၂၀၂၄ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်ဖို့ ဖိအားပေးတာ အပါအဝင် မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့သလို လာမယ့် ၂၀၂၅ ခုနှစ်မှာလည်း တရုတ်က မြန်မာ့အရေးမှာ ပိုပြီး ပါဝင်ပတ်သက်ဖို့ ကြိုးစားလာဖွယ်ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
အာဆီယံနိုင်ငံတခုချင်းစီရဲ့ မြန်မာ့အရေးအပေါ် ရပ်တည်မှု မတူကြတဲ့အတွက် အာဆီယံရဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေဟာ ထိရောက်မှုရှိလာမှာမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ပါဝင်ပတ်သက်မှုကတော့ ၂၀၂၅ ခုနှစ်မှာ ပိုအားကောင်းလာဖို့ရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုတေသီတယောက်က သုံးသပ်ပါတယ်။
သုတေသီတယောက်က “၂၀၂၅ မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်က ပိုပြီးတော့ အားစိုက်လာမယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံရဲ့ လုပ်ဆောင်မှုတွေဟာ ထိရောက်မှု မရှိပါဘူး။ အာဆီယံရဲ့ ပါဝင်ပတ်သက်မှုထက်စာရင် တရုတ်နဲ့ ထိုင်းတို့ရဲ့ ဆောင်ရွက်မှုတွေဟာ ပိုပြီးထိရောက်နိုင်ပါတယ်” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာ မြေပြင်စစ်ရေးနဲ့အတူ နိုင်ငံတကာရဲ့ အစိုးရအဖြစ် အသိအမှတ်ပြု ခံရရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့ သံတမန်ရေးရာ အားပြိုင်မှုတွေ ပြင်းထန်ခဲ့တာပါ။
NUG နဲ့ စစ်ကောင်စီတို့ကို အင်အားကြီးနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက နောက်ကွယ်ကနေ အပြိုင်ရပ်ခံမှုတွေ ရှိခဲ့ပေမဲ့ တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြု ဆက်ဆံခံရတာမျိုး အထိတော့ ခရီးမရောက်ခဲ့ပါဘူး။
သုတေသီတယောက်က “စစ်ကောင်စီရော NUG ရောဟာ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ အောင်မြင်မှုမရဘူးလို့ ကျနော်မြင်ပါတယ်။ NUG ဟာ ဒေသတွင်းနိုင်ငံတွေကို စည်းရုံးမှုမှာ အားနည်းပါတယ်။ စစ်ကောင်စီကလည်း နိုင်ငံတကာမှာရော ဒေသတွင်းနိုင်ငံတွေမှာရော အသိအမှတ်ပြုမှုကို သူလည်း မရပါဘူး။ တရုတ်နဲ့ ဆက်ဆံရေးကောင်းတယ်လို့ လူတွေ ထင်ပေမဲ့ တရုတ်နဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးဟာ မကောင်းပါဘူး။ တရုတ်က သူ့အကျိုးစီးပွားနဲ့ မဟာဗျူဟာဆိုင်ရာ စဉ်းစားတွေးခေါ်မှုတွေအပေါ် အခြေတည်ပြီး စစ်ကောင်စီနဲ့ ပတ်သက်နေတာပါ” လို့ ပြောပါတယ်။
NUG ဟာ အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရတာမျိုး ဖြစ်မလာသေးပေမဲ့ မြင်သာတဲ့ အောင်မြင်မှုတချို့ကိုတော့ ၂၀၂၄ ခုနှစ်အတွင်းမှာ တည်ဆောက်နိုင်ခဲ့ပါတယ်။
ဇွန်လမှာ NUG ကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၂၇ ရက်မှာ စစ်ခေါင်းဆောင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ဖို့ ရှေ့နေချုပ်က တောင်းဆိုခဲ့ပြီး ဝရမ်းထွက်ပေါ်လာရင် နိုင်ငံတကာက စစ်ကောင်စီကို အစိုးရတရပ်အနေနဲ့ လက်ခံဆက်ဆံဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။
ဒီဇင်ဘာလဆန်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုပြီး ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ခဲ့တာကြောင့် ၄ နှစ်ဆက်တိုက် ကုလသမဂ္ဂစင်မြင့်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ကိုယ်စားလှယ်က ဆက်လက်တည်ရှိနေတာ ဖြစ်ပါတယ်။
NUG သမ္မတရုံး ပြောခွင့်ရှိသူ ဦးကျော်ဇော်က “စစ်ကောင်စီက ILO လိုမျိုးမှာ ကိုယ်စားပြုခွင့်မရ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဆက်လက်ကိုယ်စားပြုခွင့်ရ၊ စတာတွေ ကြည့်ခြင်းအားဖြင့် စကစဟာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ ဖယ်ကြဉ်ထားခြင်း ခံနေရတဲ့အချိန်မှာ ကျနော်တို့ရဲ့ ကိုယ်စားလှယ်တွေဟာ ကမ္ဘာ့ကုလသမဂ္ဂ လိုမျိုး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီးလိုမျိုးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု ဆွေးနွေးတာတွေ ရှိနေတယ် ဆိုတာကလည်း သံတမန်ရေးရာမှာ အောင်မြင်မှုတခုပါပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီကလည်း ဆက်လက်ရှင်သန်နိုင်ရေးအတွက် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နဲ့ ဆက်ဆံရေး ပိုကောင်းအောင် အားထုတ်ခဲ့ပါတယ်။
ဇွန်လကုန်ပိုင်းက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ဘန်ဒေါင်းမူ ၅ ရပ် နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ဖို့ သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်အစိုးရက ဖိတ်ကြားရာကစပြီး တရုတ်အစိုးရရဲ့ ရပ်တည်ချက်ဟာ စစ်ကောင်စီဘက်ကို သိသိသာသာ ယိမ်းလာခဲ့တာ တွေ့ရပါတယ်။
နိုဝင်ဘာ ၅ ရက်မှာ စစ်ခေါင်းဆောင်က သူ့ရဲ့ ပထမဆုံး တရုတ်ခရီးစဉ်အဖြစ် ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို သွားရောက်ကာ မဟာမဲခေါင်ဒေသ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း အာဆီယံကပြုလုပ်ခဲ့တဲ့ အစည်းအဝေးတွေမှာလည်း စစ်ကောင်စီ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ရခဲ့ပြီး အာဆီယံ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက စစ်ကောင်စီရဲ့ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ရွေးကောက်ပွဲအစီအစဉ်တွေကို ထောက်ခံအားပေးတာတွေ ရှိနေပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဦးစိုးဝင်းဆွေက “တရုတ်ရဲ့အကူအညီနဲ့ အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲလုပ်ဖို့အတွက် မာရေကြောရေ ပြောတဲ့အထိ ဖြစ်ပေါ်လာတယ်ဗျာ။ နောက်ဆုံး မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေကို လုံခြုံရေး တပ်တွေ ခန့်အပ်ဖို့ ဆွေးနွေးနေတယ် ဆိုတာမျိုးအထိ တရုတ်နဲ့ စစ်ကောင်စီ ဆက်ဆံရေးက ကောင်းလာခဲ့တာတွေ ရှိတာပေါ့။ တဖက်က အိန္ဒိယကလည်း စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေကို ခေါ်ယူပြီးတော့ ဖက်ဒရယ်လစ်ဇင် ခေါင်းစဉ်တပ်ပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့တာတွေ ရှိတာပေါ့။ အကြမ်းဖက်စစ်တပ် အနေနဲ့လည်း သံခင်းတမန်ခင်းအရ အခုထက်ပိုပြီး ထိုးဖောက်နိုင်အောင် ကြိုးစားနေတာတွေ ရှိတယ်ဆိုတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲရလဒ်ဟာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ အမေရိကန်အစိုးရ အပြောင်းအလဲကြောင့် အနောက်နိုင်ငံတွေရဲ့ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်မှုဟာ အားလျော့သွားဖွယ်ရာ ရှိတယ်လို့ ဆိုကြပါတယ်။
သုတေသီတယောက်က “ICC ကနေ စစ်ခေါင်းဆောင်ကို ဝရမ်းထုတ်တဲ့ကိစ္စဟာ နွေဦးတော်လှန်ရေး တဖွဲ့လုံးအတွက် အလွန်ကောင်းတဲ့ သတင်းကောင်းပါပဲ။ ဒါပေမဲ့ ဆီးရီးယားမှာလိုမျိုး အာဆတ် ထွက်ပြေးတဲ့အဖြစ်မျိုး မြန်မာပြည်မှာ မျှော်မှန်းလို့တော့ လက်တွေ့မကျဘူးလို့ ထင်ပါတယ်။ NUG အနေနဲ့ အနောက်နိုင်ငံတွေကို အားစိုက်ပြီး ဆက်ဆံရေးလုပ်မယ့်အစား ဒေသတွင်းနိုင်ငံတွေ အထူးသဖြင့် ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံ၊ အာဆီယံနိုင်ငံတွေနဲ့ ပိုပြီး ဆက်ဆံရေးကောင်းအောင် တည်ဆောက်သင့်တယ်လို့ ကျနော်မြင်ပါတယ်” လို့ ပြောပါတယ်။
NUG ဟာ အာရှဒေသတွင်း တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိထားပေမဲ့ ကပ်ရက် အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အကျိုးစီးပွားရေးရာ တွက်ဆမှုတွေကို ကျော်လွန်ပြီး စည်းရုံးမှု မလုပ်နိုင်သေးပါဘူး။
ဒါ့အပြင် နိုင်ငံအတွင်း မြို့ပေါင်း ၉၄ မြို့အထိ တော်လှန်ရေးအင်အားစုတွေက သိမ်းယူနိုင်ခဲ့ပေမဲ့ လက်နက်ကိုင်အင်အားစုတွေကို တစုတစည်းတည်းဖြစ်အောင် စည်းရုံးတဲ့နေရာမှာလည်း စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။
သုတချမ်းသာ