇစ်ပြောဆိုခဲ့တဲ့ အချက် ၄ ချက်ကိုလည်း အခုနှစ်မှာ ဦးစားပေး ဖော်ဆောင်သွားဖို့ ရှိပါတယ်။ အဲဒီအချက်တွေကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေး ပေါင်းစည်းဆက်နွှယ်ရေး၊ အဖွဲ့ဝင်နိုင်ငံတွေနဲ့ တခြားသက်ဆိုင်ရာ stakeholder တွေ အားလုံးပါဝင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်ဆီကို ချီတက်ရေးနဲ့ ဒီဂျစ်တယ်အနာဂတ် အသွင်ကူးပြောင်းရေးတို့ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကောင်စီ ညွှန်ကြားရေးမှူးချုပ်နဲ့ ဧည့်သံအမတ်ကြီးဖြစ်တဲ့ နူရှာဝန်ဇိုင်နယ်အဗီဒင်ကလည်း အခုနှစ်မှာ ဆောင်ရွက်သွားမယ့် မလေးရှားရဲ့ ထိပ်တန်းဦးစားပေးကိစ္စတွေဟာ အာဆီယံအဖွဲ့ကြီးရဲ့ အနာဂတ် မျှော်မှန်းချက်တွေနဲ့ ထပ်တူကျတဲ့အကြောင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာ ကျင်းပတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ သုတေသနနဲ့ သတင်းအချက်အလက်စနစ် (RIS) အဖွဲ့ရဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ ဒေသတွင်းလုံခြုံရေးနဲ့ သံတမန်ရေးကိစ္စတွေမှာ အာဆီယံရဲ့ ဗဟိုချက်ကျမှုနဲ့ ပေါင်းစည်းညီညွတ်မှုဟာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကနေ အရင်းခံလာမှာကို စိုးရိမ်နေပြီး ဒေသတွင်းမှာ တရုတ်လွှမ်းမိုးမှု ကြီးထွားလာမှုဟာ အိန္ဒိယရဲ့ လုံခြုံရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေအပေါ် တိုက်ရိုက် ထိခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။
နယ်မြေပိုင်နက် အငြင်းပွားမှုတွေရှိနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်နဲ့ ဒီကိစ္စအပေါ် အာဆီယံရဲ့ ရပ်တည်ချက် သဘောထားနဲ့ပတ်သက်ပြီး RIS အစည်းအဝေးမှာ မလေးရှားသံအမတ်ကြီး အဗီဒင်ကို မေးမြန်းခဲ့ရာမှာတော့ ဒီကိစ္စဟာ နယ်မြေအငြင်းပွားမှုမှာ ပါဝင်နေတဲ့ အာဆီယံတနိုင်ငံချင်းစီနဲ့ တရုတ်နိုင်ငံတို့ကြား သီးခြားဆွေးနွေးသွားရမယ့်ကိစ္စ ဖြစ်တယ်လို့ အဖြေပေးခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ ရေကြောင်းကုန်သွယ်မှုအများဆုံး လမ်းကြောင်းတွေထဲက တခုဖြစ်တဲ့ တောင်တရုတ်ပင်လယ် (SCS) မှာ တရုတ်နိုင်ငံနဲ့ နယ်မြေအငြင်းပွားမှုတွေ ကာလကြာရှိနေပြီး အိန္ဒိယနဲ့ တရုတ်တို့ကြားမှာလည်း အင်ဒို-ပစိဖိတ်ဒေသကို လွှမ်းမိုးနိုင်ရေး အားပြိုင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ကတော့ တရုတ်ရဲ့ နယ်မြေပိုင်ဆိုင်မှု ပြောဆိုချက်တွေကို အသိအမှတ် မပြုသလို တရုတ်နဲ့ ဆက်ဆံရာမှာလည်း ဒီကိစ္စကို ရှေ့တန်းတင်မှာ မဟုတ်တဲ့အတွက် SCS အငြင်းပွားမှုဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ သိပ်ပြီး အရေးပါလှတဲ့ အကြောင်းအရာ မဟုတ်ဘူးလို့ သံအမတ်ကြီးက တုံ့ပြန်ခဲ့ပါတယ်။ နယ်မြေအငြင်းပွားမှုကိစ္စထက် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အားလုံးနဲ့ သက်ဆိုင်တဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို အလေးပေးရမှာဖြစ်ပြီး တရုတ်နဲ့ အာဆီယံတို့ကြား ကုန်သွယ်မှုဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ထရီလီယံနီးပါးအထိ မြင့်တက်လာခဲ့တာကို ကြည့်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်ကြား စီးပွားဆက်ဆံရေးရဲ့ နက်ရှိုင်းခိုင်မာမှုကို ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံဟာ အာဆီယံ-ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နဲ့ တရုတ်နိုင်ငံတို့ကြား ထိပ်သီးဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ မေလမှာ စတင် လက်ခံ ကျင်းပသွားရမှာဖြစ်ပြီး တရုတ်အတွက်တော့ ဒီဆွေးနွေးပွဲကနေတဆင့် အာရပ်ပင်လယ်ကွေ့ နိုင်ငံတွေမှာ သူ့ရဲ့ဆက်ဆံရေးကို ပိုမိုချဲ့ထွင်သွားနိုင်မှာ ဖြစ်ပါတယ်။
မလေးရှားရဲ့ ဦးဆောင်မှုကာလမှာ နောက်ထပ်အရေးပါတဲ့ အဓိကဦးစားပေးတရပ်ကတော့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေနဲ့ လုံးချာလိုက်နေတဲ့ မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံဘဝ ကျရောက်မယ့်ဘေးကနေ ကယ်တင်နိုင်ရေး ဆောင်ရွက်သွားရမှာပါ။ ဒီအတွက် တရုတ်နဲ့ အမေရိကန်နိုင်ငံတို့နဲ့လည်း အနီးကပ်ဆက်ဆံရေးရှိသလို ထိုင်းနိုင်ငံမှာလည်း ဩဇာတိက္ကမ ကြီးမားတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ၂၀၂၅ ခုနှစ်အတွက် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ အလွတ်တန်းအကြံပေးအနေနဲ့ ခန့်အပ်ထားပါတယ်။ ရလဒ်အနေနဲ့ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ရဲ့ ဖခင်ဖြစ်တဲ့ သက်ဆင်ဟာ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးရေးတွေမှာ ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲနှစ်ရပ်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ကျင်းပခဲ့ပါတယ်။ မြန်မာ့အကျပ်အတည်းကို အမှန်တကယ် အဖြေရှာနိုင်ဖို့ဆိုရင် အာဆီယံနိုင်ငံတွေအပြင် မြန်မာ့ပဋိပက္ခမှာ အကျုံးဝင်တဲ့ သက်ဆိုင်ရာ stakeholder တွေနဲ့ တခြား တရုတ်နိုင်ငံလို နိုင်ငံတကာ ဇာတ်ကောင်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲတွေကို ကျင်းပသွားဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ မလေးရှားနိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးရာမှ ကောင်းမွန်တဲ့ သမိုင်းကြောင်းတွေ ရှိတဲ့အတွက် မြန်မာ့အရေးမှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ သံတမန်ရေးအရ စုပေါင်းအဖြေရှာမှုတွေကို မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ ရှုမြင်ထားကြပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ငြိမ်းချမ်းရေးနဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အောင်မြင်မှုရရှိအောင် မလေးရှားက ကြားဝင် စွမ်းဆောင်ပေးနိုင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ဟာ ထိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
၂၀၂၅ နှစ်ဦးပိုင်းကို ချဉ်းနင်းဝင်ရောက်လာချိန်မှာတော့ အာဆီယံရဲ့ အနာဂတ်လားရာဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါတယ်။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် အာဆီယံနိုင်ငံတွေအတွက် စီးပွားရေး အကျိုးအမြတ်တွေ ရရှိလာနိုင်ဖွယ်ရှိပေမဲ့ ထုံးစံအတိုင်း အရှေ့တောင်အာရှ နိုင်ငံငယ်လေးတွေဟာ စီးပွားရေးနဲ့ မဟာဗျူဟာအရ အရေးပါနေတဲ့ တရုတ်နဲ့ အမေရိကန်တို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို မျက်နှာချိုသွေးနေရဦးမှာပါ။ ဒါ့အပြင် စစ်ရေးပြိုင်ဆိုင်မှုတွေဟာ အာဆီယံအသိုက်အဝန်းအတွင်း အတူတကွ အားလုံးပါဝင်နိုင်ရေးနဲ့ ရေရှည်တည်တံ့တဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို အားလျော့စေနိုင်တဲ့အတွက် မလေးရှားနိုင်ငံအနေနဲ့ အမြင်သဘောထား ကွဲလွဲမှုတွေနဲ့ ရေကြောင်းပိုင်နက် အငြင်းပွားမှုတွေကို ဘေးချိတ်ပြီး ဒေသတွင်းမှာ အာဆီယံရဲ့ ဗဟိုချက်ကျမှုကို ထိန်းထားနိုင်ဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
ဒေါက်တာ ရီးနာမာဝါ
ဘာသာပြန် - ရာစုသစ်
Ref: Eurasiareview
(eurasiareview.com ဝက်ဆိုက်တွင် ပါမောက္ခ Dr. Reena Marwah ရေးသားထားသည့် “Malaysia As ASEAN Chair In 2025: Will ASEAN Centrality Be Recalibrated?” ဆောင်းပါကို ဘာသာပြန်ဆိုဖော်ပြသည်။)