ယနေ့အချိန်တွင် မြန်မာပြည်သူတို့၏ စစ်အာဏာရှင် တော်လှန်ရေးခရီးသည် အရှိန်အဟုန် အလွန်ကောင်းစွာ တိုးတက်နေသောအချိန် ဖြစ်သည်။
စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရား ပြိုကွဲလာသည်နှင့်အမျှ မြန်မာပြည်၏ ပထဝီအနေထားအရ တည်ရှိမှုနှင့် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများပေါ်တွင် အမြတ်ထုတ်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းလာကြသော နိုင်ငံကြီးများ၊ နိုင်ငံရေးအုပ်စုများ အသီးသီး ပေါ်ထွက်လာသည်ကိုလည်း တွေ့ရသည်။
ထိုသို့သော အခြေအနေမျိုးတွင် မြန်မာပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ အနေဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးတို့ကို ဖော်ဆောင်ရာတွင် အထူးသတိထား ရင်ဆိုင်ရမည့် အကျပ်အတည်းများ ပေါ်ထွက်လာနေပြီ ဖြစ်သည်။
မြန်မာပြည်၏ အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သော တရုတ်နှင့် အိန္ဒိယကြား၊ တရုတ်နှင့် အနောက်နိုင်ငံများကြား အားပြိုင်မှုများသည် မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေးအပေါ် နည်းအမျိုးမျိုးဖြင့် သက်ရောက်လျက်ရှိနေသည်မှာ ငြင်းဆန်၍မရသော အမှန်တရားပင် ဖြစ်သည်။
နွေဦးတော်လှန်ရေးအတွင်း အပြင်းထန်ဆုံးဖြစ်သော မြောက်ပိုင်းညီနောင်မဟာမိတ်များ၏ 1027 ထိုးစစ်လှိုင်းကြောင့် စစ်အုပ်စု၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်သော လားရှိုးမြို့ ကျဆုံးကာ မန္တလေးအနီးသို့ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်မြားဦး ရောက်လာချိန်တွင် ပြည်ပအင်အားစုများ၏ စွက်ဖက်မှုမှာ ပိုမိုထင်ရှားလာခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ် အပြီးတွင် တရုတ်တို့၏ ကိုးကန့်တပ်ဖွဲ့နှင့် တအာင်း ပလောင်တပ်ဖွဲ့များ ထိန်းချုပ်ရာ ဒေသများသို့ ရိက္ခာ၊ ဆေးဝါး စီးဆင်းမှုကို ကန့်သက်ချက်များ၊ ကိုးကန့်တပ်ဖွဲ့နှင့် တအာင်း ပလောင်တပ်ဖွဲ့တို့၏ တိုးတက်သော အတွေးအမြင်နှင့် နိုင်ငံရေးအရ လွတ်လပ်စွာ ဆက်သွယ်ဆောင်ရွက်မှုများကို ပြောင်ပြောင်တင်းတင်း တားမြစ်ချက်များမှာ ထင်ရှားလှသည်။
စစ်အုပ်စုကလည်း တရုတ်ထံသို့ သံတမန်ခရီးစဉ်များဖြင့် ဆက်ဆံရေး တိုးမြှင့်လာသည်လည်း ရှိ၏။ တချိန်တည်းမှာပင် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ သတ်ဖြတ်နေသော စစ်အုပ်စုထံသို့ စစ်တိုက်လေယာဉ်များ ထောက်ပံ့ပေးမှု တိုးမြှင့် လုပ်ဆောင်လာခဲ့သည်။
စစ်တပ် ပြိုကွဲမှုအလွန်တွင် မြန်မာပြည်သည် အစိတ်စိတ်ပြိုကွဲမည်ဟူသော နှပ်ကြောင်းပေး ပြောဆိုလာမှုများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါသည်။
ထိုနည်းတူစွာ အနောက်နိုင်ငံများ၏ မထိရောက်လှသော ထုံ့ပိုင်း ထုံ့ပိုင်း အကူအညီများသည်လည်း အာဏာလု စစ်အုပ်စု အပြီးတိုင်ပြုတ်ကျရေးကို ကြန့်ကြာစေလှသော အခြေအနေများ ဖြစ်နေ၏။
စူပါ ပါဝါ နိုင်ငံကြီးတို့၏ မြန်မာ့အရေး ကိုင်တွယ်လုပ်ဆောင်ချက်များမှာ အလွန်ရှင်းလင်းသော ဦးတည်ချက်တခုတည်းကိုသာ ညွှန်ပြနေပေသည်။
၎င်းသည်ကား အကျိုးစီးပွားအခြေပြု နိုင်ငံရေးပင် ဖြစ်တော့၏။ မည်သည့်နိုင်ငံကြီးပင်ဖြစ်စေ မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေး အောင်မြင်မှုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားထက် ပို၍ အလေးထား ပံ့ပိုးသင့်သည်ဟု မယူဆကြပေ။ မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေး အောင်မြင်မှုထက် ၎င်းတို့၏ အကျိုးစီးပွား ထိခိုက်မှုကို ပိုမိုစိုးရိမ်နေကြကြောင်း တွေ့ရ၏။
ထိုသို့ နိုင်ငံကြီးများ၏ ပါဝါဂိမ်းများကြားတွင် တော်လှန်ရေးအတွက် ဖိအားများ ရင်ဆိုင်နေရချိန်တွင် စစ်အုပ်စုလက်ဝေခံများသည် တော်လှန်ရေး၏ ပင်မပန်းတိုင်ကို ဝေဝါးလာစေရန် အမျိုးမျိုး ကြိုးစားလာကြသည်ကိုလည်း သတိထားဖွယ် တွေ့ရသည်။
ပြည်သူတို့၏ ထောက်ပံ့မှုများသည် အလွဲသုံးစားမှုများကြောင့် မထိရောက်သယောင် သတင်းမှား ဖြန့်ကြ၏။ တော်လှန်ရေး ဦးဆောင်အဖွဲ့များ၏ လုပ်ဆောင်နိုင်စွမ်းကို ဝေဖန်အပြစ်တင်ကာ ပုံဖျက် သွေးထိုးကြ၏။
စစ်အုပ်စုအား မပြိုကွဲနိုင်သော အင်စတီကျူးရှင်းအဖြစ် ပုံဖော်ကာ ပြည်သူလူထုအား စစ်ဘေးဒဏ်မှ သက်သာစေရန် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို လိုက်ရန် သွေးဆောင် ဖြားယောင်းကြ၏။
ဤသို့အားဖြင့် တော်လှန်ရေးအင်အားစု အချင်းချင်းကြား၊ တော်လှန်ရေး ဦးဆောင်အဖွဲ့အစည်းများနှင့် ပြည်သူများကြား အမျိုးမျိုးသွေးခွဲကာ မြန်မာပြည်သူတို့၏ မျှော်မှန်းတောင့်တချက်ဖြစ်သော စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးကို သွေဖည်စေရန် ကြိုးစားနေကြကြောင်း တွေ့ရသည်။
ယခုအချိန်တွင် စစ်ရှုံးစစ်အုပ်စုနှင့် နိုင်ငံရေးပွဲစားများ၊ စစ်အုပ်စု လက်ဝေခံများ၏ ရည်ရွယ်ချက်မှာ မြန်မာပြည်အား အပစ်ရပ် အရင်းရှင်စနစ်ဖြင့် အခြေပြုကာ စစ်ဘုရင်များနှင့် နစကစစ်တပ်တို့ နယ်မြေခွဲဝေအုပ်ချုပ်သော နယ်မြေခွဲ အများအပြား ဖန်တီးကာ ၎င်းတို့အတွက် ရနိုင်သမျှ ကုတ်သွေးစုပ် အမြတ်ထုတ်နိုင်ရေးပင် ဖြစ်၏။
ထိုသို့သော အခြေအနေများ အမှန်တကယ် ဖြစ်လာလျှင် မြန်မာပြည်သူတို့၏ လူ့အခွင့်အရေး၊ တန်းတူညီမျှလိုမှု၊ တရားမျှတလိုမှု၊ လွတ်လပ်လိုမှု၊ ကြွယ်ဝလိုမှု၊ ဒီမိုကရေစီရရှိရေး ရည်မှန်းချက်မှာ ကြေမွ ပျက်စီးရမည် ဖြစ်သည်။ မြန်မာပြည်သူတို့အတွက် အခက်အခဲ အတိုက်အခံများလှသော တော်လှန်ရေးခရီး ဖြစ်ပါသည်။
ထို့ကြောင့် တော်လှန်ရေးဦးဆောင်အဖွဲ့များအနေဖြင့် ပြည်သူ့ဘဏ္ဍာငွေအား စနစ်တကျ အသုံးပြုကြောင်း စာရင်းရှင်းတမ်းများ ထုတ်ပြန်ရေး၊ တော်လှန်ရေးအဖွဲ့အစည်းစုံ စည်းလုံးညီညွတ်မှု ရရှိရေး၊ ခိုင်မာသော နိုင်ငံရေးကတိကဝတ်များဖြင့် ခိုင်မာအားကောင်းသော တပ်ပေါင်းစုကြီး ဖွဲ့စည်းနိုင်ရေး၊ မဟာဗျူဟာမြောက် ထိုးစစ်ကြီးများဖြင့် စစ်အာဏာရှင်တပ်များအား ချေမှုန်းနိုင်ရေးတို့မှာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းတွင် အရေးတကြီး ဆောင်ရွက်ရမည့် အချက်များပင် ဖြစ်၏။
ထိုသို့ ခိုင်မာအားကောင်းသော စုစည်းမှုကြီး ရရှိရန်မှာ မြန်မာပြည်သူများ၊ ပြည်သူ့အပေါ် စေတနာမှန်သော တော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးဦးဆောင်အဖွဲ့များ အားလုံး၏ သမိုင်းပေးတာဝန်ပင် ဖြစ်ပါသည်။
ပြည်သူလူထုကို အမှန်တကယ် စေတနာထားသော တော်လှန်ရေးအဖွဲ့မှန်လျှင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းနိုင်မှသာ ပြည်သူ့ဘဝ မြင့်မားတင့်တယ်လာမည် ဟူသော ယုံကြည်ချက် ခိုင်မာရန် လိုအပ်လှ၏။
ပြည်သူတို့အနေနှင့်လည်း မျက်စိဖွင့် နားစွင့်ကာ တော်လှန်ရေးအဖွဲ့အစည်းတိုင်းကို ၎င်းတို့၏ မှန်ကန်သည့် ရည်မှန်းချက်အတွက် ဝန်းရံထောက်ပံ့ကြရန် လိုအပ်လှ၏။
စစ်အုပ်စုမှာ သမိုင်းတလျှောက် အင်အားအချည့်နဲ့ဆုံးအချိန်သို့ ရောက်ရှိနေသည်ဖြစ်ရာ အပြီးတိုင် ဖြိုလှဲနိုင်ရန် အားစိုက်ကြဖို့သာ ရှိတော့၏။
လူသည် တဦးတယောက်တည်း မနေနိုင်သော သတ္တဝါ ဖြစ်သကဲ့သို့ နိုင်ငံတနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ကူးလူးဆက်သွယ်နေရမည်ဖြစ်ရာ မြန်မာပြည်သူတို့၏ နွေဦးတော်လှန်ရေး အောင်မြင်မှုသည် မြန်မာပြည်သူများအတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံအများ၏ အခွင့်အလမ်းနှင့် အကျိုးစီးပွားကို ပိုမိုတိုးတက်ခိုင်မာစေမည်ဖြစ်ကြောင်း ကမ္ဘာနိုင်ငံများ သိစေရန်လည်း အထူးကြိုးစား အားထုတ်သင့်ပါသည်။ ထိုတာဝန်ကား လက်ရှိ အခြေအနေအရ အမျိုးသားညီညွတ်ရေးအစိုးရထံတွင် တည်နေ၏။
လူ့အခွင့်အရေးနှင့် လူသားမျိုးနွယ်၏ အကျိုးစီးပွားအတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူတို့၏ လုပ်ရပ်မှာ တရားမျှတပြီး ဖြစ်သင့် ဖြစ်ထိုက်ကြောင်း ကမ္ဘာနိုင်ငံအများ သိစေအပ်၏။ ထိုထက် ပိုအရေးကြီးသည်ကား မြန်မာပြည်သူတရပ်လုံး စစ်အာဏာရှင် ချေမှုန်းရေး လမ်းစဉ်ကို မမှိတ်မသုန် ကြိုးစားချီတက်နိုင်ရေးပင် ဖြစ်သည်။
စစ်အုပ်စုအား အမှန်တကယ် ချေမှုန်းနိုင်လျှင် ချေမှုန်းနိုင်သည့်အလျောက် တော်လှန်ရေး အင်အားစုများကို ကမ္ဘာ့နိုင်ငံများမှ အလေးပေး ဆက်ဆံလာရသည်သာ ဖြစ်၏။ နွေဦးတော်လှန်ရေး၏ အစမှ ယနေ့အချိန်ထိ အောင်မြင်မှုများမှာလည်း ပြည်သူလူထု၏ ခိုင်မာပြတ်သားသော စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်နှင့် တခဲနက် အုံကြွတော်လှန်မှုတို့ ကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် မြန်မာပြည်သူတို့၏ စည်းလုံးမှု၊ ဉာဏ်ပညာ၊ ပြင်းပြသောဆန္ဒနှင့် ခိုင်မာသော ရည်မှန်းချက်ကသာ နွေဦးတော်လှန်ရေး၏ အစွမ်းထက်ဆုံးလက်နက် ဖြစ်တော့၏။
ကမ္ဘာပေါ်တွင် ဒီမိုကရေစီခရီးလမ်းတိုင်းသည် ပန်းခင်းလမ်း မဟုတ်ခဲ့ကြပါ။ အာဏာရှင် အမျိုးမျိုးအား တော်လှန်ချေမှုန်းရ၏။ ပြည်သူတယောက်ချင်းစီတိုင်း ဒီမိုကရေစီစိတ်ဓာတ် ရှင်သန်လာစေရန် အချိန်ယူ ပြုပြင်ကာ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရန် ပြုစုပျိုးထောင်ရ၏။
ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်များကို တိုးတက်လာသော ခေတ်နှင့်အပြိုင် လိုက်လျောညီထွေ ဖြစ်စေရန် ပြုပြင်ထိန်းသိမ်းရ၏။
လက်ရှိအခင်းအကျင်းအရ မိမိတို့ မြန်မာပြည်သူများအနေဖြင့် ဒီမိုကရေစီခရီးလမ်း၏ ပထမဆုံး ခြေလှမ်းဖြစ်သော အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး လုပ်ငန်းအား အသိ သတိကြီးစွာ မမှိတ်မသုန် အကောင်ထည်ဖော်ရန် အရေးကြီးဆုံးအချိန် ဖြစ်၏။
တော်လှန်ရေးဦးဆောင်အဖွဲ့များ အနေနှင့်လည်း သမိုင်းတလျှောက် မကြုံဘူးအောင် အခွင့်သာလှသော ပြည်သူတို့၏ နိုးကြားတက်ကြွလှသော တော်လှန်ရေးရေချိန်ကို အမိအရ ဖမ်းဆုပ်ပြီး အချိန်ရှိခိုက် လုံ့လစိုက်ကာ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အထူးကြိုးပမ်းရမည့် ကာလပင် ဖြစ်ပါသည်။
သို့မှာသာ စစ်အုပ်စုအား အလဲထိုး ချေမှုန်းနိုင်မည် ဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ပြည်သူတရပ်လုံး၏ဆန္ဒနှင့် တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုကို အရင်းတည်ကာ ခိုင်မာအားကောင်းသော မူဝါဒများ ချမှတ် အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ဤခရီး ရောက်လုနီးပါပြီ၊ ခိုင်မာပြတ်သားသော သန္နိဋ္ဌာန်နှင့် စည်းလုံးညီညွတ်ရန်သာ လိုသည် ဟူ၍သာ။
ညိုသူ