၂၀၂၃ ခုနှစ်နှောင်းပိုင်းမှ စတင် မြင့်တက်ခဲ့သော တော်လှန်ရေးဒီရေလှိုင်းသည် ၂၀၂၄ ခုနှစ်တွင် တရစပ် အရှိန်အဟုန် မြင့်တက်နေဆဲဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ အာဏာမသိမ်းမီက အရှေ့တောင်အာရှတွင် အင်အားအကြီးဆုံးသော တပ်မတော်ဟု ကြွေးကြော်ထားခဲ့သော မြန်မာစစ်တပ်သည် အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း ၎င်းတို့ထိန်းချုပ်ရာ မြို့များစွာကို တမြို့ပြီး တမြို့ လက်လွှတ်ဆုံးရှုံးလာရသည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အာဏာသိမ်းပြီးနောက်မှ ပေါ်ပေါက်လာသော လက်နက်ကိုင်များသည် စစ်မျက်နှာအသီးသီးတွင် မဟာမိတ်ဖွဲ့ကာ မင်းအောင်လှိုင်၏ လက်ကိုင်တုတ်စစ်တပ်ကို တော်လှန်တိုက်ခိုက်ခဲ့ပြီးနောက် လတ်တလောအားဖြင့် မြို့ပေါင်း ၈၀ ကျော်ကို သိမ်းပိုက်ထားပြီဖြစ်၏။ မြန်မာနိုင်ငံအတွင်း မြို့နယ် ၃၅၂ မြို့နယ်ရှိသည့်အနက် ၇၅ မြို့နယ်ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်သည်မှာ ၉၈ မြို့နယ်သာ ရှိ၍ ကျန်မြို့များမှာ စစ်ရေးလှုပ်ရှားမှုများ ရှိနေဆဲမြို့များ ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယခုနှစ် ဩဂုတ်လအတွင်းက ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။
စစ်ကောင်စီသည် တမြို့ပြီး တမြို့ လက်လွှတ်နေရသည်သာမက ၂၀၂၄ ခုနှစ်အတွင်းမှာပင် တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုကိုပါ ဆုံးရှုံးလိုက်ရပြီ ဖြစ်၏။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး)ကို ဩဂုတ်လ ၃ ရက်နေ့တွင် ကိုးကန့် ဦးဆောင်သည် တပ်ဖွဲ့များထံ လက်လွတ်ခဲ့ရပြီးနောက် ၄ လခန့်အကြာ ဒီဇင်ဘာ ၂၀ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(အမ်း) ကို အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်တို့က ပူးပေါင်းချေမှုန်းသိမ်းပိုက်လိုက်ပြန်သည်။ မင်းအောင်လှိုင်၏ လက်ကိုင်တုတ်အဖြစ် အသုံးချခံနေရသော မြန်မာစစ်တပ်၌ တိုင်းစစ်ဌာနချုပ်ကြီး ၁၄ ခုဖြင့် ဖွဲ့စည်းထားရှိရာ တနှစ်အတွင်း စစ်ဌာနချုပ်ကြီး ၂ ခု ကျဆုံးခဲ့ပြီး ထိပ်ပိုင်းအရာရှိများစွာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခံလိုက်ကြရခြင်းသည် မြန်မာစစ်တပ်သည်သာ ခိုင်မာအတောင့်တင်းဆုံး ဖြစ်သည်ဆိုသော ယူဆချက်များကို ပြာချပစ်နိုင်ခဲ့သည်။
မြို့များ၊ တပ်ရင်းများသာမက စစ်တိုင်းဌာနချုပ်ကြီးများကိုပါ ချေမှုန်းတိုက်ခိုက် သိမ်းပိုက်လာနိုင်သော တော်လှန်ရေးတပ်များ၏ အရှိန်အဟုန်သည် ဆက်လက်မြင့်တက်နေမည့် အနေအထားကို မြင်တွေ့ကြရ၏။ သို့သော် တချို့သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ အနာဂတ်နိုင်ငံရေး ရှုမြင်နိုင်စွမ်း မှုန်ဝါးနေဆဲ ဖြစ်ဟန်ရှိသည်။ လတ်တလော တော်လှန်ရေးအရွေ့တွင် ပါမလာကြဘဲ NCA အသိုက်လေးထဲတွင်သာ အချင်းချင်း တွန်းထိုးနေကြဆဲ။ ရှမ်းတောင်တွင် အင်အားရှိ အဖွဲ့များဖြစ်သော SSA နှင့် RCSS တို့ဆိုလျင် သူတို့ချင်း ပွတ်တိုက်မှုများ ဖြစ်နေသည်ကိုသာ တွေ့မြင်ကြရသည်။
မကြာသော ကာလအတွင်း စစ်ကောင်စီသည် လမ်းနှစ်သွယ်အနက် တခုကို ရွေးချယ်ရတော့မည်ဖြစ်၏။ ကျဆင်းခဲ့ရသည့် စစ်တပ်၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆည်ရန်အတွက် လက်လွှတ်ခဲ့ရသော နယ်မြေများကို တကျော့ပြန်စစ်ခင်းယူရန် ကြိုးပမ်းခြင်းဟူသော လမ်းနှင့် တရုတ်အကူအညီကိုယူကာ စစ်ရေးကို ရောက်ရှိနေရာတွင် ရပ်တန့်ကြပြီး သူတို့ထိန်းချုပ်နိုင်သည့် နေရာများတွင်သာ ရွေးကောက်ပွဲ ကျင်းပကာ နိုင်ငံရေးထွက်ပေါက်ယူရေးလမ်းဟူ၍ လမ်းနှစ်သွယ်သာ ရှိတော့သည်။ ဘာမဆိုလုပ်ရဲသည်ဆိုသော မင်းအောင်လှိုင်သည် ပထမလမ်းကိုမူ ရွေးချယ်ရဲမည် မဟုတ်ပေ။ စစ်သက်ရင့် စစ်သားများစွာ၊ စစ်လက်နက်၊ ယာဉ် ယန္တရားများစွာပင် ကျဆုံးခဲ့ရပြီးနောက် တွေ့ကရာလူကို ပေါ်တာဆွဲဖမ်းဆီး ခေါ်ဆောင်လာရသော တပ်သားသစ်များဖြင့် တန်ပြန်ထိုးစစ်ပြုရဲလောက်သည်အထိ မင်းအောင်လှိုင်တို့ စစ်ဗိုလ်ချုပ်တသိုက် ရူးမိုက်ရဲကြမည်မဟုတ်ဟု မှန်းဆရသည်။
သို့ဆိုလျှင် မင်းအောင်လှိုင်တို့ စစ်ဗိုလ်ချုပ်တသိုက်တွင် ရွေးချယ်စရာ တလမ်းသာ ရှိ၏။ တရုတ်၏ အကူအညီဖြင့် ၂၀၂၅ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တောက်လျှောက် အချိန်ဆွဲ ဆွေးနွေးကာ ၂၀၂၅ ရွေးကောက်ပွဲ ထွက်ရပ်လမ်းကိုသာ မြန်းရန်ပင်။ ကွက်ကျားရွေးကောက်ပွဲ ပြီးပါကလည်း မင်းအောင်လှိုင်၏ စစ်တပ်ကိုသာ ကိုယ်စားပြုရမည့် လွှတ်တော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် နယ်မြေစိုးမိုးပိုင်ခွင့်အပါအဝင် အခွင့်အလမ်းများစွာကို သဘောတူညီပါကြောင်း လက်ညိုးထောင် ခေါင်းညိတ်ကြရပါလိမ့်မည်။
သို့သော် အမည်ခံလွှတ်တော်မှ ပေါ်ထွက်လာမည့် အခွင့်အလမ်းအသစ်(ဝါ) စားကျက်သစ်တို့သည် အတောင်အလက်စုံသည့်အပြင် အထိုးအဆိတ် အခွပ်အခတ်ကောင်းကြောင်း ပြသထားနိုင်သည့် အဖွဲ့များအတွက်သာ ဖြစ်ပေလိမ့်မည်။ တနည်းအားဖြင့်ဆိုရလျင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို ပြန်လည်အံတုရဲသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုသာ အထူးအလေးပေး ဆက်ဆံလာမည်မှာ မြန်မာစစ်တပ်၏ သဘောသဘာဝပင်။ စစ်တပ်က ဖန်တီးလာမည့် နိုင်ငံရေးအခင်းအကျင်းသစ်တွင် စိုးမိုးထိန်းချုပ်နယ်မြေများရရှိထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည်သာ မင်းအောင်လှိုင်စစ်တပ်ကို သူတင်ကိုယ်တင် ဆွေးနွေးနိုင်မည်ဖြစ်၏။ လတ်တလောတွင် အပေးအယူအလျော့အတင်း ကစားပွဲ ဝင်ခွင့်လက်မှတ်များကို MNDAA၊ TNLA၊ AA၊ KIA၊ KNU၊ CNF တို့က ကိုင်ဆောင်ထားနိုင်ပြီဖြစ်၏။
မွန်တို့သည်လည်း အခင်းကျင်းသစ်တွင် ပါဝင်နိုင်ရန် မွန်လက်နက်ကိုင် ဖွဲ့ ပေါင်းစည်းတော့မည်ဟု ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ကြေညာလာသည်။ မိမိတို့ တိုင်းရင်းသားအခွင့်အရေး ရရှိရန်အတွက် ဖွဲ့စည်းခဲ့ကြရပါသည်ဆိုသော SSA၊ RCSS တို့ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကမူ တုံဏှိဘာဝေနေကြဆဲဖြစ်သည်ကို တွေ့ကြရ၏။
အခင်းကျင်းသစ်၊ စားကျက်သစ်သည် ပေါ်ထွက်လာတော့မည်ဖြစ်၏။ မလိုက်ရဲသည့်အဖွဲ့တချို့မူ NCA အသိုက်ဟောင်းလေးထဲတွင် ကျန်ခဲ့ကြပေတော့မည်။
စိုင်းမင်းအောင်