Home
မြန်မာသတင်း
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ အင်းလေး PDF ရဲမေ ဂူဂူး
DVB
·
December 18, 2024

ရှေ့တန်းစစ်မြေပြင်မှာ အမျိုးသားတွေနဲ့နည်းတူ  ကာကင်းယူပေးနေတဲ့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်က အသက် ၂၀ အရွယ် ရဲမေ ဂူဂူးဟာ စစ်တပ်အာဏာမသိမ်းခင်က အရောင်းဝန်ထမ်းအနေနဲ့ မိသားစုကို ထောက်ပံ့ပေးနေပြီး ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့သူတယောက် ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားမှုကို မခံချင်တဲ့အတွက် တောခိုလာပြီး တိုက်ခိုက်ရေးပိုင်းကို စိတ်ဝင်စားလို့ စစ်သင်တန်းတွေ တက်ခဲ့ပါတယ်။

ခုလက်ရှိမှာတော့ ရဲမေ ဂူဂူးက အမှတ် ၁၀၀၉ တပ်ရင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှာ နေထိုင်ပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ကင်းစောင့်တဲ့ တာဝန်ကို လုပ်ဆောင်နေပါတယ်။

ရဲမေ ဂူဂူးက “သင်တန်းမတက်ခင်က စားဖိုမှာကူတယ်။ ထင်းရှာတာတွေ လုပ်တယ်။ သင်တန်းတက်တုန်းက ပင်လည်းပင်ပန်းတယ်။ ဆရာတွေရဲ့ အမိန့်မနာခံတာမျိုးရှိရင် ဆရာတွေက ရိုက်တယ်။ အဲဒါက အမှတ်တရတွေပေါ့” လို့ ပြောပါတယ်။

အမျိုးသမီးဖြစ်ပေမဲ့ ရှေ့တန်းမှာ ပါဝင်ကာ ကာကင်းစောင့်ပေးတာနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေနဲ့ အသက်တွေ ပေးဆပ်ရတာတွေကို မြင်တွေ့ရတာကြောင့် မခံချင်တဲ့စိတ်နဲ့ တိုက်ခိုက်ရေးပိုင်းကို ရွေးဖြစ်တာလို့ ရဲမေ ဂူဂူးက ဆိုပါတယ်။

“ခက်ခဲတဲ့အရာရှိသလို မခက်ခဲတာလည်း ရှိတယ်။ တခါတလေ လွတ်လွတ်လပ်လပ်နေတာဆို မခက်ခဲဘူးပေါ့။ ခက်ခဲတာက ရှေ့တန်းလိုက်ရင် အဆင်မပြေတာတို့ စိတ်ညစ်စရာ ဝမ်းနည်းစရာတွေ ကြုံတာမျိုးဆို ခက်ခဲတာပေါ့နော်။ အိမ်ကိုလွမ်းတယ်၊ မိဘတွေကို လွမ်းတယ်။ ငိုမိတဲ့အချိန်တွေလည်း ရှိတာပေါ့။ စိတ်ဓာတ်ကျတာလည်း ရှိသလို စိတ်အားထက်သန်တာလည်း ရှိတာပေါ့။”

တော်လှန်ရေးထဲမှာ လူအများနဲ့အတူ တန်းတူညီမျှ နေထိုင်ရတာဖြစ်တဲ့အတွက် သီးသန့်နေထိုင်တတ်တဲ့စိတ်ကို ပြောင်းလဲစေပြီး သည်းခံကာ အခက်အခဲတွေကိုလည်း ရင်ဆိုင်ကျော်ဖြတ်လာနိုင်တယ်လို့ ဆိုပါတယ်။

“ဒီတော်လှန်ရေးက နောက်ဆုံးတော်လှန်ရေးဖြစ်တဲ့အတွက် အောင်ကိုအောင်ရမယ်။ စိတ်ဓာတ်မကျပါနဲ့၊ ကျမတို့ ကြိုးစားနေပါတယ်။ ပြည်သူလူထုတွေ တောင့်ခံပေးကြပါ။ ပူးပေါင်းပြီးတော့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်ကြပါမယ်။”

အမျိုးသမီးတွေဟာလည်း တော်လှန်ရေးအတွက် ထောက်ပို့အပိုင်း၊ ဆေးပိုင်း၊ စာသင်ကြားရေးအပိုင်း၊ ရုံးပိုင်း၊ စစ်ရှောင်အပိုင်းနဲ့ ရှေ့တန်းအပိုင်းတွေမှာပါ ကျရာတာဝန်ယူပြီး လုပ်ဆောင်နေပါတယ်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တိုက်ခိုက်ရေးပိုင်းမှာတော့ ရဲမေ ၃ ယောက်ရှိပြီး ရဲမေ  ဂူဂူးကတော့ လာမယ့် လူငယ်မျိုးဆက်တွေအတွက် ဇွဲမလျှော့ဘဲ ကြိုးစားရင်း တော်လှန်ရေး ပြီးဆုံးအောင်မြင်ချိန်မှာ မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်လို့ ပြောပါတယ်။

နှင်းနှင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013