Home
ဆောင်းပါး
ပညာနှင့်တပ်တည် ပြည်သစ်ဆီ
DVB
·
December 20, 2024

မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးအတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်များ အမြောက်အမြား ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။

စုစည်းကွပ်ကဲမှု အခြေအနေအလိုက် တပ်ဖွဲ့များ၏ စုဖွဲ့မှုမှာ ကျစ်လျစ်ခိုင်မှာမှု အဆင့်အမျိုးမျိုး ရှိနိုင်ပါသည်။

သို့သော်လည်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်လျှင် အမိန့်ပေးစနစ် ရှိသည်သာဖြစ်၏။ လက်နက်ကိုင်တပ်ဖွဲ့တို့၏ သဘောသဘာ၀မှာ အမိန့်အတိုင်းသာ လှုပ်ရှားဆောင်ရွက်ရပါသည်။ ထို့ကြောင့် တခါတရံ တပ်တွင်းဆက်ဆံရေးမှာ အာဏာရှင်စနစ်ဆန်တတ်၏။ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်ချီတက်နေသော်လည်း လက်နက်ကိုင်တိုက်ပွဲတို့ သဘာ၀အရ အမိန့်နှင့် အာဏာများအကြား လှုပ်ရှားဆောင်ရွက်ကြရသော တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များမှ တပ်မှူး၊ တပ်သားတို့အနေဖြင့် လုပ်ငန်းသဘောသဘာ၀ကို နားလည်ကာ အာဏာရှင်စိတ်မ၀င်စေရန် အထူးသတိပြု ဆင်ခြင်ကြရမည်ဖြစ်သည်။

အာဏာရှင်ကိုတော်လှန်ရင်း အာဏာရှင်စိတ်မ၀င်ကြရန်မှာ အမှန်ပင်အရေးကြီးလှပါသည်။ အဘယ့်ကြောင့်ဆိုသော် အာဏာဟူသည် ယစ်မူးဖွယ်ရာကောင်းသောကြောင့်ဖြစ်သည်။ တင်းကျပ်သော အမိန့်ပေးစနစ်သည်လည်း အာဏာရှင်စနစ်ထွန်းကားစေရန် အထောက်အပံ့ ပြုတတ်၏။ ဤအချက်မှာ မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း ပြည်သူ့ဘက်က ရပ်တည်နိုင်ခဲ့သော မြန်မာ့တပ်မတော်၏ ခေတ်အဆက်ဆက် အာဏာလုမှုများ၊ အာဏာရှင်လက်ကိုင်တုတ်အဖြစ် အသုံးချခံရမှုများကိုကြည့်လျှင် သိနိုင်၏။ ခိုင်မာသော အမိန့်ပေးစနစ်ဖြင့် အင်အားသုံးဆောင်ရွက်ရသည့်လုပ်ငန်း သဘောသဘာ၀ရှိသော စစ်တပ်သည် နိုင်ငံရေး‌နယ်ပယ်သို့ ၀င်ရောက်စွက်ဖက်သောအခါ နိုင်ငံကိုရော စစ်တပ်ကိုယ်တိုင်ပါ ပျက်စီးချင်းကပ်ဆိုက်ရောက်ရပါသည်။

စစ်ပွဲဆိုသည်မှာ နိုင်ငံ‌ရေးနယ်ပယ်၏ ထွက်ပေါက်မဲ့သော အခြေအနေများတွင် မဖြစ်မနေ ရွေးချယ်ရသော နည်းလမ်းတခုသာဖြစ်၏။ မြန်မာပြည်သူတို့ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ကြခြင်းမှာ ဤအချက်တွင် အကျုံး၀င်၏။ တခြားနည်းလမ်း မရှိသောကြောင့်သာ ရွေးချယ်လိုက်ကြခြင်းဖြစ်သည်။

စစ်ပွဲ၊ စစ်အင်အား ဆိုသည်မှာ အရာအားလုံးအတွက် ဘက်စုံသုံးဆေးဝါးမဟုတ်သည်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်ထားရန် လိုအပ်လှပါသည်။ ထို့ကြောင့် အနာဂတ်နိုင်ငံသစ်အား ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လိုလျှင် စစ်တပ်ကို နိုင်ငံရေး၏ လက်အောက်တွင်သာ ထားရန် ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့မှ တပ်မှူး၊ တပ်သားတိုင်းအနေဖြင့် ဤအချက်ကို  စွဲစွဲမြဲမြဲ ဆုပ်ကိုင် တိုက်ပွဲ၀င်မှသာလျှင် နွေဦးတော်လှန်ရေး၏ မူလရည်မှန်းချက် အောင်မြင်မည်ဖြစ်သည်။

တော်လှန်ရေးအောင်မြင်စေရန် လက်နက်ကိုင်တပ်ဖွဲ့များအား ခိုင်မာကျစ်လျစ်သော အမိန့်ပေးကွပ်ကဲမှုအောက်တွင် တိုက်ပွဲ၀င်နိုင်စေရန် စုဖွဲ့ပြင်ဆင်ရမည်ဖြစ်သည်။ ထိုသို့ စုဖွဲ့ရာတွင်လည်း ပြည်သူ့ဆန္ဒကို လေးစားသော၊ နိုင်ငံရေးခံယူချက် မြင့်မားသော တပ်ဖွဲ့များဖြစ်စေရန် အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံရေးအသိမြင့်မားသော၊ ခံယူချက်မြင့်မားသော တပ်သားကောင်းများဖြစ်စေရန်မှာ အခြေခံစစ်သင်တန်းများသည်လည်း အရေးပါလှ၏။

အ‌ခြေခံစစ်သင်တန်းများတွင် အခြေခံ နိုင်ငံရေးသဘောတရားများကို ထည့်သွင်းသင်ကြားနိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ သင်ရိုးများတွင်လည်း နိုင်ငံရေးစနစ်တခုကို ဦးတည်သင်ကြားခြင်းထက် အာဏာရှင်စနစ်၊ တပါတီအာဏာရှင်စနစ်၊ ပါတီစုံစနစ်၊ လူနည်းစုအုပ်ချုပ်ရေး၊ လူများစုအုပ်ချုပ်ရေး၊ ကိုယ်စားလှယ်ခန့်ထားအုပ်ချုပ်ရေး စသော အုပ်ချုပ်ရေးစနစ်များ၊ နိုင်ငံရေးစနစ်များ၏ အခြေခံသဘောတရားနှင့် အားနည်းချက်၊ အားသာချက်များကို ယှဉ်တွဲလေ့လာနိုင်စေရန်  စီမံဆောင်ရွက်သင့်ပါသည်။ ထိုမှတဖန် လူအများအကျိုးအတွက် နိုင်ငံရေးလေ့လာလိုမှုစိတ်ဓာတ်တို့ ပျိုးထောင်မြှင့်တင်ပေးရမည်ဖြစ်သလို စစ်‌ရေးသည် နိုင်ငံရေး၏ လက်အောက်တွင်သာ ရှိရမည်ဖြစ်ကြောင်း တော်တည့်မှန်ကန်သည့် ခံယူချက်များ မျိုးစေ့ချပေးနိုင်ရမည်ဖြစ်သည်။ နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်လိုလျှင် စစ်တပ်မှထွက်ပြီး လွတ်လွတ်ကင်းကင်း ၀င်ရောက်လုပ်ကိုင်ခြင်းသည်သာ မှန်ကန်သော၊ ပညာဉာဏ်ပြည့်၀သော နည်းလမ်းဖြစ်ကြောင်း သိရှိလက်ခံအောင် သင်ကြားပို့ချသော သင်ရိုးများကို ရေးဆွဲအသုံးပြုနိုင်ရန် လိုအပ်ပါသည်။

ယနေ့ခေတ်တွင် နိုင်ငံရေး၊ စစ်ရေးနယ်ပယ်များသည် နီးစပ်မှုရှိသော်လည်း လုပ်ငန်းသဘောသဘာ၀ခြင်း ဆန့်ကျင်ကွဲပြားလှပါသည်။ စစ်ရေးတွင် ရည်မှန်းချက် အောင်မြင်ရေးအတွက်ကိုသာ အာရုံစိုက်လုပ်ကိုင်ကြရသော်လည်း နိုင်ငံရေးတွင် အလျှော့အတင်း၊ အပေးယူ၊ ပြည်သူလူထု၏ သက်သာချောင်ချိရေး စသဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားလုပ်ကိုင်ကြရပါသည်။ ထိုမတူညီသော လုပ်ငန်းများကို တဦးတဖွဲ့တည်းက ထိန်းချုပ်လုပ်ကိုင်လျှင် နိုင်ငံ၏အခြေအနေ မည်မျှယိမ်းယိုင်ပျက်စီးနိုင်သည်ကို အနီးခေတ် မြန်မာ့သမိုင်းက သက်သေပြလျက်ရှိပါသည်။ တော်လှန်ရေးသမားများ၊ တော်လှန်ရေးတပ်များ အနေနှင့် ဤအချက်များကို သင်ခန်းစာယူပြီး စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို စနစ်တကျ တည်‌ဆောက်နိုင်ကြမှသာ မြန်မာပြည်သူတို့အနာဂတ် သာယာအေးချမ်းနိုင်ပေလိမ့်မည်။

တော်လှန်ရေးတပ်ဖွဲ့၀င်တို့အနေဖြင့် နိုင်ငံရေးသဘောကို နားလည်ကာ ပြည်သူ့အကျိုးအတွက် စစ်ရေးအောင်ပွဲဆီ ဦးတည်လုပ်ကိုင်ကြရပါမည်။ သို့သော် နိုင်ငံရေးအာဏာအတွက် ရောထွေးရည်မှန်းခြင်းမရှိဘဲ စည်းကမ်းပြည့်၀အောင် လေ့ကျင့်စောင့်ထိန်းကြရမည်ဖြစ်သည်။ ထို့အတူ နိုင်ငံရေးသမားများအနေဖြင့်လည်း လက်နက်ကိုင်တပ်ဖွဲ့များကို ကိုယ်ကျိုးစီးပွားနှင့် တဦးပိုင် အာဏာပါဝါများ တည်ဆောက်ရေးအတွက် ခါးပိုက်ဆောင်တပ်ကဲ့သို့ အသုံးမချမိရန် သတိပြု ဆင်ခြင်ရမည်ဖြစ်သည်။

တပ်တည်ဆောက်ရာတွင် ရေရှည်အကျိုးမျှော်ရည်ကာ ပညာဉာဏ်နှင့် နည်းပညာကို အခြေခံသော စည်းကမ်းပြည့်၀သော တပ်များဖြစ်ရန် ကြိုးစားကြရပါမည်။ နည်းပညာကို အားပြုစစ်ဆင်နိုင်ရန်မှာ မိမိတို့ ထိန်းချုပ်ဒေသများနှင့် တပ်ဖွဲ့များအတွင်းမှ သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်များကို ဖော်ထုတ် တာ၀န်ပေးနိုင်ရန် လိုအပ်ပါသည်။ ထို့အပြင် ပညာရေးကဏ္ဍကိုလည်း စနစ်တကျ မြှင့်တင်နိုင်ရန် အတူတကွ ပူးပေါင်းကြိုးစားကြရမည်ဖြစ်၏။ ပြည်သူတို့ကလည်း ထိုသို့သောတပ်များဖြစ်ရန် စောင့်ကြည့် ကူညီပံ့ပိုးကြသင့်၏။

ထို့သို့ ဉာဏ်ပညာကိုအခြေခံကာ နိုင်ငံရေးဦးဆောင်အဖွဲ့များ၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူလူထုတို့ အတူတကွ စည်းစည်းလုံးလုံး တိုက်ပွဲ၀င်လျှင် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ် ချေမှုန်းနိုင်မည်ဖြစ်ပြီး အနာဂတ် နိုင်ငံသစ်သည် အေးချမ်းကြွယ်၀မည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024