Home
ဆောင်းပါး
မြို့ပြနေ့ညများ (အပိုင်း-၇)
DVB
·
November 11, 2024
Design-DVB

“ဗိုလ်ကတော်တွေ နေတဲ့လမ်း”

ကျနော်နေတဲ့လမ်းထဲမှာ မနက်တိုင်း သတင်းစာလာပို့တဲ့သူ ရှိတယ်။ ဒီလမ်းထဲကို ကျနော် စရောက်တော့ နောက်ထပ် သတိထားမိတာက ကြက်တွန်တဲ့အသံနဲ့ ရေဒီယိုလိုင်းချိန်းတဲ့အသံကို မနက်တိုင်း ကြားရတာပါ။

ရန်ကုန်မြို့လယ်လိုနေရာမှာ ခုလိုအခြေအနေမျိုး ရှိ‌နေတာက ရွာကအိမ်ကို ပြန်ရောက်သွားသလို ခံစားရတယ်။ ဒီထက်ပိုပြီး သဘာဝကျစေတာက ညောင်ဂျပ်ပင် အကြီးကြီးတပင် ရှိနေတာ။

ညောင်ဂျပ်ပင်ဆိုတာက အပင်တပင်ပင်ကို ဝါးမြိုပြီး မူရင်းအပင်ပျောက်ပြီး ညောင်ပင်ကြီးအဖြစ် တွယ်တက်ရှင်သန်တာမျိုးလို့ ဆိုကြတယ်။ ကျနော်တို့ရွာမှာတော့ ညောင်ပင်အောက်မှာ ဘုရားတည်တာ၊ တပါးကျောင်း‌ဆောင် ဆောက်တာတွေ ရှိပါတယ်။

ဒီလမ်းထဲက ညောင်ပင်မှာတော့ နတ်စင်တခုရှိတာကို တွေ့ရတယ်။ တခါတလေ ဦးရှင်ကြီးတင်တဲ့သူရဲ့ ရေရွတ်သံကိုလည်း ကြားရတယ်။

ကျနော် ဒီလမ်းထဲကိုရောက်တာ စစ်တပ်က အာဏာသိမ်းတော့မှ ရောက်တာပါ။ ကျနော်တို့နေကြတဲ့ အိမ်ထောင်သည်ခန်းတွေကို ငှားတဲ့သူက နယ်မြို့လေးတမြို့ကို ပြန်တော့မှာမို့ အဆောင်ပြောင်းကြဖို့ ဖြစ်လာတယ်။ ဒါကြောင့် ဒီလမ်းထဲကို နေရာသစ်တခု အနေနဲ့ ရောက်လာတာပါ။

ဒီလမ်းထဲ သတိထားမိတာတွေက ညောင်ဂျပ်ပင်တပင်၊ မနက်ကြက်တွန်သံ၊ ရေဒီယိုသံနဲ့ ကျနော့်အဖေ လူငယ်ဘဝမှာ စီးခဲ့တဲ့ စက်ဘီးလို ဘားတန်းပါတဲ့ စက်ဘီးတစီးနဲ့ သတင်းစာပို့တဲ့သူ တဦးကိုပါ။

ဒါတွေက ဒီလမ်းထဲ ကျနော်မရောက်ခင်ကတည်းက ပုံမှန်ရှိနေတဲ့အရာတွေ ဖြစ်မှာပါ။ ကျနော်ရောက်လာတော့လည်း ဒီအရာတွေက ပုံမှန်ကြားနေကျအသံ မြင်နေကျမြင်ကွင်းလို ဖြစ်‌လာတယ်။

သဘာဝတို့ပျော်စံရာ မြင်ကွင်းတခုကို မှတ်တမ်းတင်ဖြစ်ပါတယ်။ ကျနော်နေတဲ့ ၇ လွှာ တိုက်ခန်းကနေ ကြည့်ရင် ညောင်ဂျပ်ပင်ထိပ်ဆုံးက အကိုင်းအခက်တွေနဲ့ မျက်နှာချင်းဆိုင် နေရာကနေ လမ်းမပေါ်က မြင်ကွင်းကို ကြည့်လို့ရတယ်။ ညောင်ပင်မှာ ညောင်သီးတွေ သီးတယ်။ နွေ၊ မိုး‌နဲ့ ဆောင်း သုံးရာသီစလုံး ညောင်ပင်က အသီးအပွင့်‌တွေ တလှည့်စီ ရှိတာပါ။

ရန်ကုန်ရာသီဥတုက ဥတုသုံးမျိုး မရှိတော့ဘူးလို့ မြန်မာပြည်ရောက် နိုင်ငံခြားသတင်းထောက် တချို့က မှတ်ချက်ပြုကြတယ်။ သူတို့ပြောတဲ့ မှတ်ချက်က ရန်ကုန်ဟာ ဥတုသုံးမျိုးမဟုတ်ဘူး၊ နွေရယ်၊ နွေရယ်၊ မိုးရယ်ပဲ ရှိတယ်ဆိုတာပါ။

ကျနော်လည်း ဒါကိုလက်ခံပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မြို့ကြီးမှာ ဆောင်းရာသီ ပျောက်နေတာ ကြာပါပြီ။ ဆောင်းရာသီ ကျနော်ရွာကိုပြန်ရင် အိမ်မှာ အနွေးထည်တွေ စောင်တွေနဲ့ ထွေးနေရပြီး ရန်ကုန်ကိုပြန်ရောက်ရင် စွပ်ကျယ်ချိုင်းပြတ်နဲ့ နေလို့ရတဲ့ အခြေအနေပါ။

ဒါပေသည့် ညောင်ပင်ကြီးက အချိန်အခါအလိုက် မဖောက်မပြန်ဘဲ ပွင့်ချိန်တန်ပွင့်၊ သီးချိန်တန်သီး နေတာကို သတိထားမိလိုက်ပါတယ်။ သုံးရာသီ သုံးကြိမ် ညောင်သီး သီးပါတယ်။ ဆောင်းရာသီမှာ ရွာကအဖေ့ကို ဖုန်းဆက်ပြီဆို ကျနော် ညောင်ပင်ကြီးနဲ့အပြိုင် တိုက်ခန်းရှေ့မှာရပ်ပြီး ဖုန်းပြောဖြစ်တယ်။ ဒီရက်ထဲ အအေးလိုင်းဖြတ်လို့နေမယ် အတော်အေးတာပဲလို့ အဖေပြောနေချိန်မှာ ညောင်ပင်ပေါ်မှာ ညောင်သီးတွေ ဝေဝေဆာဆာ သီးနေပါပြီ။

ညောင်သီး သီးချိန် နေ့ဘက်တွေမှာဆို ရှဉ့်ကလေးတွေ၊ ဆက်ရက်က‌လေးတွေ၊ ခေါင်းအနီရောင်နဲ့ ငှက်ကလေးတွေနဲ့ အမျိုးအမည်မသိတဲ့ ငှက်ကလေးတွေ ညောင်သီးတွေကို ဆိတ်ပြီး စားကြတယ်။ ကျနော်ရွာပြန်ရင် ရှဉ့်တွေကို အရင်ကလောက် မတွေ့ရတော့ပေမဲ့ ရန်ကုန်မြို့လယ်က ညောင်ပင်ပေါ်မှာ ရှဉ့်သုံးလေးကောင် မြင်ရတော့ သဘာဝ ကျေးငှက်သတ္တဝါကလေးတွေနဲ့ အနီးဆုံးနေရာမှာ နေရတာပါလားလို့ တွေးမိတယ်။

ညဘက်တွေမှာတော့ လင်းဆွဲငှက်တွေက ညောင်ပင်ပေါ်မှာ လာနားပြီး ညောင်သီး စားကြပါတယ်။ လင်းဆွဲငှက်တွေက လင်းနို့တွေလို အပင်ပေါ်နားတဲ့အခါ ခြေထောက်က မိုးပေါ်မှာ ကိုယ်လုံးနဲ့ ခေါင်းက အောက်မှာ။ ခန္ဓာကိုယ်တခုလုံးကို ကြိုးနှစ်ချောင်းနဲ့ ချိတ်ဆွဲထားသလိုမျိုး။

သူတို့တွေက ညောင်သီး သီးတဲ့အချိန်တိုင်းမှာ ဘယ်နေရာကနေ ဘယ်လိုရောက်လာမှန်းမသိ ရောက်လာကြပါတယ်။ အသားစိမ်း ငါးစိမ်းကြိုက်တဲ့ ကျီးကန်းတွေလည်း ညောင်သီးတွေကို လိုက်ထိုးဆိတ်တာမျိုး တွေ့ရတယ်။

ညောင်ကိုင်းတွေက ကျနော့်ကို အကာအကွယ်ရစေပါတယ်။ လမ်းထဲမှာ စစ်ကားတွေ တိုက်ခန်းတခုခုရှေ့မှာရပ်ပြီး စစ်သားတွေ စစ်ဆေးမှုလုပ်တဲ့အခါမျိုးဆို ကျနော်က ညောင်ပင်ကိုင်းတွေရဲ့ အခက်အလက်‌ကြားကနေ လှမ်းကြည့်ပါတယ်။ အပေါ်စီးကနေ ကြည့်ရတဲ့ မြင်ကွင်း။ အောက်ကနေ အပေါ်ကို လှမ်းကြည့်ရင် တော်ရုံ‌ မမြင်ရဘူး။

တိုက်အမှတ်ဘယ်လောက်ရှေ့မှာ စစ်ကားရပ်ထားတယ်။ စစ်ကားရပ်ပြီး စစ်သားတွေ ကားပေါ်က ဆင်းလာတယ်။ ပြီးတော့ ကျနော်တို့ လမ်းထဲက ဟိုတယ်တခုထဲ ဝင်သွားတယ်။ ၄၅ မိနစ်အထိ ကြာတယ်၊ ပြီးတော့ ပြန်ထွက်သွားကြတယ်။ ကျ‌နော်က ညောင်ပင်ရဲ့ အကိုင်းအခက်တွေကို အကာအကွယ်ယူပြီး တောက်လျှောက် ကြည့်နေတာမျိုးပါ။

တညမှာတော့ ရန်ကုန်မြို့မှာ လေတွေတိုက်တယ်။ မိုးမရွာဘဲ လေတွေချည်းပဲ တိုက်ခတ်နေတာပါ။ လေတိုက်နှုန်းက အတော်လေး ပြင်းပါတယ်။ ကျနော့်အခန်းထဲကနေ လေတိုက်သံကို ကြားရတယ်။ အွန်လိုင်းစာမျက်နှာပေါ်မှာတော့ ရန်ကုန်မှာ အချိန်အခါမဟုတ် ရုတ်တရက်ကြီး လေပြင်းတိုက်ခတ်တဲ့အကြောင်း ရေးသားကြတာကို ဖတ်လိုက်ရတယ်။ အခြေအနေက အဲ့လောက်တောင်လားဆိုပြီး သိချင်တာနဲ့ အပြင်ထွက်ပြီး ကြည့်ဖြစ်တယ်။

အဲဒီတော့မှ ကျနော်နေတဲ့ တိုက်ခန်းဝရန်တာကို လေတိုက်တဲ့အရှိန်ကြောင့် ညောင်ကိုင်းတွေ လာရိုက်ခတ်နေတာကို တွေ့ရတယ်။ ညောင်ပင်ကြီးက ဇက်ကျိုးမတတ် လေပြင်းတိုက်ခတ်တဲ့ဒဏ်ကို အန်တုနေတယ်။ ကျနော် ရုပ်သံရိုက်ထားလိုက်တယ်။ ရိုက်ပြီးချက်ချင်းပဲ ကျနော်အလုပ်လုပ်နေတဲ့ သတင်းဌာနမှာ တင်လို့ရအောင် ပေးပို့လိုက်ပါတယ်။ အဲဒီအချိန်က သတင်းဌာနတခုမှာ အယ်ဒီတာရာထူးနဲ့ တာဝန်ထမ်းဆောင်နေချိန်ပါ။

အဲဒီညက ညောင်ပင်ကြီး လေပြင်းတိုက်ခတ်တဲ့ဒဏ် ခံနေရတဲ့ရုပ်သံကို Follower သန်း ၂၀ ကျော်ရှိတဲ့ သတင်းဌာနရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ Breaking News အဖြစ်နဲ့ သတင်းတက်သွားပါတယ်။ တခဏအတွင်းမှာပဲ ကြည့်ရှုသူ အများအပြား ရှိခဲ့ပါတယ်။

ဒီလမ်းက တခြားလမ်းတွေနဲ့ မတူဘူး။ တခြားလမ်းတွေမှာ မီးပျက်နေချိန် ဒီလမ်းမှာ မီးမပျက်ဘူး။ ပုံမှန်မီးပျက်ရမယ့် အချိန်တွေမှာလည်း မီးလာနေတာမျိုး။ ရပ်ကွက်ထဲမှာတော့ အဲဒီလမ်းက ဗိုလ်ကတော်တွေနေတဲ့လမ်းဆိုပြီး သတင်းထွက်တယ်။

စစ်တပ်ထဲက ဗိုလ်မှူးအဆင့်ရှိတဲ့သူ‌တွေရဲ့ မိန်းမတွေ ဒီလမ်းထဲမှာနေကြလို့ အခုလို ရပ်ကွက်ထဲ သတင်းထွက်တာ။

တညမှာလည်း စည်ပင်သာယာဝတ်စုံ ဝတ်ထားတဲ့ လူနှစ်ယောက်က ကျနော်တို့နေတဲ့တိုက်နဲ့ မျက်စောင်းထိုးတိုက်ရဲ့ အောက်ဆုံးထပ်မှာ ခတ်ထားတဲ့သော့ကို ရိုက်ဖွင့်ကြတယ်။ လမ်းထဲမှာလည်း စစ်ကား၊ ယာဉ်ထိန်းရဲကားနဲ့ အိမ်စီးကားတွေ လမ်းလယ်မှာ ရပ်ထားတယ်။ ကားတွေရဲ့ဘေးမှာတော့ ရဲ၊ စစ်သား၊ လဝကရုံးက လူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တွေ့ရတယ်။ ရိုက်ဖွင့်နေတဲ့သော့က အတန်ကြာတဲ့အထိ မပွင့်လာဘူး။

အဲဒီတိုက်ရဲ့ လေးလွှာလောက်က လူတယောက်က ဆင်းလာပြီး ဖွင့်ပေးတော့မှ စစ်သားနှစ်ယောက်၊ ရဲ‌တယောက်နဲ့ အရပ်ဝတ်တယောက် တိုက်ပေါ်တက်သွားတယ်။ ခဏကြာတော့ ပြန်ဆင်းလာတယ်။ အခန်းပိုင်ရှင်လို့ ထင်ရတဲ့ လူတယောက် ပါလာတယ်။ သူ့လက်ထဲမှာတော့ စာရွက်တချို့ ကိုင်ထားတာ တွေ့ရတယ်။

လမ်းထဲမှာ အရေးအကြောင်းတခုခုဖြစ်တာ၊ ကားပါကင်လုပြီး ရန်ဖြစ်ကြတဲ့ အချိန်တွေမှာဆို တိုက်ပေါ်ကနေ တယောက်မကျန် ထွက်ကြည့်တတ်ကြပါတယ်။ အဲဒီညမှာတော့ တိုက်ခန်းရဲ့ ဝရန်တာရှေ့ထွက်ပြီး ဘယ်သူကမှ မကြည့်ကြပါဘူး။

ကျနော်တယောက်သာ ညောင်ပင်ရဲ့ အကိုင်းအခက်တွေ၊ ညောင်ရွက်တွေကို အကာအကွယ်ယူပြီး သူတို့လုပ်နေကိုင်နေတာတွေကို ကြည့်နေပါတယ်။ စစ်သားတွေနဲ့ နောက်လိုက်နောက်ပါတွေ လမ်းထဲကနေ ပြန်ထွက်သွားတဲ့အထိပါပဲ။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024