Home
မြန်မာသတင်း
ရိုဟင်ဂျာ  ၃၀၀ ပါ စက်လှေ ၂ စင်းကို မလေးရှား ပြန်ပို့
DVB
·
January 6, 2025
Photo: Bernama

မြန်မာနိုင်ငံကနေ လာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာ ၃၀၀ နီးပါး တင်ဆောင်လာတဲ့ စက်လှေ ၂ စင်းကို တွေ့ရှိပြီးနောက်မှာ မလေးရှားအာဏာပိုင်တွေက လက်မခံဘဲ ပြန်ပို့လိုက်တဲ့အကြောင်း ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

မလေးရှားကမ်းခြေစောင့်တပ်ဖွဲ့က အဆိုပါ စက်လှေ ၂ စင်းနဲ့အတူ အစာရေစာ ပြတ်လပ်မှုကြောင့် ပင်ပန်းနွမ်းနယ်နေကြတဲ့ အခြေအနေတွေကို တွေ့ရှိခဲ့ရတယ်လို့ ထိပ်တန်းအေဂျင်စီ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဆိုပါ စက်လှေတွေကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်က မလေးရှားအပန်းဖြေကျွန်း လန်ကာဝီရဲ့ အနောက်တောင်ဘက် ရေမိုင် ၂ မိုင်အကွာမှာ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အာဏာပိုင်တွေက သူတို့ကို အစားအစာနဲ့ သောက်သုံးရေ စတာတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အေဂျင်စီရဲ့ ညွှန်ကြားရေးမှုးချုပ် မိုဟာမက် ရိုစလီ အဗ္ဗဒူလာက “လက်ရှိမှာ ကျနော်တို့အနေနဲ့ လှေတွေရဲ့ လားရာ အချက်အလက်တွေ ထပ်လောင်းရရှိဖို့ ထိုင်းရဲဌာနတွေနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ကမ်းခြေစောင့်တပ်ကတော့ အဆိုပါ ရွှေ့ပြောင်းတွေဟာ မြန်မာနိုင်ငံဘက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေ ဟုတ်မဟုတ် ပြောကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ သောကြာနေ့ကလည်း လန်ကာဝီကမ်းခြေမှာ လှေနဲ့ ဆိုက်ကပ်ခဲ့တဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၁၉၆ ယောက်ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ကလေး ၇၁ ယောက်နဲ့ အမျိုးသမီး ၅၇ ယောက် ပါဝင်ပြီး ရိုဟင်ဂျာတွေလို့ ယုံကြည်ရတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ ရွှေ့ပြောင်းနေထိုင်သူ အားလုံးကို မှတ်တမ်းတင်စာရင်းသွင်းဖို့ ခေါ်ဆောင်သွားပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့က သောကြာနေ့က သီးခြားထုတ်ပြန်ချက်တခုမှာ ပြောလိုက်ပါတယ်။

ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မွတ်ဆလင်အများစုနေထိုင်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ လှိုင်းလေငြိမ်သက်တဲ့ အောက်တိုဘာလကနေ ဧပြီလအထိ ခနော်နီ ခနော်နဲ့ သစ်သားလှေတွေနဲ့ ထွက်ပြေးလေ့ရှိပါတယ်။

Source: The Straits Times

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013