မြန်မာပြည်တွင် ခေတ်အဆက်ဆက် ဖြစ်ပွားခဲ့သော စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော တော်လှန်ရေးများသည် တောင်တန်းဒေသများတွင်သာ ဖြစ်ထွန်းတိုးတက်နိုင်ခဲ့ပါသည်။
ထိုသို့ဖြစ်ရခြင်းမှာ မထူးဆန်းလှပါချေ။ လူမျိုးစုလွတ်မြောက်ရေး ရည်မှန်းချက်များအတွက် ပထဝီ အနေအထား အားသာချက်ကို ရယူကာ ပြောက်ကျားစစ်ကို အခြေခံရသော လက်နက်ကိုင် တော်လှန်ရေးများ ဖြစ်သောကြောင့်ပင် ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားသော စစ်အုပ်စု၏ မတရားအာဏာလုမှု ဖြစ်စဉ်အပြီးတွင် လက်နက်ကိုင်တော်လှန်ရေးသည် တောင်စဉ်အသွယ်သွယ်ကို ကျော်ဖြတ်ကာ အညာဒေသသို့ ရောက်ရှိ ဖြစ်ထွန်းတိုးတက်လာခဲ့ပါသည်။ မြန်မာပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ရေချိန်သည်လည်း သမိုင်းတလျှောက် အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့ပါသည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် ခပ်စိမ်းစိမ်းနိုင်လှသော အညာဒေသတွင်ပင် တော်လှန်ရေးတပ်ဖွဲ့များ စည်ပင်တိုးပွားလာသလို ပြည်သူလူထုကလည်း တခဲနက် အစွမ်းကုန် ပံ့ပိုးလျက်ရှိသည်။ ထို့အတွက် စစ်အာဏာရှင်တို့ ထုံးစံအတိုင်း အပြင်းအထန် ဖျက်ဆီးချေမှုန်းမှုကိုလည်း ရင်ဆိုင်နေရ၏။
သို့သော် အညာဒေသ၏ လက်နက်ကိုင်တော်လှန်ရေးသည် တောင်တန်းဒေသများနှင့် အခြေအနေ ကွဲပြားချက်များ ရှိနေ၏။ အညာမြေရောက် တော်လှန်ရေးသည် လူသားရင်းမြစ် ပေါကြွယ်ဝခြင်း၊ တော်လှန်စိတ်ဓာတ် ခိုင်မာအားကောင်းခြင်းတို့ကိုသာ ကိုင်ဆွဲ ရပ်တည်နေရခြင်း ဖြစ်သည်။
သမိုင်းနောက်ခံအခြေအနေနှင့် ပထဝီအနေအထား ခြားနားချက်များကြောင့် အညာဒေသခံ တော်လှန်ရေးတပ်ဖွဲ့များအတွက် လက်နက်အင်အားသည် အဓိကလိုအပ်ချက် ဖြစ်နေ၏။
ဤအချက်သည် ကိုင်တွယ်ဖြေရှင်းပုံ မှားခဲ့လျှင် ပြည်သူလူထုနှင့် တော်လှန်ရေးတရပ်လုံးကို ထိခိုက်စေမည့် တရားခံတရပ် ဖြစ်လာနိုင်၏။
တော်လှန်စစ်၏ မတည်ငြိမ်မှုများကြားတွင် အနာဂတ် နိုင်ငံသစ်၏ အေးချမ်းတည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်နိုင်ပါသည်။ ထို့ကြောင့် အညာဒေသခံ တော်လှန်ရေးသမားတိုင်းက အထူးသတိထား ဖြေရှင်းကြရမည် ဖြစ်သည်။
အခြေအနေ၏ တောင်းဆိုလာမှုမှ ပေါက်ဖွားလာသော အညာဒေသ၏ လက်နက်ကိုင် တော်လှန်ရေးသည် အချိန်တိုအတွင်း အမိန့်ပေးစနစ်တခုအောက်တွင် စုစည်းနိုင်ရန်မှာ မလွယ်ကူလှပေ။ ထိုအချိန်တွင် လိုအပ်ချက်အရ လက်နက်အင်အား တောင့်တင်းရေးအတွက် အလေးပေး ကြိုးစားရာမှတဆင့် ပိုမိုကွဲပြားသော ရည်မှန်းချက်သစ်များ ပေါ်ပေါက်လာခြင်း၊ ဒေသတွင်း တပ်ဖွဲ့များအကြား သဘောထားကွဲလွဲနိုင်သည့် ကိစ္စများ အမြောက်အမြား ပေါ်ပေါက်လာခြင်း စသောကိစ္စရပ်များ ဖြစ်နိုင်ကြောင်း စိုးရိမ်ဖွယ် တွေ့ရပါသည်။
ဥပမာ လက်နက်ဝယ်ယူရရှိရေးအတွက် ထိန်းချုပ်နယ်မြေမှ ရင်းမြစ်များကို မှီခိုရသည်ဖြစ်ရာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း နယ်မြေပိုင်ဆိုင်မှုအရ အငြင်းပွားမှုများသော်လည်းကောင်း၊ ကွပ်ကဲမှုမတူသော တပ်ဖွဲ့များဖြစ်သည့်အတွက် မူဝါဒရေးရာအရ သဘောထားကွဲလွဲမှုများ သော်လည်းကောင်း ဖြစ်လာနိုင်ပါသည်။ ထိုအခြေအနေများကို ကြိုတင်မျှော်တွေးကာ အညာဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ အနေနှင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းလုပ်ကိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ကြရမည် ဖြစ်သည်။
အညာဒေသခံ တော်လှန်ရေးသမားများ သတိပြု ဆင်ခြင်သင့်သည်မှာ မြန်မာပြည်သူတို့က လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံပံ့ပိုးသည်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်သစ်အတွက် ဖြစ်၏။
ပြည်သူ့အတွက်ဟု ကြွေးကြော် ဆောင်ရွက်နေကြသော တော်လှန်ရေးသမားတိုင်းအတွက် ပြည်သူ့ဆန္ဒသည်သာ နံပါတ်တစ်ရည်မှန်းချက် ဖြစ်သင့်၏။
ပြည်သူ့ဆန္ဒကို အမှန်တကယ် အလေးထားမှသာ လက်နက်ကိုင်တော်လှန်ရေး အောင်မြင်နိုင်ပေမည်။
လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တိုင်းသည် ပြည်သူလူထုအပေါ် သစ္စာရှိရန်လည်း အရေးကြီးလှပါသည်။ အညာဒေသခံ တော်လှန်ရေးသမားများ အနေဖြင့် ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာရှိသည်မှန်လျှင် ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့တိုင်းက စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စစ်အာဏာရှင်ပြုတ်ကျကာ ပြည်သူအများစု ဆန္ဒနှင့် ရွေးချယ်တင်မြှောက်မည့် အစိုးရတရပ် ပေါ်ပေါက်လာနိုင်ရေးကို အဓိက ဦးတည်ချက်ထား လုပ်ကိုင်ကြရမည်ဖြစ်သည်။ သို့မှသာ ပြည်သူလူထုကို သစ္စာခံသော တော်လှန်ရေးတပ်ဖွဲ့ကောင်းများ ဖြစ်လာကြမည်ဖြစ်သည်။
အညာဒေသခံ တော်လှန်ရေးသမားများအနေဖြင့် ခိုင်မာအားကောင်းသော စုစည်းညီညွတ်မှုကို အဓိက တည်ဆောက်နိုင်လျှင် ညီနောင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
လက်နက်ရင်းမြစ်အတွက်လည်း ချိတ်ဆက်ဆောင်ရွက်မှုများ လျှင်မြန်လာမည်ဖြစ်သည်။ ထိုမှတဖန် ဒေသတွင်း စည်းလုံးညီညွတ်မှုအား၊ ညီနောင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုအားများဖြင့် လိုအပ်သောလက်နက်များ ကိုယ်တိုင်ထုတ်လုပ်ခြင်းအထိ တက်လှမ်းနိုင်ရန် ကြိုးစားကြရမည်ဖြစ်သည်။ အညာဒေသသည် လူသားရင်းမြစ် ပေါကြွယ်ဝသောဒေသ ဖြစ်သောကြောင့် ပညာရှင်စုဆောင်းရန် မခက်နိုင်ပါ။ အဓိကလိုအပ်ချက်မှာ အချင်းချင်း စည်းလုံးညီညွတ်မှု၊ စုစည်းနိုင်မှု၊ ပြည်သူလူထုနှင့် တော်လှန်ရေးအပေါ် သစ္စာရှိမှုဖြစ်သည်။ တဦးကောင်း တဖွဲ့ကောင်းအတွက် တဇွတ်ထိုး လုပ်ကိုင်ခြင်းများသည် တော်လှန်ရေးအတွက် အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်သည့်အတွက် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့ အသီးသီးက သတိပြု ရှောင်ရှားကြရမည်ဖြစ်သည်။ တော်လှန်ပြည်သူတို့ကလည်း သတိထား စောင့်ကြည့် တည့်မတ်ပေးသင့်၏။
ထိုသို့ဆောင်ရွက်နိုင်ရန် မှန်ကန်သော သတင်းရင်းမြစ်များကို မပြတ်လေ့လာပြီး ဝေဖန်သုံးသပ်နိုင်စွမ်း ရှိရန်လည်း အားထုတ်ကြရမည် ဖြစ်သည်။
လက်နက်ကိုင် တော်လှန်ရေးဟူသည် လူ၊ လက်နက်၊ စိတ်ဓာတ် မျှတပြည့်စုံမှသာ အောင်မြင်နိုင်ပါသည်။
ထိုကဏ္ဍကြီးသုံးရပ်လုံးအတွက် အဓိက ရေသောက်မြစ်မှာ ပြည်သူလူထုပင်ဖြစ်သည်။ ထို့ကြောင့် စည်းလုံးညီညွတ်မှုနှင့်အတူ ဝောာ်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူတို့ အပြန်အလှန် ထိန်းကြောင်း မောင်းနှင်ကြမှသာ အညာဒေသ၏ တော်လှန်ရေးခရီးသည် လမ်းမှန် ဖြောင့်ဖြူးနိုင်မည်ဖြစ်သည်။ လမ်းမှန်လျှောက်နိုင်မှလည်း ပန်းတိုင် အမြန်ရောက်မည်ဖြစ်သည်။
အညာဒေသ တော်လှန်ရေးအား ပညာတတ် တော်လှန်ရေးသမားများမှ ဦးဆောင်ဦးရွက် ပြုနေကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ယခုအခြေအနေအထိ တိုးတက် ဖြစ်ထွန်းလာခဲ့ခြင်း ဖြစ်၏။
တတ်သိပညာဟူသည် မှန်ကန်သော စေတနာ ရှေ့ဆောင်မှသာ မှန်ကန်သော ရည်မှန်းချက်ဆီကို ရောက်ရှိအောင် စွမ်းဆောင်နိုင်သည်ဖြစ်၏။ တော်လှန်ရေးနှင့် ပြည်သူလူထုအပေါ် စေတနာမှန်ကြရန် အထူးလိုအပ်လှပါသည်။
စေတနာမှန်ကို အရင်းခံကာ လက်နက်ကိုင်တော်လှန်ရေး ဝါရင့်သော ညီနောင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များထံမှ နည်းနာအထောက်အပံ့များကို ရယူဆောင်ရွက်ရာတွင်လည်း စစ်ပညာ၊ လက်နက်ခဲယမ်းတို့သာမက ၎င်းတို့၏ တော်လှန်ရေးဖြတ်သန်းမှု သမိုင်းမှ ဆူကြုံနိမ့်မြင့် အခြေအနေများကိုပါ သင်ခန်းစာယူနိုင်ရမည် ဖြစ်သည်။ သို့မှသာ သွေး၊ ချွေး အသက်နှင့် ဘဝကို ရင်းကာ လျှောက်လှမ်းနေရသော တော်လှန်ရေးတွင် လမ်းမှန်ကို ရွေးချယ် လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
လက်ရှိအခြေအနေတွင်လည်း စုစည်းညီညွတ်မှု၊ ခိုင်မာအားကောင်းမှု အခြေအနေကိုလိုက်၍ တော်လှန်ရေးအောင်မြင်မှု အခြေအနေ ကွာဟချက်ရှိကြောင်း သတိပြု လေ့လာနိုင်ပါသည်။ ဥပမာ မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ စည်းလုံးညီညွတ်မှု၊ ကျစ်လျစ်ခိုင်မာသော အမိန့်ပေးစနစ်နှင့် စုဖွဲ့မှုများကို အလေးထား သင်ခန်းစာယူကြရမည် ဖြစ်သည်။
ဤသို့ဖြင့် အညာဒေသခံ တော်လှန်ရေးသမားများအနေဖြင့် ညီနောင်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များထံမှ စစ်ရေးအကူအညီအပြင် သမိုင်းသင်ခန်းစာများနှင့် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကိုပါ သင်ခန်းယူကာ ညီညွတ်သော တပ်ပေါင်းစုအနေဖြင့် စစ်အုပ်စုအား ဖြိုချနိုင်ရေးကို အလေးပေး ကြိုးစားကြသင့်၏။
ထိုသို့ စည်းလုံးညီညွတ်မှုကို အရင်းတည်ပြီး လူ၊ လက်နက်၊ စိတ်ဓာတ် ပြည့်စုံအောင် ဆောင်ရွက်ကာ တော်လှန်ရေးလမ်းကို သစ္စာရှိရှိ မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်မှသာ အညာဒေသ တော်လှန်ရေးသည် စစ်အုပ်စုအပေါ် အောင်ပွဲခံနိုင်မည် ဖြစ်သည်။ သို့မှသာ အညာဒေသသည် အနာဂတ် ဖက်ဒရယ်နိုင်ငံတော်အတွက် အင်အားပြည့် ပါဝင်စုဖွဲ့နိုင်သော ဒေသကြီးတရပ် ဖြစ်လာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ညိုသူ