Home
ဆောင်းပါး
မြို့ပြနေ့ညများ (အပိုင်း-၉ ၊ ၁၀)
DVB
·
November 25, 2024
Design-DVB

ဒလန်အိမ်နား တိမ်းရှောင်လာသူ

“ဘုရားသုံးဆူဘက်ကို တက်လာခဲ့၊ ဒီမှာ ဘာမှပူစရာမလိုဘူး၊ အထဲမှာ အကြာကြီး ဒီထက် အခြေအနေ ဆိုးလာနိုင်တယ်”

မိတ်ဆွေတယောက်က အကြံလည်းပေးရင်း ကားလည်း စီစဉ်ပေးတယ်။ အဲဒီမနက်က ဘုရားသုံးဆူကိုသွားဖို့ ထွက်လာကြပြီး တောင်ဥက္ကလာက ဆိုင်တဆိုင်မှာ မနက်စာ စားကြတယ်။ မနက်စာစားပြီးတာနဲ့ ခရီးဆက်ကြတယ်။ ကားက တရွေ့ရွေ့နဲ့ လေးထောင့်ကန်လမ်းမပေါ်မှာ အရှိန်ကောင်းကောင်းနဲ့ သွားနေတယ်။ ပဲခူးဘက်အထွက် ရောက်ခါနီးပြီ။ ကျနော့်စိတ်ထဲ ထင့်နေတာကို မေးလိုက်တယ်။

“မှတ်ပုံတင် ပါလား”

ကျနော်မေးလိုက်တော့ မှတ်ပုံတင်တွေကို ထုတ်ပြတယ်။ ပြဿနာ ခုမှစတာ။ ဖြစ်ပုံက ခရီးသွားတဲ့ ကျနော်တို့ ၃ ယောက်ကို မှတ်ပုံတင် ၃ ခုပါပေမဲ့ ကျနော့်အမျိုးသမီးက ကျနော့်မှတ်ပုံတင်နဲ့ ကျနော့်ညီမှတ်ပုံတင်ကို မှားယူလာမိတယ်။

ဒီတော့ ကားဆရာက ဒီလိုသွားလို့တော့ မရဘူး။ လမ်းမှာက တောက်လျှောက် အစစ်အဆေးရှိတယ်။ မှတ်ပုံတင်က လမ်းခရီးမှာ အသက်လောက်အရေးပါတယ်။ ပြန်လှည့်ပြီး ယူကြမယ်‌လို့ ပြောတယ်။ ဒီလိုနဲ့ မြို့ထဲပြန်ရောက်တော့ ခရီးသွားမယ့် ၃ ယောက်မှာ တယောက်က စိတ်ပြောင်းသွားတယ်။ မသွားတော့ဘူးတဲ့။ ဒါနဲ့ ကျနော်တို့လည်း မှတ်ပုံတင်ပြန်လဲ၊ အထုပ်အပိုးတွေနဲ့ ရွာပဲပြန်မယ်ဆိုပြီး ကားဆရာကို ဈေးညှိလိုက်တယ်။

ရွာပြန်တဲ့လမ်းမှာ ပြန်လာနေပြီဆိုတဲ့အကြောင်း အမေ့ဆီဖုန်းဆက်တော့ အမေကလည်း ရွာကိုပြန်မလာနဲ့၊ ပြန်လာလို့မဖြစ်ဘူးဆိုပြီး သွားရမယ့်နေရာကို လမ်းညွှန်ပေးတယ်။ ထွက်လာတဲ့အတူတူ မထူးတော့ဘူးဆိုပြီး ဆက်သွားရတော့တာပဲ။

အဲဒီရွာရောက်ပြီး တပတ်ပြည့်မခင်မှာဘဲ ကျနော်နေတဲ့အိမ်အနီးမှာ ဒလန်အကြီးစားတယောက်ရဲ့ ဆိုင်ရှိနေတာကို သိလိုက်ရတယ်။

“နင်တို့ရွာမှာ အေးချမ်းတယ်။ ရွာကိုပြန် ဒီမှာမနေကြနဲ့၊ နင်အခုနေတဲ့နေရာက စစ်တပ်ကထွက်လာတဲ့သူ၊ နင့်အကြောင်းတွေသိလို့ကတော့ မလွယ်ဘူး၊ မြန်မြန်ပြန် ဒီမှာမနေနဲ့”

အဒေါ်တယောက်က ကျနော့်ကို မရမကကို နှင်လွှတ်တယ်။ အကြောင်းကတော့ စစ်တပ်နဲ့ နီးစပ်တဲ့တယောက်က လက်ရှိ ကျောင်းကုန်းမြို့မှာနေတယ်။ လျှပ်စစ်ပစ္စည်းဆိုင်၊ ဓာတ်မြေဩဇာ အရောင်းဆိုင်တွေ ဖွင့်ထားတယ်။ သူက ဒေသခံတွေကို ပုံစံတမျိုးနဲ့ ဆက်ဆံရေး တည်ဆောက်ထားတယ်။

COVID-19 ကာလမှာ ကျောင်းကုန်းမြို့အနီးက ရွာတွေက လူငယ်တွေ တခြားဒေသ၊ တခြားနယ်မှာ အလုပ်လုပ်နေရင်း အလုပ်တွေရပ်လို့ ကိုယ့်အိမ်ကိုယ် ပြန်လို့မရတဲ့အတွက် သူ့ကားနဲ့ ပြန်ခေါ်ပေးတယ်။ တနိုင်ငံလုံး ဘယ်နေရာမဆို သူ့ကားနဲ့ဆို အစစ်အဆေး အမေးအမြန်းမရှိ သွားလာလို့ရတယ်လို့ ဆိုကြတယ်။

အာဏာသိမ်းပြီးနောက် သူ့ကို ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေကြတာ ရှိတယ်။ စစ်တပ်ဘက်ကလူ ဖြစ်တဲ့အတွက် သူ့ကို ထိတ်လန့်နေရတာမျိုးတွေ ရှိတဲ့အကြောင်းလည်း ကြားသိခဲ့ရတယ်။

“သူက စစ်တပ်ကလူ။ ရွာမှာ မျက်နှာကောင်းရအောင်နေတယ်။ တခြားနေရာမှာ နာမည်ပျက်ရှိတယ်။ နင့်ကို သတင်းသမားမှန်းသိသွားရင် အန္တရာယ်ရှိတယ်။ ဒီမှာမနေနဲ့ မြန်မြန်ပြန်”

ကျနော့်ကို အဒေါ်ဖြစ်သူက ဒီနေရာကနေ ဝေးနိုင်သမျှဝေးအောင် မြန်မြန်ထွက်သွားဖို့ပဲ ပြောတယ်။ အဲဒီအချိန်ကတော့ ဒလန်ဆိုတဲ့အသုံးကို တွင်တွင်ကျယ်ကျယ် မသုံးကြသေးဘူး။

“သီဟဇော်က စစ်တပ်ကလူ။ လမ်းထိပ်မှာ ‘ဒို့အမျိုးသား’ ဓာတ်မြေဩဇာဆိုင် ဖွင့်ထားတယ်။ ကျောင်းကုန်းမြို့ထဲမှာလည်း လျှပ်စစ်ပစ္စည်းဆိုင် ဖွင့်ထားတယ်”

သူတို့ပြောပြသလောက် စိတ်ထဲမှာထားလိုက်ပြီး ဒီနေရာကနေ မြန်မြန်ထွက်ဖို့ ပြင်ရတယ်။ ကျောင်းကုန်းမြို့ထဲက သူ့ဆိုင် ဘယ်နေရာနေသလဲ ဆိုတာကိုတော့ မသိပါဘူး။ ကျောင်းကုန်းမရောက်ခင် ရန်ကုန်-ပုသိမ် လမ်းမဘေး ရွာတရွာမှာ ဓာတ်မြေဩဇာ အရောင်းဆိုင် လာဖွင့်ထားတာကိုပဲ သိရတယ်။ ကျနော်တို့ရောက်ကတည်းက မနက်တိုင်း အဲဒီဆိုင်နားက မုန့်ဟင်းခါးဆိုင်မှာ မနက်စာ သွားစားဖြစ်တဲ့အကြောင်း အဒေါ်ကိုပြောပြတော့ ကျနော့်အဒေါ်လည်း မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားတယ်။

နှစ်ပတ်လောက်နေပြီး အဲဒီရွာကနေ ပြန်ထွက်လာခဲ့တယ်။ ရွာမှာလည်း အချိန်အကြာကြီး နေလို့မဖြစ်တာနဲ့ ရန်ကုန်ပဲ ပြန်လာလိုက်တယ်။ နေလို့ရသလောက် နေမယ်။ အခြေအနေမလှရင် တနေရာကိုပြောင်းဖို့ လုပ်ရမှာဖြစ်တယ်။ ရန်ကုန်မှာနေမယ်ဆိုတော့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကျနော် အလုပ်ရှာရပါတော့တယ်။

ရန်ကုန်လူနေမှုစရိတ်ကို ကာမိဖို့ဆိုတာ အလုပ်တခုရှိနေမှရမှာ။ အရင် သတင်းထောက်အလုပ်ကို စွန့်ပြီး တခြားအလုပ်တခုခုကို အပြောင်းအလဲလုပ်ဖို့ ဖြစ်တယ်။ အလုပ်လျှောက်လွှာတွေသာ တနေရာပြီးတနေရာ လိုက်တင်ထားတယ်၊ ဘယ်နေရာကမှတော့ အလုပ်မခေါ်ပါဘူး။

ဒီလိုနဲ့ သတင်းဌာနတခုရဲ့ အလုပ်ခေါ်စာကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့လိုက်တယ်။ အလုပ်လျှောက်ထားလို့ရတဲ့ ရာထူးက သုံးနေရာ။ အယ်ဒီတာရာထူး၊ သတင်းထောက်နဲ့ HR ရာထူးတွေအတွက် ခေါ်ယူထားတာကို တွေ့ရတယ်။

အယ်ဒီတာရာထူးနဲ့ သတင်းထောက်နေရာအတွက်က ပြည်တွင်းပြည်ပ မခွဲခြားဘဲ လျှောက်ထားလို့ရတယ် ဆိုတဲ့အချက်က ကျနော့်ကို လက်လာတို့ပြီး အလုပ်တခုခုပြန်လုပ်ဖို့ လာခေါ်နေတယ်လို့ ခံစားမိတယ်။ အယ်ဒီတာရာထူးနဲ့ ရန်ကုန်မှာ သုံးနှစ်နီးပါး အလုပ်လုပ်ဖြစ်ခဲ့ပါတယ်။

ကျောင်းကုန်းမြို့အနီးက ရွာကနေ အပြန်မှာ အခုလို သတင်းဌာနတခုမှာ အယ်ဒီတာရာထူးနဲ့ အလုပ်လုပ်နေလိုက်တယ်။ အလုပ်ရပြီးလို့ ရှစ်လလောက်အကြာမှာ ကျောင်းကုန်းမှာ ဒလန်အိမ်ကို ဗုံးလာပစ်တဲ့ လူငယ်တွေကို ရပ်ကွက်က ဝိုင်းဖမ်းလို့ မိသွားတဲ့သတင်း ရတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ကိုယ်တိုင် ရသလောက် အချက်အလက်တွေကို သတင်းထောက်ကို ရှာပေး၊ သတင်းတင်ဖို့အတွက်လည်း တည်းဖြတ် ပြင်ဆင်တာတွေ လုပ်ပေးဖြစ်တယ်။

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့၊ ဆပ်ကွင်းရပ်ကွက်က ဒလန်လို့နာမည်ထွက်နေသူရဲ့ ဆိုင်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် ညပိုင်းက ဗုံးဖောက်ခွဲခဲ့တဲ့ လူငယ်နှစ်ဦး ရိုက်နှက်ဖမ်းဆီးခံရ။

ကျောင်းကုန်းမြို့ အဝင်ဂိတ်အနီးက ‘ဒို့အမျိုးသား’ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ မီနီစတိုးဆိုင် ပိုင်ရှင်လည်းဖြစ် အသက် ၅၀ ကျော်အရွယ် ဦးသီဟဇော်နဲ့ ကျောင်းကုန်းမြို့ သစ်စိမ့်ကုန်းကျေးရွာက အသက် ၄၂ နှစ်အရွယ် ဒေါ်ခင်လပြည့်ဝန်းတို့က ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်ပြီး စစ်ကောင်စီရဲ့ အမာခံ သတင်းပေးတွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြကြတယ်။

သတင်းတွေမှာ ဖော်ပြချက်အရတော့ အခင်းဖြစ်တဲ့ မြို့အဝင်ဂိတ်အနီးကဆိုင်ကို ဖော်ပြထားကြတယ်။ မြို့မရောက်ခင် ရွာတရွာက ‘ဒို့အမျိုးသား’ ဓာတ်မြေဩဇာ အရောင်းဆိုင်ကိုတော့ ဖော်ပြကြတာ မတွေ့မိဘူး။

ဒီဖြစ်စဉ်ဖြစ်ပြီးလို့ တနှစ်လောက်အကြာမှာ ငါးသိုင်းချောင်းမြို့ကိုသွားဖို့ အကြောင်းတခု ပေါ်လာတယ်။ လမ်းတလျှောက်မှာတော့ စစ်ဆေးရေးဂိတ်တွေ အထပ်ထပ်ကို ကျော်ဖြတ်ပြီး သွားရတယ်။ ခေတ်ကောင်းချိန်ကတော့ ဆိုင်ကယ်နဲ့ လွတ်လွတ်လပ်လပ် သွားလို့ရပေမဲ့ ခုအချိန်မှာ‌တော့ အကြံပေးတဲ့သူတွေက လိုင်းကားနဲ့သာသွား၊ အန္တရာယ်ကင်းတယ်။ ဘယ်သူမှမစစ်ဘူး။ ဒါနဲ့ ဒီအကြံပေးချက်အတိုင်းပဲ သွားဖြစ်ခဲ့တယ်။

စစ်ဆေးရေးဂိတ်တခုကို ဖြတ်ခါနီးတိုင်းမှာ ကားစပါယ်ရာက “ဖုန်းတွေသိမ်းထားပေးကြပါ၊ ဂိတ်ကျော်ပြီးမှ ဖုန်းပြောစရာရှိတာကို ဆက်ပြောကြပါခင်ဗျာ။ စစ်ဆေးရေးဂိတ်ဖြတ်မှာမို့လို့ ဖုန်းတွေပိတ်ထားပေးကြပါခင်ဗျာ” လို့ အော်ပြီး သတိပေးတယ်။ ကားစပါယ်ရာ ပြောတဲ့အတိုင်းပဲ ကားပေါ်ပါတဲ့ ခရီးသည် အားလုံးက လိုက်လုပ်ကြတယ်။

“ကားပေါ်မှာ ဖုန်းပြောနေတာတွေ့ရင် ကားပေါ်တက်လာပြီး ဖုန်းသိမ်းတာ၊ လိုက်တောင်းလို့လည်း မရတော့ဘူး” လို့ အရှေ့ခုံက တယောက်က သူကြုံခဲ့တာကို ပြောပြတယ်။

သိမ်းတာမဟုတ်ဘူး၊ ဒါ လုယက်တာပဲ။ သူများပစ္စည်းကို လုယက်တဲ့သူတွေပဲလို့ ကျနော့်စိတ်ထဲတော့ မှတ်ချက်ချလိုက်တယ်။

မကြာခင် ကျောင်းကုန်းမြို့ကို ကားက ဖြတ်တော့မှာပါ။ မြို့မရောက်ခင် ‘ဒို့အမျိုးသား’ ဓာတ်မြေဩဇာဆိုင်ရှေ့ကဖြတ်တော့ ဆိုင်ကို လှမ်းကြည့်မိတယ်။ ဆိုင်က တထပ်တိုက်။ ဆိုင်းဘုတ်ကတော့ မရှိတော့ဘူး။ အရင်က ‘ဒို့အမျိုးသား’ ဆိုင်းဘုတ် ထောင်ထားခဲ့ဖူးတဲ့ တိုင်နှစ်တိုင်ကတော့ မြက်ပင်တွေကြားမှာ မားမားကြီး ရပ်နေတယ်။ ဆိုင်ရဲ့ ဘေးပတ်ပတ်လည်မှာတော့ နွယ်ပင်တွေ တွယ်တက်နေတာကိုပဲ တွေ့ခဲ့ရပါတယ်။

~~~~~~~~~~~~~~~~~~

မြို့ပြနေ့ညများ (အပိုင်း-၁၀)

စာသင်ကျောင်းကို ဗုံးဖောက်မယ့်သူ

အာဏာသိမ်းပြီးနောက် ရွာကို နောက်ဆုံးတခေါက် ပြန်ရောက်ဖြစ်တယ်။ COVID-19 ဖြစ်တုန်းက ရန်ကုန်မှာ Lock Down ချထားတဲ့ရက်တွေမှာ ရွာကို ပြန်ရောက်ဖြစ်သေးတယ်။ ရွာမှာ မျက်နှာပြန်ပြတဲ့ အကြိမ်ရေက ခပ်စိတ်စိတ်တော့ ဖြစ်သွားတယ်။

စိတ်ထဲမှာတော့ ခါတိုင်းလိုပဲ သွားချည်လာလှည့် ရှိနေသူတယောက်လိုပဲ ထင်ခဲ့မိတယ်။ ရွာမှာ စောင့်ကြည့်နေသူ ရှိနေတာကိုတော့ သတိမထားမိလိုက်ဘူး။ ဘယ်အချိန် ရွာကိုပြန်လာလဲ။ ဘယ်အချိန် ရွာကနေ ပြန်သွားသလဲ ဆိုတာ စောင့်ကြည့်နေတာမျိုးလည်း ဖြစ်နိုင်တယ်။

ရန်ကုန်မြို့တနေရာက အခန်းထဲမှာ သတင်းအလုပ်လုပ်နေရင်း မက်ဆင်ဂျာကနေ စာတိုလေးတစောင် ဝင်လာတယ်။ စာပို့လာသူက ညီမဖြစ်သူပါ။ သူက ရွာက အထက်တန်းကျောင်းမှာ ကရင်စာသင်ပေးနေတဲ့ ကျောင်းဆရာမ။ ကျောင်းမှာက ကျနော်နဲ့ ဆွေမျိုးမကင်းတဲ့ ဝန်ထမ်းတွေ များပါတယ်။ ကျောင်းလုပ်သားကနေ မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမတွေအထိ အများစုက ကျနော့်ဆွေမျိုးရင်းချာတွေ ဖြစ်ကြတယ်။

“အစ်ကိုကြီး နင် ရန်ကုန်မှာလား။ အခုနေတာ လုံခြုံရဲ့လား။ အခု နင့်သတင်း ကျောင်းမှာ ပျံ့နေတယ်။ နင် ကျောင်းကိုပြန်ပြီး ဖောက်ခွဲရေးလုပ်မယ် ဆိုတဲ့အကြောင်း ကျောင်းအုပ်ကြီးကစပြီး သတင်းတွေလွှင့်နေတယ်။ ဆရာ ဆရာမတွေ အားလုံးလည်း ဒီသတင်းကို သိကြတယ်”

ညီမဖြစ်သူ ပို့လာတဲ့စာပါ။ သူ စာပို့လာချိန် ကျနော့်လက်ထဲ လက်နက်နဲ့တူတာ အပ်တိုတချောင်းတောင် ရှိတာမဟုတ်ဘူး။ ဒါဟာ ပုံမှားရိုက်ဖို့ သတင်းလွှင့်တာပဲ။ သတိထားပြီး စောင့်ကြည့်ပေးဖို့ ညီမကို ပြောလိုက်တယ်။ ကျောင်းမှာ ပေါက်ကွဲမှုတခုခု ဖြစ်ပြီဆိုတာနဲ့ ဖုန်းဆက်အသိပေးဖို့။ ကျောင်းမှာ ပေါက်ကွဲမှုတခုခု ဖြစ်ပြီဆိုတာနဲ့ ပြေးဖို့လမ်းပေါက်လည်း ကြိုရှာထားရတော့တယ်။

ညီမဖြစ်သူဆီကနေ ဒီသတင်းကိုမကြားခင်က ရွာက စာသင်ကျောင်းမှာ စစ်သားတွေ အစောင့်လာချထားတဲ့အကြောင်း တယောက်က သတင်းကြိုပို့ထားလို့ သိရတယ်။ အဲဒီရက်တွေက စာသင်ကျောင်းတွေမှာ စစ်သားတွေက ဖောက်ခွဲတာတွေ လုပ်ကြတယ်။ အဲဒီ ဖောက်ခွဲတဲ့အရာကို သူတို့ ကြိုတင်စီစဉ်ထားတဲ့သူ တယောက်ယောက်က ဖောက်ခွဲတာပါဆိုပြီး သတင်းထုတ်ပြန်တယ်။ မြန်မာနိုင်ငံရဲ့ နေရာအများစုမှာ ဆက်တိုက်ဆိုသလို အခုလိုလုပ်ကြ‌တယ်။

ဥပမာ- စာသင်ကျောင်းတကျောင်းမှာ စစ်သားတွေက ဝင်ပြီး ဖောက်ခွဲတယ်။ ပြီးရင် ဖောက်ခွဲတာဟာ ဒီလူပါဆိုပြီး စစ်ကောင်စီရဲ့ မြန်မာ့အသံကနေ သတင်းလွှင့်တယ်။ သူတို့သတင်းလွှင့်တဲ့လူက လွန်ခဲ့တဲ့ လေးငါးလက လွတ်မြောက်နယ်မြေ ရောက်နေသူ ဖြစ်နေတာ။ စွပ်စွဲခံရတဲ့သူက သူသည် ရွာနဲ့ အဆက်အသွယ်မရှိပါ။ အခုကိစ္စဟာ စစ်ကောင်စီရဲ့ ပုံမှားရိုက်တဲ့ စွပ်စွဲချက်သာဖြစ်တယ် ဆိုတာကို လူမှုကွန်ရက်စာမျက်နှာ‌ပေါ်ကနေ တုံ့ပြန်ရေးသားကြတာမျိုးတွေ ရှိခဲ့ပါတယ်။

ညီမဖြစ်သူဆီက သတင်းရတော့ သတိထားပြီး နေရတယ်။ သူစာပို့တဲ့အချိန်က တခုပြန်မေးလိုက်တယ်။ အဒေါ်တယောက်က အဲဒီကျောင်းက ကျောင်းဆရာမ ဖြစ်နေတာ ဆိုတော့ “သူရော ဒီသတင်းကို မသိဘူးလား” လို့မေးတော့ “သူလည်းသိတယ်” လို့ ညီမက ပြန်ပြောတယ်။ ညီမကိုလည်း သတိနဲ့နေဖို့၊ အခုစာပို့တာ ဘယ်သူ့ကိုမှ မပြောဖို့၊ ပို့ထားတဲ့စာတွေ ဖျက်ထားဖို့ နှုတ်ပိတ်ထားလိုက်တယ်။

ရန်ကုန်မှာ အဲဒီအချိန်က မြေအောက်သတင်းသမားတယောက် အနေနဲ့ လှုပ်ရှားနေခဲ့တယ်။ မိသားစုနဲ့ ရွာကိုတော့ တခြားအလုပ်တခုမှာ ဝင်လုပ်နေတယ်လို့ ပြောထားရတယ်။ မြေအောက်သတင်းသမား ဆိုပေမဲ့ လက်ထဲမှာတော့ ဖုန်းတလုံးတည်းရယ်။ ခါတိုင်းလို ကွန်ပျူတာ၊ ကင်မရာ တကားကားနဲ့ ပတ်ဝန်းကျင်မှာ မနေရဲတော့ဘူး။ နေလို့လည်း မရတော့ဘူး။ သတင်းလိုက်ရင် မှတ်စုနဲ့လိုက်တတ်တဲ့ အကျင့်ကိုတော့ ဖျောက်လို့မရခဲ့ဘူး။ မှတ်စုလိုက်ထားတဲ့ စာရွက်တွေကို တရက်စာ တရက်စာ ဆုတ်ဖြဲပြီး အပြောင်ရှင်းတာမျိုး လုပ်ရတယ်။ သူတို့သတင်းလွှင့်သလို ကျောင်းမှာ ဖောက်ခွဲရေး ပြန်လုပ်မယ်ဆိုတဲ့ အချိန်က ကျနော့်လက်ထဲ ဖုန်းတလုံး၊ ဗလာစာအုပ်တအုပ်နဲ့ ဘောပင်တွေသာ ရှိပါတယ်။ ပေါက်ကွဲစေတတ်တဲ့ လက်နက်ဆိုလို့ ဘာတခုမှ မရှိပါဘူး။ စိတ်ထဲမှာတော့ သူတို့မလုပ်ရဲတာ ဘာမှမရှိဘူး။ လုပ်လည်း လုပ်နေကြတာပဲ။ သတိထားပြီး စောင့်ကြည့်နေလိုက်တယ်။

ရွာမှာတော့ စစ်တပ်နဲ့ပေါင်းနေတဲ့ ဒလန်တယောက်ကို ဝိုင်းဆဲကြတယ် ဆိုတာကို ကျနော် ထိုင်းရောက်မှ သိရတယ်။ ကျောင်းနေဘက် သူငယ်ချင်းတယောက်က ရွာက ဒလန်တယောက်ကို စစ်သားတွေနဲ့ တတွဲတွဲလုပ်လို့ သူ့အကောင့်ရဲ့ မက်ဆေ့ချ်ဘောက်စ်ကနေ စာပို့ ဆဲဆိုတဲ့အကြောင်းကို ပြောပြလာလို့ သိရတယ်။

ကျနော့်ကို ကျောင်းဖောက်ခွဲရေး လုပ်မယ်ဆိုပြီး သတင်းလွှင့်တဲ့ရက်တွေက ဖြစ်မယ်လို့ တွေးမိလိုက်တယ်။ အဲဒီရက်က ဒလန်လို့ နာမည်ထွက်တဲ့တယောက်ကို ကျောင်းကိုလာစောင့်တဲ့ စစ်သားတွေနဲ့ အတူရှိနေတာကို မြင်ခဲ့တဲ့သူတွေက ကျနော့်ဆီ သတင်းပေးပို့လာတာ ရှိခဲ့တယ်။ သတင်းလွှင့်ပြီး လေးငါးလကြာသည်အထိ ရွာကစာသင်ကျောင်းမှာ ပေါက်ကွဲမှုတစုံတရာ မရှိခဲ့ပါဘူး။ တော်သေးတယ်လို့ စိတ်ထဲချမိတယ်။ ရွာမှာ ကိစ္စတခုခု ဖြစ်မလာခဲ့တာ ကံကောင်းတယ်လို့ မှတ်ယူရမယ်။ တဖက်မှာတော့ ကျနော် မြို့ပြ မြေ‌အောက်သတင်းသမားတယောက် အနေနဲ့ အာရုံစိုက်ပြီး လှုပ်ရှားနေလိုက်တယ်။

ငယ်ဘဝ စာသင်ကျောင်းလေးထဲက အကြောင်းအရာတချို့ကို နောက်ကြောင်း ပြန်ကြည့်မိတယ်။ ကျနော် မူလတန်းနဲ့ အလယ်တန်းအထိ နေခဲ့တဲ့ စာသင်ကျောင်းလေးက အခုတော့ အထက်တန်းကျောင်း ဖြစ်လို့နေပါပြီ။ အခု စာသင်ကျောင်းရဲ့ပုံစံကတော့ ပုံပေါ်အောင် ရေးပြစရာ မပေါ်တော့ပါ။ ကျနော်တို့ငယ်ဘဝက စာသင်ကျောင်းပုံစံက E Shape ပုံသဏ္ဌာန် အလယ်တန်းကျောင်းဆောင်ကြီးတဆောင်နဲ့ လက်ဝါးကားတိုင်ပုံစံ မူလတန်း ကျောင်းဆောင်လေးတဆောင် ရှိတယ်။ အလယ်တန်းကျောင်းဆောင်ရဲ့ရှေ့မှာ လူကြီးတရပ်မြင့်တဲ့ ပုဏ္ဏရိပ်ပင်တွေနဲ့ ပုံဖော်ထားတဲ့ ပန်းခြံတခုရှိတယ်။

အဲဒီပန်းခြံထဲမှာ ကျနော်တို့ စစ်တိုက်တမ်း ကစားခဲ့ကြတယ်။ အလယ်တန်းကျောင်းဆောင်နဲ့ မူလတန်းကျောင်းဆောင်က ကိုက် ၃၀၀ လောက် ဝေးပါတယ်။ အုတ်လမ်းကလေးနဲ့ ဆက်သွယ်ထားတယ်။

သက်ကြီးစကား သက်ငယ်ကြားရတဲ့ စာသင်ကျောင်းရဲ့ အကြောင်းတွေထဲမှာ ကျနော်တို့ ငယ်ဘဝက တက်ခဲ့ရတဲ့ စာသင်ကျောင်းဆောင်တွေ မဖြစ်ခင်က ဝါးနဲ့ အဆောင်ဆောက်ပြီး စာသင်ခဲ့ကြရတာလို့ ဆိုကြတယ်။

ဒီစာသင်ကျောင်းကို အစပြုခဲ့ကြတာက ကရင်သူပုန်တွေ။ ဒီနောက် စစ်တပ်က တဖြည်းဖြည်း အင်အားကြီးလာပြီး စာသင်ကျောင်းကိုလည်း သိမ်းလိုက်ကြတယ်။ ကရင်သူပုန်တွေ အစောင့်ချတဲ့ စာသင်ကျောင်းကနေ စစ်သားတွေအစောင့်ချတဲ့ အခြေအနေကို ပြောင်းလာခဲ့တယ်။

လူကြီးတွေရဲ့ ပြောစကားတွေထဲမှာ “အစိုးရက ပြည်သူပိုင်သိမ်းပြီး စစ်တပ်ကို အစောင့်လာချတယ်။ အဲဒီလို လာချကတည်းက အရင်လောက် ပျော်စရာမကောင်းတော့ဘူး” ဆိုပါတယ်။

စိတ်ထဲက ပြန်လိုချင်မိတဲ့ ကျောင်းပုံစံ။

စာသင်ကျောင်းတွေဟာ ကောင်းကင်ပေါ်ကနေကြည့်ရင် အင်္ဂလိပ်အက္ခရာ E နဲ့တူရင် စစ်ဖြစ်ရင်တောင် ဗုံးကြဲချလို့ မရတဲ့နေရာလို့ ဂျီနီဗာကွန်ဗင်းရှင်းအရ ဆိုထားပါတယ်။ ကျနော်တို့ငယ်ဘဝက ကျောင်းဒီဇိုင်းပုံစံဟာလည်း ကျောင်းခေါင်မိုး အပေါ်စီးကနေကြည့်ရင် E Shape ပုံသဏ္ဌာန်ကို ထင်းထင်းကြီး မြင်ရပါတယ်။

ခရစ်တော်ရဲ့ လက်ဝါးကားတိုင်ပုံစံကိုလည်း ကောင်းကင်ဓာတ်ပုံမှာ အထင်းသား ပေါ်နေမှာ။ အခုတော့ ဘာပုံစံမှန်းမသိတဲ့ အဆောက်အဦတွေ တခုပြီးတခု တိုးလာတယ်။ ကောင်းကင်ဓာတ်ပုံရိုက်ရင် အထည်ချုပ်စက်ရုံတရုံလောက်တောင် သားနားတော့မယ် မထင်ဘူး။ တနေ့ စာသင်ကျောင်းပုံစံကို ပုံဖော်ခွင့်ရမယ်ဆိုရင် ငယ်ဘဝ စာသင်ကျောင်းပုံစံလေးကို ပြန်ရဖို့ မကြာခဏ စိတ်ထဲရောက်ဖြစ်ပါတယ်။

အခုတော့ ကျနော့်ရွာမှာ ကျနော့်ကို သူစိမ်းဆန်နေပါပြီ။ တိုင်းပြည်ရဲ့ နားမျက်စိလို့ သမုတ်ကြတဲ့ သတင်းသမားတယောက်ကို ဖောက်ခွဲရေးသမားတယောက်လို့ သတ်မှတ်နေကြတယ်။

ဒီအထဲမှာမှ ဆွေမျိုးရင်းချာတွေထဲက အခုလို အမြင်မျိုးနဲ့ မြင်နေကြတာကို စိတ်မကောင်းစွာ ကြားသိခဲ့ရတယ်။ သူတို့မမြင်ဘူးလိုက်တဲ့ အလှတရားတွေ ပုံဖျက်ခံလိုက်ရတာ ဆယ်စုနှစ် သုံးခုစာမက ရှိနေပြီပဲ။ ကျနော်လို သတင်းသမားတယောက်ကိုလည်း အကြမ်းဖက်သမားလို့ မြင်ကြတာ မဆန်းတော့ပါ။

တာပလု 

  • မြို့ပြနေ့ညများ (အပိုင်း-၁)

https://burmese.dvb.no/post/671014

  • မြို့ပြနေ့ညများ (အပိုင်း-၂)

https://burmese.dvb.no/post/672046

  • မြို့ပြနေ့ညများ (အပိုင်း-၃)

https://burmese.dvb.no/post/673268

  • မြို့ပြနေ့ညများ (အပိုင်း-၄)

https://burmese.dvb.no/post/674362

  • မြို့ပြနေ့ညများ (အပိုင်း-၅)

https://burmese.dvb.no/post/675332

  • မြို့ပြနေ့ညများ (အပိုင်း-၆)

https://burmese.dvb.no/post/676214

  • မြို့ပြနေ့ညများ (အပိုင်း-၇)

https://burmese.dvb.no/post/677162

  • မြို့ပြနေ့ညများ (အပိုင်း-၈)

https://burmese.dvb.no/post/678222

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024