တော်လှန်ရေး စိတ်ရှည်သည်းခံနိုင်မှုစွမ်းအား ဆိုရာမှာ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေနဲ့ အောင်မြင်မှုဆီကို ရောက်ရှိဖို့ အချိန်ကြာမြင့်စွာ စိတ်ဓာတ်ခွန်အား တည်ဆောက်ခြင်း၊ နှစ်သက်စရာမဟုတ်တဲ့ အခြေအနေတွေ၊ အခက်အခဲများကို ခံနိုင်ရည်ရှိစွာ သည်းခံပြီး မျှော်မှန်းရာကို အဆက်မပြတ် လိုက်လံကြိုးပမ်းနိုင်ခြင်းကို ဆိုလိုပါတယ်။
တော်လှန်ရေး ဘယ်တော့ပြီးမလဲ
တော်လှန်ရေးကြီးက မပြီးသေးဘူးလား။ ဘယ်အချိန်ကျမှ ပြီးမှာလဲ။
ကျနော်တို့က တိုက်ချင်နေပြီ အခုထိ မတိုက်ရသေးဘူးလား စသဖြင့် တော်လှန်ရေးအပေါ် အားမလို အားမရ ဖြစ်ပြီး ကျနော့်ကို စကားစမည်ပြောလာတဲ့ ညီအစ်ကိုတွေ ရဲဘော် ရဲဘက်တွေ ဒီအတောအတွင်း တော်တော်များလာတာကို တွေ့ရပါတယ်။
အဲဒီတော့ ကျနော့်ခေါင်းထဲ နိုင်ငံရေးစကားစုလေး ၂ ခု ရောက်လာတယ်။ အဲဒါက “နိုင်ငံရေး စိတ်ရှည်သည်းခံမှု စွမ်းအား” နဲ့ တော်လှန်ရေး စိတ်ရှည်သည်းခံနိုင်မှု စွမ်းအား ဆိုတဲ့ စကားစုလေးနှစ်ခု နက်နက်ရှိုင်းရှိုင်း တိုးဝင်လာတယ်။
ကျနော်တို့ အခု နွေဦးတော်လှန်ရေးကာလကို ဖြတ်သန်းလာခဲ့ကြတာ ၄ နှစ်ထဲကို ရောက်လာပါပြီ။
ကျနော်တို့နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ၄ နှစ်ကြီးများတောင်ရှိပြီ၊ အခုထိ တော်လှန်ရေးက မပြီးသေးဘူးလားပေါ့။
ရိုးသားတဲ့ မျှော်လင့်ချက်
စိတ်မရှည် သည်းမခံနိုင်စရာပါပဲ။ အပြစ်မဲ့တဲ့ တိုင်းရင်းသားပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံကြရတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ လူမဆန်စွာ သတ်ဖြတ်ခြင်းကို ခံကြရတယ်။ နောက်ပြီး အမျိုးသမီးတွေကို အတင်းအဓမ္မ အနိုင်ကျင့် စော်ကားမှုတွေ ခံကြရတယ်။ ဒါ့ကြောင့်မို့ တော်လှန်ရေးကြီးကို အမြန်ပြီးချင်တယ်ဆိုတာ ရိုးသားတဲ့ မျှော်လင့်ချက်တွေပါ။ ဒါဟာ ယထာဘူတကျကျ မျှော်လင့်သင့်တဲ့ အရာတွေပါပဲ။ ကျနော်တို့နိုင်ငံမှာ စစ်အာဏာမသိမ်းမီကာလ NLD အစိုးရလက်ထက်မှာလည်း ကျနော်တို့နိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ အတုအယောင် ဒီမိုကရေစီခေတ်မှာ နေခဲ့ကြရတယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဒီအာဏာကြီးသုံးရပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်သူလူထုက အပ်နှင်းထားတဲ့ အရပ်သားအစိုးရက အပြည့်အဝ မကျင့်သုံးနိုင်ပါဘဲ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ကာကွယ်ရေးဘက်က စစ်တပ်ကို အပ်နှင်းထားရတာမျိုးတွေ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပါတယ်။
အဲဒီအချိန်ကာလတုန်းကလည်း နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ NGO တွေနဲ့ ပြည်သူလူထုက နိုင်ငံရေး စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားတွေနဲ့ ခရီးဆက်ခဲ့ကြရတယ် မဟုတ်ပါလား။
နိုင်ငံရေး စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားနဲ့ သွားခဲ့ကြပေမဲ့ စစ်တပ်ရဲ့ အာဏာရယူလိုမှုကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့အခါ စစ်အာဏာသိမ်းယူမှု သံသရာ တကျော့ပြန် ဝဲဩဂထဲကို ကျနော်တို့ ပြန်ကြုံကြရပါပြီ။
အခုလို နွေဦးတော်လှန်ရေးကာလမှာလည်း ကျနော်တို့ အဆုံးထိ သွားကြရဦးမှာပါ။ ကျနော်တို့ အားလုံး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်မယ်ဆိုတဲ့ ယုံကြည်ချက်အပေါ် “တော်လှန်ရေး စိတ်ရှည်သည်းခံနိုင်မှု စွမ်းအား” ကို လက်ကိုင်ထားကြရမှာ ဖြစ်ပါတယ်။
တော်လှန်ရေးအပေါ် စိတ်ရှည်သည်းခံ နိုင်ဖို့ဆိုတာ ဘာတွေကိုမျှော်လင့်ပြီး စိတ်ရှည်ရမှာလဲ။ ဘာတွေကို ရည်မှန်းချက်ထားပြီး သည်းခံရမှာလဲ ဆိုတဲ့ စဉ်းစားချက်တွေ မျှော်ရည်ချက်တွေ ရှိရပါမယ်။
လက်နက်ကိုင်တော်လှန်ရေး
ကျနော်တို့တတွေဟာ လက်နက်မဲ့ အကြမ်းမဖက် တော်လှန်ရေးမှသည် အခုမျက်မှောက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြရတဲ့ အဓိက မျှော်လင့်ချက်က ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်သွားနိုင်ဖို့ပါပဲ။ ဒါကြောင့်မို့ ကျနော်တို့ဟာ ကျနော်တို့ နိုင်ငံတော်ရဲ့ သမိုင်းကြောင်းနောက်ခံ အစစ်အမှန်တွေကို သိဖို့ သိအောင် ကြိုးစားအားထုတ်ကြရပါမယ်။ ဆွေးနွေးအဖြေရှာကြရပါမယ်။ စာဖတ်ကြရပါမယ်။
တော်လှန်ရေးကာလမှာ ကြုံတွေ့ကြရမယ့်
- နာကျင်မှုတွေ၊
- မိသားစု တစုချင်းစီအလိုက် နစ်နာဆုံးရှုံးမှုတွေ၊
- အစားအသောက် အနေအထိုင် ဆင်းရဲ့ ချို့တဲ့မှုတွေ၊
- လက်နက်၊ ခဲယမ်း အကူအညီတွေ၊
- တဖွဲ့နဲ့တဖွဲ့အကြား အချိတ်အဆက် အားနည်းမှုတွေ၊
- တတ်သိပညာရှင်တွေနဲ့ လက်ရှိ စစ်ရေးမှာ ဦးဆောင်နေသူတွေရဲ့ နားလည်မှု လွဲချော်နေတာတွေ၊
- စစ်ရေးတာဝန် အားလပ်ချိန်မှာ လူငယ်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တင်မှု အစီအစဉ်တွေ မလုပ်ပေးနိုင်တာတွေ၊
- စစ်ဘက် အရပ်ဘက် ဆက်ဆံရေး တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်တွေ စသဖြင့် ကဏ္ဍပေါင်းစုံက လိုအပ်ချက်နဲ့ အဆင်မပြေမှုတွေ၊ အားနည်းချက်တွေကို သည်းခံကြဖို့ အင်မတန် အရေးကြီးပါတယ်။
အဂ္ဂမဟာဗျူဟာ လုပ်ငန်းစဉ်ကြီး
ဒါကြောင့်မို့ ကျနော်တို့ဟာ ဒီတော်လှန်ရေးကာလ ကြာညောင်းလာတဲ့အပေါ်မှာ အာရုံစိုက်မယ့်အစား မိမိတို့အဖွဲ့အလိုက် တော်လှန်ရေးကြီး ပီပီပြင်ပြင် စနစ်တကျ အောင်မြင်ပြီးမြောက်နိုင်ရေး အဂ္ဂမဟာဗျူဟာ လုပ်ငန်းစဉ်ကြီး အောင်မြင်မှုဖြစ်စဉ်ကို ဖြတ်သန်းနေကြရတယ်လို့ စဉ်စားလုပ်ဆောင်ကြဖို့ လိုအပ်လာပါတယ်။
အားကစား သဘောသဘာဝနဲ့ ချဉ်းကပ်နားလည်ရမည်ဆိုရင် အားကစားမှာ သက်လုံကောင်းတဲ့သူက အနိုင်ရစမြဲပါပဲ။ ထိုနည်းတူစွာ တော်လှန်ရေးမှာလည်း သက်လုံကောင်းရင် ကျနော်တို့ အောင်ပွဲဆင်မှာပါပဲ။
ကျနော်တို့တတွေ တော်လှန်ရေးသက်လုံကောင်းဖို့ဆိုရင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေကို ကျနော်တို့က ဘက်ပေါင်းစုံက ကျန်မနေအောင် သိအောင် လုပ်ထားကြဖို့ လိုအပ်ပါတယ်။
ကျနော်တို့ PDF လူငယ်တွေကို သိသင့် သိထိုက်တာတွေ မှန်သမျှ သိအောင်လုပ်ပေးဖို့ တာဝန်ယူထားသူတိုင်းမှာ တာဝန်ရှိပါတယ်။ လူငယ်တယောက်ချင်းစီရဲ့ အရည်အသွေးနဲ့ အရည်အချင်းကို သိပြီး တော်လှန်ရေးအတွက် အသုံးကျနိုင်မယ့်နေရာမှာ ရဲရဲဝံ့ဝံ့ အသုံးချရဲဖို့လည်း လိုအပ်ပါတယ်။
ပြည်သူ့ခုခံစစ်တပ်ဖွဲ့များ
PDF ဖြစ်စေ၊ LPDF ဖြစ်စေ လူငယ်တယောက်ချင်းစီကို အထူးလေ့လာဖို့ လိုအပ်ပါတယ်။ အခြေခံစစ်ပညာသင်ပေးတာအပြင်…
- ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို မိတ်ဆက်ရှင်းလင်းပေးခြင်း၊
- ဖက်ဒရယ်ဝါဒနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်အကြောင်း၊
- နိုင်ငံရေးသိပ္ပံ၊
- ပထဝီ နိုင်ငံရေး၊
- ခေတ်သစ် စစ်မဟာဗျူဟာ
- မြန်မာ့နိုင်ငံရေး ပကတိအခြေအနေ သုံးသပ်ချက်များနဲ့ သမိုင်းမှန်သိရှိဝေဖန် ဆန်းစစ်နိုင်ရေး အသိပညာ အစီအစဉ်တွေ ဆောင်ရွက်ပေးရမှာပါ။ အဲဒီလို တော်လှန်ရေးတရပ်အပေါ်မှာ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားကို တည်ဆောက်ပေးမှသာလျှင် လူငယ် PDF တွေ အဖတ်တင်မှာပါ။
တော်လှန်ရေး ဘေးထွက်ဆိုးကျိုး
သို့မဟုတ်ရင်တော့ တော်လှန်ရေးအပေါ် လူငယ်တွေရဲ့ အမြင်ဟာ တမျိုးဖြစ်သွားနိုင်သလို စိတ်ပျက်စရာ ငြီးငွေ့စရာ ထွက်ခွာသွားချင်စရာ စတဲ့ တော်လှန်ရေး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
တော်လှန်ရေးအပေါ် စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားဟာ လူငယ်တွေမှာ ရှိနေရုံနဲ့လည်း မပြီးသေးပါဘူး။
တော်လှန်ရေးကို စစ်ရေးအရ ဦးဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေမှာရှိတဲ့ ခေါင်းဆောင်တွေဆီမှာလည်း ရှိဖို့လိုအပ်ပါတယ်။ တကယ့်ကို ဖက်ဒရယ်ဒီမိုကရေစီကို အမှန်တကယ် ယုံကြည်မျှော်လင့်ရဲတဲ့ ခေါင်းဆောင်မှသာလျှင် အဲဒီစိတ်ဓာတ်မျိုး တွေ့ရပါတယ်။
မြေပေါ်တော်လှန်ရေးတုန်းက ပါတီအသီးသီးမှာ နိုင်ငံရေး မီးကျိုးမောင်းပျက်တွေရှိသလို အခုတော်လှန်ရေးမှာလည်း တော်လှန်ရေး မီးကျိုးမောင်းပျက်တွေ ရှိပါတယ်။
အတွေးအခေါ်အဟောင်းတွေနဲ့ အရည်အသွေးပြည့်ဝတဲ့ လူငယ်တော်လှန်ရေးသမားတွေ လူတော်ခြေတက်တွေကို ချောင်ထိုးထားချင်တဲ့ ခပ်ညံ့ညံ့တွေလည်း တွေ့ရပါတယ်။
သဏ္ဌာန်ဆောင် ဖက်ဒရယ်ဒီမိုကရေစီ အရည်ခြုံ အာဏာရှင် လက်သစ်တွေရဲ့ ဘေးဟာလည်း တော်လှန်ရေးရဲ့ အဆိပ်အတောက်တွေပါပဲ။ ဒါတွေကိုလည်း ကျနော်တို့လူငယ်တွေဟာ တော်လှန်ရေးအသိ သတိကပ်ပြီး ရင်ဆိုင်ကျော်လွှားကြရမှာပါပဲ။
လူထုအား
နောက်ဆုံး အရေးကြီးဆုံးကတော့ လူထုပါ။ လူထုတရပ်လုံးဟာ တော်လှန်ရေးအပေါ်မှာ စိတ်ရှည်သည်းခံမှု အပြည့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး ဖြစ်စဉ်မှာ ယုံယုံကြည်ကြည်နဲ့ ဆက်လက် ရင်းနှီးမြှုပ်နှံဖို့ဟာ အသက်တမျှ အရေးကြီးတာမို့ တော်လှန်ရေးခရီးကို ဦးဆောင်လျှောက်လှမ်းနေသူမှန်သမျှဟာ လူထုကို စိတ်မပျက်မိစေဖို့ အရေးကြီးပါတယ်။
လူထုရဲ့ တော်လှန်ရေးအပေါ် ယုံကြည်မျှော်လင့်ချက် ယိမ်းယိုင်မသွားဖို့ ဘက်ပေါင်းစုံက ကျားကန်ထားဖို့ လိုပါတယ်။
အဲဒီအထဲမှာ အဓိက အခန်းကဏ္ဍက ပါဝင်ပတ်သက်နေတဲ့ PDF လူငယ်တွေ စိတ်ပျက်မသွားဖို့ တော်လှန်ရေး စိတ်ရှည်သည်းခံမှုစွမ်းအား ယုတ်လျော့ပျောက်ဆုံးမသွားဖို့ကိုတော့ အဖွဲ့အစည်းတိုင်းမှာ ဦးဆောင်နေတဲ့ တာဝန်ခံ ခေါင်းဆောင်တွေ အထူးသတိထား ဆောင်ရွက်ကြဖို့ သတိချပ်ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ တော်လှန်ရေး စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားကို အဓိပ္ပာယ်ဖွင့်ဆို အနှစ်ချုပ်ရမယ်ဆိုရင် -
၁။ စိတ်ဓာတ်တည်ငြိမ်မှု
တော်လှန်ရေး အောင်မြင်ဖို့က အချိန်ယူရတာကြောင့် စိတ်ဓာတ်ဖိအားတွေ၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ စိတ်ငြိမ်မှုကို ကောင်းစွာ ထိန်းသိမ်းနိုင်မှုကို အဓိကထားရှိပါတယ်။
၂။ ကြံ့ခိုင်မှု
အခက်အခဲကြားမှာ ဆက်လက်တည်ရှိပြီး အားမလျော့စေဖို့ တဦးချင်းဆိုင်ရာ သက်တောင့်သက်သာမှုနဲ့ စွမ်းဆောင်ရည်ရှိမှုကို ဖော်ပြပါတယ်။
၃။ ရည်မှန်းချက်ခိုင်မြဲမှု
ရည်မှန်းချက်ကို မျှော်လင့်ပြီးတော့ ခံစားနေရတဲ့ အခြေအနေတွေ၊ တုန်လှုပ်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေကို သည်းခံနိုင်မှုကို အဓိက ပြသပါတယ်။
၄။ အဆက်မပြတ် ကြိုးပမ်း စွမ်းဆောင်နိုင်မှု
အချိန်ကြာမြင့်စွာ လက်မလျှော့ဘဲ ဆက်လက်လုပ်ဆောင်နိုင်မှု ဖြစ်ပါတယ်။
တော်လှန်ရေးမှာ စိတ်ရှည်သည်းခံနိုင်မှုဟာ ရည်မှန်းချက်ကို အောင်မြင်စေတဲ့ အခြေခံ ကျောက်တိုင်တခုဖြစ်ပြီး တဦးချင်းစီကနေ စုစည်းမိတဲ့ အဖွဲ့အစည်းတခုလုံးရဲ့ အောင်မြင်မှုအထိ သက်ရောက်စေတတ်ပါတယ်။
တော်လှန်ရေး စိတ်ရှည်သီးခံနိုင်မှု စွမ်းအားကို အင်္ဂလိပ်ဘာသာနဲ့ “The Power of Patience and Resilience in Revolution” လို့ ခေါ်ဆိုနိုင်ပါတယ်။ “Patience” ဟာ စိတ်ရှည်လက်ရှည်နေခြင်း၊ “Resilience” က အခက်အခဲများကို ခံနိုင်ရည်ရှိစွာ တိုက်ဖျက်နိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီနေရာမှာ နောက်ခံအကြောင်းအရာနဲ့ အသုံးချပုံပေါ် မူတည်ပြီးတော့ အခြားသော အသုံးအနှုန်းတွေနဲ့လည်း လိုက်လျောညီထွေ ပြောင်းလဲနိုင်ပါသေးတယ်။
ဥပမာ - “Endurance in the Face of Revolutionary Struggles”
“Sustained Determination in Revolutionary Movements”
“Perseverance and Inner Strength in Revolutions”
(တော်လှန်ရေးကြီး ခရီးနှင်နေပြီ။ အရေးတော်ပုံ မုချအောင်မြင်ဖို့ ကျနော်တို့တွေအားလုံး ဝိုင်းဝန်းကြိုးစားကြပါစို့)
ချစ်မင်းနွဲ့ကြည်