Home
ဆောင်းပါး
၂၀၂၅ မှာ ဘာတွေ ကြုံတွေ့ကြရမလဲ
DVB
·
December 31, 2024

လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ၂၀၂၅ နှစ်သစ်ကတော့ ရောက်ရှိလာပါပြီ။ ၂၀၂၅ ခုနှစ်အတွင်းမှာ မြန်မာပြည်သူတွေ အနေနဲ့ အလှည့်အပြောင်း များစွာကို ပိုမိုတိုးမြင့် ကြုံတွေ့လာရဖို့ ရှိပြီး ဘာတွေ ပြင်ဆင်ထားကြရမယ်ဆိုတာကို ကြိုတင်ဆန်းစစ် တွက်ဆ ပြင်ဆင်ထားခြင်းဖြင့်သာ သက်သာရာရကြမှာ ဖြစ်ပါတယ်။

(က) စစ်ရေး

၂၀၂၄ ခုနှစ်အတွင်း မြန်မာပြည်မှာ စစ်ရေးဟာ အခရာ အကျအဆုံး၊ ရိုက်ခတ်မှုအရှိဆုံး  ဖြစ်နေခဲ့ပြီး နိုင်ငံရေးကတော့ အသက်ငင်နေတဲ့ အဆင့်ပါ။ ၂၀၂၅ ခုနှစ်မှာလည်း စစ်ရေးဟာ အရှိန်လျော့ကျလာဖွယ် မရှိဘဲ ပိုမို ကျယ်ပြန့်လာဖို့ပဲရှိနေပါတယ်။ ဒါ့ကြောင့် ၂၀၂၅ မှာလည်း စစ်ရေးဟာ နိုင်ငံရဲ့ ထိပ်ဆုံး အခန်းကဏ္ဍမှာပဲ ဆက်လက် ဦးဆောင်နေရာယူနေပါလိမ့်မယ်။ 

(ခ) နိုင်ငံရေး

အသက်ငင်နေတဲ့ နိုင်ငံရေးဟာ ၂၀၂၅ ခုနှစ်ထဲမှာတော့ အနည်းငယ်လွန့်လူးလာဦးမှာပါ။ တရုတ်ဦးဆောင်တဲ့ စကစနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ(EROs)ရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ခပ်စိတ်စိတ် မြင်တွေ့ လာရဖို့ ရှိသလို တဖက်မှာလည်း စကစက ကိုယ့်ဖဲ ကိုယ်ချိုး ၊ ကိုယ့်ဖဲ ကိုယ်ဝေ ၊ ကိုယ့်လူနဲ့ ကိုယ်ကစားမယ့် ကွက်ကျား ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စိုင်းပြင်းမှုတွေကို ကြုံတွေ့ကြရမှာပါ။ မှတ်ပုံတင်ခွင့် ကျထားပြီးဖြစ်တဲ့ ပါတီတွေက ပါတီဝင်တွေဟာ ကွက်ကျား ရွေးကောက်ပွဲ လုံခြုံရေးအတွက် ဘကြီးနွား အငှားကျောင်းပေးကြရဖို့ ရှိပါတယ်။ မဲဆွယ်ပွဲချိန်ကစလို့ မဲပေးရုံသွားချိန်အထိ ပြည့်ဝတဲ့ လုံခြုံရေး အာမခံချက်ကို ပြည်သူတွေ ရရှိဖွယ် အကြောင်းမရှိပါဘူး။ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကို ခပ်စိတ်စိတ် တွေ့မြင်ရဖွယ်ရှိလို့ "သေချင်ရင် စိန်မစားနဲ့ စကစ ရွေးကောက်ပွဲကိုသွား" လို့ ရပ်ထဲရွာထဲမှာ ပြောဆိုနေကြပါပြီ။  

တကယ်တော့ စစ်ကောင်စီ ဒရောသောပါး လုပ်ချင်နေတဲ့ ကွက်ကျား ရွေးကောက်ပွဲ ကာလကိုတောင် ရောက်ပါ့မလားလို့ မေးခွန်းထုတ်ရမယ့် အခြေအနေပါ။ ပြင်းထန်တဲ့ စစ်ရေးလှိုင်းတခု နောက်တကြိမ်သာ ထပ်ပေါ်ခဲ့ရင် စစ်ကောင်စီဟာ လုံးလုံးလျားလျား ပြိုလဲ ကျတော့မှာပဲ ဖြစ်ပါတယ်။  ဒီစစ်ရေးလှိုင်းဟာ တရုတ်နဲ့အတူ တွေ့ဆုံဆွေးနွေးရေး လုပ်ပြနေကြရမယ့် (EROs) တွေနဲ့ မအောင်မြင်တဲ့ ဆွေးနွေးမှု (ဝါ) စကစရဲ့ ခေါင်းမာမှုကြောင့် ထပ်မံပေါ်ထွက်လာမလား၊ ဒါမှမဟုတ် အခြားသော EROs တွေထံက ပေါ်ထွက်လာမလားဆိုတာကိုတော့ စောင့်ကြည့်ကြရပါလိမ့်မယ်။ နိုင်ငံရဲ့ အရှေ့တောင်ဖျားမှာတော့ မွန်လက်နက်ကိုင် လေးဖွဲ့ဟာ ပေါင်းစည်းထားကြပြီး BGFနဲ့ DKBA တချို့ကလည်း KNU နဲ့အတူ တိုက်ပွဲတွေ ဖော်လာကြပါပြီ။  ၂၀၂၅ ခုနှစ်အတွင်းမှာလည်း ပါတီနိုင်ငံရေးဟာ ဖုတ်လှိုက် ဖုတ်လှိုက် အနေအထားမှာပဲ ရှိပါလိမ့်မယ်။ 

(ဂ) စီးပွားရေး

အာဏာသိမ်းချိန်ကစလို့ ကျဆင်းခဲ့တဲ့ စီးပွားရေးဟာ စစ်ကောင်စီ ရှိနေသရွေ့ နလန်ပြန်ထူစရာ အကြောင်းမရှိသေးပါဘူး။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့စီးပွားရေး  ၁ ရာခိုင်နှုန်း လျော့ကျမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။  ဒါဟာ နိုဝင်ဘာလအတွင်းက ခန့်မှန်းချက်ပါ။  ၂၇-၁၂-၂၀၂၄ ရက်စွဲနဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ စကစက သူသတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲနှုန်း (Reference Rate) အစား ဈေးကွက်ငွေလဲနှုန်း (Market Trading Rate) နဲ့ သွင်းကုန် ထုတ်ကုန်တွေအပေါ် ပြောင်းလဲ ကောက်ခံမှာဖြစ်လို့ စီးပွားရေးဟာ ပိုကျပ်တည်း ကျဆင်းလာဖို့ပဲ ရှိပါတယ်။ အရှင်းဆုံးပြောရရင် ဒေါ်လာဈေးတက်ရင် ဆံပင်ညှပ်ခကအစ ကုန်ဈေးနှုန်းအားလုံးအပေါ် ရိုက်ခတ်မှုရှိတယ်ဆိုတာကို ပြည်သူအားလုံး သိရှိကြပြီးဖြစ်ပါတယ်။ 

ကိုယ့်ဘက်က လူထုတ်ကုန်ပစ္စည်းသာ ပေးရပြီး တဖက်ကနေ သဘာဝသံယဇာတကို အဖိုးအခ သက်သက်သာသာနဲ့ ရနေတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်အနေနဲ့ ရေရှည်ပိတ်ရလောက်အောင် မမိုက်မဲပါဘူး။ ဒါ့ကြောင့် မကြာမီမှာ နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံး ပြန်လည် အသက်ဝင်လာပါလိမ့်မယ်။ 

တရုတ် နယ်စပ်ဖက်က ပြန်လည်ဝင်ရောက်လာမယ့် ထုတ်ကုန်အမျိုးမျိုးဟာ EROs တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းရမှာဖြစ်လို့ စကစ ထိန်းချုပ်ရာ နယ်မြေဘက်မရောက်ခင်လေးမှာ နယ်ခြားဖြတ်ကျော်အခွန်ကိုသာ EROs တွေက တိုးမြှင့် ကောက်ခံလိုက်မယ်ဆိုရင် တချိန်က တရုတ်က နယ်စပ်ဂိတ်တွေ ပိတ်တာကို အပျော်ကြီး ပျော်ပြခဲ့ကြတဲ့ စစ်လော်ဘီတွေ ငိုပွဲ ဆင်ကြရပါလိမ့်မယ်။ 

EROs တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာနေတဲ့ ပြည်သူတွေ တရုတ်လုပ်ပစ္စည်းကို ၁၀၀၀ နဲ့ ဝယ်လို့ရနေချိန်မှာ စကစ ထိန်းချုပ်မှုအောက်က ပြည်သူတွေက ၁၀၀၀ ကျော် ပေးဝယ်ကြရမယ့် အခင်းအကျင်းဖြစ်မလာဘူးလို့ စစ်တပ်လော်ဘီတွေ အာမခံနိုင်ကြပါ့မလား။ ဘင်္ဂလားနယ်စပ်ကုန်သွယ်ရေးဟာ AA လက်ထဲ အပြည့်အဝ ကျရောက် သွားပြီဖြစ်ပြီး ထိုင်းနယ်စပ်ဟာလည်း မကြာမီမှာ မီးနီပြဖို့ ရှိနေပါတယ်။ ခြုံကြည့်ရရင် ၂၀၂၅ ခုနှစ်မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်လာမယ့် အခြေအနေကို ပြည်မနေသူတွေ ရင်ဆိုင်ကြရမှာပါ။  တရုတ်ဖက်က နယ်စပ်ဂိတ်ပိတ်တာကို စစ်နိုင်တော့မယ့်သဖွယ် အသားယူ၊ ဂုဏ်ဆာပြခဲ့ကြတဲ့ စစ်လော်ဘီတွေရဲ့ ညည်းတွားသံတွေကို ကြားလာကြပါလိမ့်မယ်။ သာမန်ပြည်သူတွေအနေနဲ့ကတော့ မတည်ငြိမ်တဲ့ အနေအထားမှာ လုပ်ငန်းသစ်စဖို့ စိတ်ကူးမယဉ်ကြဘဲ လက်ထဲက ငွေထုပ်လေးကိုသာ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသင့်တဲ့ အခြေအနေပါ။

ဘာတွေ ပြင်ဆင်ထားသင့်လဲ

လာမည့် ၂၀၂၅ ခုနှစ်အတွင်း မိမိ‌နေထိုင်ရာ နယ်မြေအတွင်း စစ်ရေး အချိန်မရွေး ကျရောက်လာနိုင်တာကို သတိပြုပါ။ မဖြစ်မနေစုဆောင်းထားရမယ့် ဆေးဝါးနဲ့ ရေရှည်အထားခံ မီးဖိုချောင်သုံးပစ္စည်းတွေကို ကြိုတင်ဝယ်ယူစုဆောင်းထားပါ။ ဒေသကာကွယ်ရေးအဖွဲ့အစည်းတွေရဲ့ သတိပေးချက်တွေကို အလေးထား လိုက်နာပါ။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ သားယောက်ျားလေးရှိတဲ့ မိဘတွေအနေနဲ့ စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်းခေါ်ယူမှု ပိုမိုကြမ်းတမ်း ခက်ထန်လာမယ့်နှစ် ဖြစ်တယ်ဆိုတာကို သဘောပေါက် လက်ခံပါ။ "ဇော့်ကို ချစ်မှာလား၊ ကျော့်ကို ချစ်မှာလား" အခြေအနေတွင် ကာယကံရှင် သားဖြစ်သူ ဆန္ဒရှိတဲ့ အဖွဲ့အစည်းအတွင်းသို့ ဝင်ခွင့်ပြုပါ။  မိမိနေအိမ်အတွင်း ကျည်ကွယ်ရာဖြစ်နိုင်မယ့် အခိုက်အတန့် ပုန်းခိုရာ နေရာတွေကို ကြိုတင် ကြည့်ရှု ရွေးချယ်ပြင်ဆင်ထားပါ။ လေကြောင်း ဗုံးကြဲမှုအတွက် ပုန်းခိုကျင်း(ဝါ) ဗုံးခိုကျင်း ကြိုတင် စီမံထားပါ။ အရေးပေါ်လက်ဆွဲအိတ် (Emergency Bag) ပြင်ဆင်ထားပါ။ တိုင်းရင်းသားနဲ့ မဟာမိတ် တပ်တွေ ထိန်းချုပ်ပြီးဖြစ်ရာ နယ်မြေအတွင်း နေထိုင်နေသူတွေလည်း စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို အမြဲ သတိချပ်ပါ။ အသက်ငင်နေသော ရန်သူသည် အရူးချီးပန်း လုပ်နိုင်သည်ကို မမေ့ပါနှင့်။ 

ရောင်နီမလာမီ အမှောင်မိုက်ဆုံးအချိန်ကာလတရပ်ကို သတိတမံ၊ ဉာဏ် မြေကတုတ်ပြု၍ ကျော်ဖြတ်ကာ နွေဦးရဲ့ အရုဏ်ဦးသစ်ကို ငံ့လင့်ကြပါစို့။ 

စောအဲမွန်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013