တော်လှန်ရေးက ဘယ်ကိုရောက်လို့ ဘယ်ခရီးကို ပေါက်နေပြီလဲ။
တခါတရံ စဉ်းစားရကျပ်သလိုလို ဖြစ်မိတာ အမှန်။
စိတ်ခွန်အားလေးတွေ ဖြစ်လာလိုက်၊ အဲဒီခွန်အားတွေပဲ ပျောက်သွားသလိုလို ဖြစ်လိုက်နဲ့။ တော်လှန်ရေးခရီးကိုက ဒီလိုပဲလားတော့ မပြောတတ်။
နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကတော့ အခုလို အမြဲပြောလေ့ရှိသည်။
ခင်ဗျားတို့အားလုံး ပါဝင်တဲ့နေ့၊ ပြည်သူအားလုံး ပါဝင်တဲ့နေ့ တော်လှန်ရေးကြီးက ပြီးမှာပဲတဲ့။
ပြည်သူအားလုံး....
ပြည်သူအားလုံးက တကယ်တမ်းတော့ အခြေအနေမတူကြ။
စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေး အသိမတူကြ။
ပြည်သူအားလုံးပါဝင်ပြီပဲ ဆိုကြပါစို့။ ပွဲက တကယ်ပဲ ပြီးမလား။
အခုဆိုရင် ပြည်သူဘယ်နှရာခိုင်နှုန်း ပါဝင်မှန်းမသိပေမဲ့ တော်တော်များများကတော့ ပါဝင်နေကြသည်။
ပွဲကမပြီးသေး။ ပြည်သူ၊ ပြည်သူဆိုပြီး ဆွဲဆောင်ကြ၊ စည်းရုံးကြသည့်တိုင် တကယ့်တကယ်မှာတော့ အာဏာ၊ လက်နက်ရှိသူတွေကပဲ သူတို့စိတ်တိုင်းကျ လုပ်နေသည်လို့ ပြောလျှင် စိတ်ဆိုးကြဦးမည်။
ဒီလိုကြားထဲ ဆရာကြီးတွေကလည်း ပေါမှပေါ။
မောင်ဆောင်းခတပ်တွေ အညာဝင်လာတုန်းကလည်း ဒါက တိုင်းရင်းသား EAO တချို့ရဲ့ စနက်ကြောင့်ကွ။ ဒါက မရိုးသားဘူး။ အညာတော်လှန်ရေးကို ထိုးခွဲဖို့ ချိန်သားကိုက် ရောက်လာကြတာ။ တိုင်းရင်းသားဒေသတွေမှာ EAO တွေရဲ့ ကွပ်ကဲမှုအောက် နေခဲ့ကြတဲ့ ကောင်တွေက အခုကျ ဒါမျိုးလာလုပ်လို့ ရမလား။ အဲဒါ လူဝါးဝတာကွ။ စသဖြင့်။
အညာမှာ NUG ၏တပ်တွေ ရှိတာမှန်တယ်။ ဒါပေမဲ့ လက်နက်အင်အားမရှိ၊ ကျည်ဆန်မရှိ၊ တချို့တပ်တွေဆို ယခုထိ စစ်ပုံမကျသေး။ ဒီလိုအချိန်မှာ နှစ်နှစ်ကျော်ကြာ ကောင်းကောင်းလေ့ကျင့်ပြီး အတွေ့အကြုံရှိလာတဲ့ BPLA တွေကို ကြိုဆိုရမယ်။ NUG နဲ့ ပူးပေါင်းမယ်လို့လည်း ထုတ်ပြန်ပြီးတာပဲ။ ဒါအတွက် ဘာတွေစိုးရိမ်နေကြတာလဲ။
ဘလာဘလာ....... စသဖြင့် ဆရာကြီးတွေက တဖက်။
မြန်မာပြည်မှာ အပေါဆုံး သတ္တဝါများထဲတွင် ပညာရှင် မဟုတ်သော ဆရာကြီးများ၊ ဆယ်လီများလည်း ထိပ်ဆုံးက ပါဝင်သည်။
ယခင်စစ်အစိုးရတွေ လက်ထက်ကတည်းက တရုတ်က မြန်မာပြည်ကို သူ့လက်အောက်ခံနယ်လို သဘောထားခဲ့သည်ကို ပြည်သူတွေအသိ။ မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်၊ ကြေးနီတောင်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေမှာ မတရားသဖြင့် ဝင်ရောက်လုပ်ကိုင်နေသည်ကို အားလုံးအသိ။
အရည်အချင်းညံ့ဖျင်းပြီး အာဏာတည်မြဲရေး တခုတည်းသာကြည့်သော စစ်အာဏာရှင်တွေကြောင့် မြန်မာပြည်ရှိ မြေပေါ်မြေအောက်သယံဇာတတွေ တရုတ်လက်ထဲ ရောက်ကုန်တာ တိုင်းသိပြည်သိ။
ဒီလို ခြယ်လှယ်လာခဲ့သည့် တရုတ်အစိုးရသည် ယခုအခါ လိုတာထက်ပို၍ စွက်ဖက် ဝင်ရောက် ချိုးဖောက်လာပြန်သည်။
စစ်ကောင်စီကို အထိနာအောင်တိုက်သည့် မြောက်ပိုင်းအဖွဲ့တွေကို ဖိအားပေးလာသည်။ ငါ့စကားနားမထောင်ရင် ဆုံးမပစ်မယ်ဆိုပြီး မိုက်ကြေးခွဲသည်။ နယ်စပ်ဂိတ်တွေအားလုံး ပိတ်ပြီး အခြေခံစားသောက်ကုန်တွေ၊ စက်သုံးဆီတွေ၊ ဆေးဝါးတွေ တင်ပို့ခြင်းကို ရပ်ဆိုင်းသည်။ အသက်တွေ၊ သွေးတွေ၊ ချွေးတွေနှင့် ရင်းကာ တိုက်ယူထားသော မြို့များကို စစ်တပ်ကို ပြန်ပေးပါဆိုပြီး တော်လှန်ရေးအဖွဲ့တွေကို စွက်ဖက်အကျပ်ကိုင်သည်။
တဖက်မှာတော့ စစ်ကောင်စီကို အရေးတယူ ဆက်ဆံပြသည်။ ဒီလောက် ရက်စက်ယုတ်မာနေသော စစ်ကောင်စီကို ပြည်သူတွေ ရွံမုန်းနေသည့်ကြားကပင် လက်ဆွဲနှုတ်ဆက်သည်။
အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံမည် လုပ်သည်။ ဒါတင်မကသေး တရုတ်နိုင်ငံထိ ဖိတ်ကာ လူသတ်ကောင်ကို လူရာသွင်းပြသည်။ မြန်မာပြည်သူတွေကို စော်ကားလိုက်တာပဲ ဖြစ်သည်။
ထိုအချိန်တွင် ဆရာ့ဆရာကြီးများက တရုတ်က ခုလို လုပ်မှာပေါ့၊ ကိုယ့်ဘက်ကမှ စောက်သုံးမကျတာ၊ ဘာညာ စသဖြင့် real politics က ဘယ်လို၊ အင်အားကြီးတရုတ်ရဲ့ ကိုယ်ကျိုးက ဘယ်သို့ စသည်ဖြင့် ဋီကာဖွင့်ကြသည်။
သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို အရပ်ထဲက သူဌေးသား၊ သူကြီးသားက အလိုမတူဘဲ မုဒိမ်းကျင့်ပါက real politics ဟု ဆိုနိုင်ကြပါဦးလား သိချင်မိသည်။
ဒီလို ဆရာတွေကြားထဲ NUG က လူတချို့ကလည်း ဟုတ်သည်။ ချာလိုက်နေသည်။ BPLA ကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာတခုက မေးတာကိုပင် ကောင်းကောင်းမဖြေတတ်၊ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင် ဝေ့လည်ကြောင်ပတ်တွေ ဖြေသည်။
တရုတ်က စစ်ကောင်စီကို အရေးတယူပြု ဆက်ဆံနေတယ်ဆိုသည့် မေးခွန်းကို ဖြေတော့လည်း မဆိုင်တာတွေ ထည့်ပြောသလို တရုတ်ကပါ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးဖို့ တောင်းဆိုပါတယ်တွေ လုပ်နေသေးသည်။
ဒီလောက် ရက်စက်ယုတ်မာနေတာကို သိသိလျက်နဲ့ စစ်ကောင်စီကို ဘာမှ မတောင်းဆို မတိုက်တွန်းတဲ့ တရုတ်ဆီကနေ လူသားချင်းစာနာမှု အကူအညီ ပေးပါဦးဆိုပြီး တောင်းသည့် သမ္မတရုံးပုဂ္ဂိုလ်၏ အတွေးအခေါ်ကို အတော်ပင် အံ့ဩမိသည်။ ပြောပုံဆိုပေါက်ကလည်း အိပ်ချင်မူးတူး လူတယောက် ပြောပုံလို တက်ကြွမှုမရှိ။ သူ့အဖြေတွေကို နားထောင်ရင်း အိပ်ချင်စိတ်ပင် ပေါက်မိပြန်သည်။
ကာကွယ်ရေး ဒုအတွင်းဝန် ဆိုသူတယောက်လည်း ရှိသေးသည်။ စစ်မှုထမ်းဥပဒေ ထွက်လာသည့် ကာလမှာပင် သူ့ဖေ့စ်ဘွတ်ခ် အကောင့်ကတဆင့် ပို့စ်တင်သည်။ အနှစ်ချုပ်ကတော့ စစ်မှုထမ်းဖို့ လာခေါ်ရင် လိုက်သွား၊ ပြီးရင် သေနတ်ရပြီး ပြန်ခုခံ ဆိုသည့် သဘောမျိုး။ အဲဒီစစ်မှုထမ်းမထွက်ခင် သုံး လေးလလောက်အလိုက ရှမ်းပြည်မှာ တိုင်းရင်းသားလူငယ်တွေကို ပေါ်တာဆွဲ၊ ရှေ့တန်းပို့၊ တိုင်းရင်းသားအချင်းချင်းမို့ တိုက်ဖို့ ငြင်းဆန်နေသူတွေကို ပစ်သတ်ခဲ့သည်။ အဲဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့သည်။ အဲလိုမျိုးတွေ ရှိခဲ့တာတောင် နုကြည် အတွင်းဝန် ဆိုသူ အာဏာပိုင် အသိုင်းအဝိုင်းထံကလူက အနှီ post ကို ထိုသို့ ရေးတင်တာမျိုးတွေ ရှိနေသည်။
တဆက်တည်းဆိုရလျှင် တရားရေးဝန်ကြီးဌာန။ တရားရေးဝန်ကြီးဌာနကလည်း ဘယ်ရောက်နေလဲ မသိ။ မြေပြင်က တရားစီရင်ဝာာ တခုကိုပဲ တရားရေးဝန်ကြီးဌာနရဲ့ အလုပ်လို့ပဲ သတ်မှတ်ထားလေရော့သလား မသိ။
စီးပွားကူးသန်း ဆိုသည်လည်း အိပ်ပျော်နေပြီလား အောက်မေ့မိသည်။ ပကဖ လက်စွဲ၊ ပအဖ လက်စွဲတွေ ရှိတာတောင် ဖတ်ဖူးသူ သိပ်မရှိ။ ဖတ်ဖူးရင်တောင် အဆုံးထိ ဖတ်ဖူးသူက လက်ချိုးရေလို့ ရသည်လို့ ပြောကြသည်။ ထစ်ခနဲရှိ လက်နက်နဲ့ ဖြေရှင်းပေးသည့် အဖွဲ့တချို့ကလည်း အညာမှာ စွာကျယ်နေကြသည်။ တချို့ ပြောပုံဆိုပေါက်တွေဆိုလျှင် စကစဘက်က လူများလားလို့ပင် အောက်မေ့ရသည်။ ဒါကို အညာသူအညာသားများ အသိဆုံး။
သူတို့ကတော့ ဘာရယ်မဟုတ်၊ ဒရုန်းလေးနဲ့ ဟိုချ ဒီချ လုပ်သည်။ စစ်ကောင်စီဘက်က အထိအခိုက် ရှိရုံသာရှိပြီး သေဆုံးမှုလည်း နည်းသည်။ အဲဒီတိုက်ခိုက်မှုရဲ့ အကျိုးဆက်ကို အဲဒီနားတဝိုက် ရွာသူရွာသားတွေပဲ ခံစားကြရသည်။ ရှောင်ကြ တိမ်းကြရသည်။
ရန်သူကို တိုက်ခိုက်လိုက်တဲ့ ကိုယ့်ရဲ့တိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်ထက် အရပ်ဘက်ပစ်မှတ်ကို ပိုပြီး ထိခိုက်နစ်နာစေမယ်ဆိုရင် အဲဒီတိုက်ခိုက်မှုကို ရှောင်ကြဉ်ရမယ် ဆိုသည့် Law of War ရဲ့ Proportionality ကိုတောင် မသိဘဲ ဂန်းကိုင်ထားကြသူတချို့ ရှိကြသည်။
ဒီဆောင်းပါးက မိုတီပေးစာတော့ မဟုတ်ပါ။ ဒါကြောင့် ဖတ်လို့ကောင်းမည် မဟုတ်။ အောင်တော့မယ်တို့၊ အထိမခံ ရွှေပန်းကန်တို့ကို စိတ်ထိခိုက်မိ၍ ရေးသားခြင်း ဖြစ်သည်။ တကယ်တိုက်ရင် တကယ်နိုင်ပါသည်။ ၁၀၂၇ ကို ၁ နှစ်နီးပါးအတွင်း ၂ ခါခွဲပြီး တိုက်ခိုက်ခဲ့တာတောင် စစ်ကောင်စီရဲ့ ဌာနချုပ်တခုလုံးပင် ကျရှုံးခဲ့ရသည်မှာ အားလုံးအမြင်။ ဒါတောင် ညီနောင်နှစ်ဖော်ကပဲ ဦးဆောင်တိုက်ခဲ့တာ ဖြစ်သည်။ ဝါရင့် လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်ခဲ့ကြတာ မဟုတ်။ ယခုဆို ရှမ်းမြောက်တခွင်လုံး စစ်ကောင်စီအုပ်ချုပ်မှု မရှိတော့။ ယခု ရခိုင်ဆိုရင်လည်း တနှစ်နီးပါးအတွင်း တိုက်လာလိုက်တာ နပခစစ်ဌာနချုပ်လည်း ကျသွားပြီ။ ပြည်နယ်တခုလုံးလည်း လွတ်မြောက်ဖို့ သိပ်မလိုတော့။ သိပ်မကြာခင် ကချင်လည်း လွတ်မြောက်တော့မည်။
ဒါတွေဟာ တကယ်တိုက်လို့ တကယ်နိုင်နေခြင်းရဲ့ အကောင်းဆုံးသက်သေတွေပင် ဖြစ်သည်။ ဒါတောင် အားလုံး တပြိုင်တည်း တိုက်ခိုက်နေခြင်း မဟုတ်။ တပြိုင်တည်းသာ တိုက်ခိုက်လိုက်လျှင် ၁ နှစ်အတွင်း စစ်ကောင်စီ ပြိုလဲနိုင်ဖွယ်ရှိလိမ့်မည်။
ဒါဆို ဘာကြောင့် မတိုက်နိုင်ချင်တာပါလိမ့်၊ ဒါဆို မလွတ်မြောက်သေးတာက ဘာကြောင့်ပါလိမ့်။