“ကြွေးကြော်သံကို ထုပ်ပိုးထားကြတယ်”
လမ်းမတော်မြို့နယ်က အဆောင်တခုမှာ ငွေကျပ်သိန်း ၃၀ ပျောက်သွားတဲ့သတင်းက တမုဟုတ်ချင်း ပျံ့သွားတယ်။ အဆောင်ပိုင်ရှင် အမျိုးသမီးက အသက် ၅၀ ကျော်အရွယ်။ အဆောင်က သူနေတဲ့တိုက်မှာပဲ ဖွင့်ထားတာ။
အပေါ်အောက် ထပ်ခိုးပါတဲ့တိုက်ခန်းကို အဆောင်ဖွင့်ထားတာပါ။ အဆောင်ရှင်က အပေါ်ထပ်က ထပ်ခိုးခန်းမှာ နေတယ်။ အောက်ထပ်က ယောက်ျားလေးသီးသန့် အဆောင်ပေါ့။
အပေါ်ထပ် ထပ်ခိုးနဲ့ အောက်ထပ်ကို ဆက်သွယ်ထားတဲ့ လှေခါးကိုတော့ သစ်သားပြားတွေကို သံနဲ့ရိုက်ပြီး အသေပိတ်ထားတယ်။ အဆောင်ပိုင်ရှင်နေတဲ့ အပေါ်ထပ်နဲ့ အောက်ထပ်က အဆောင်မှာ အဝင်အထွက် သီးသန့်လုပ်လို့ရတဲ့ တံခါးပေါက် တခုစီရှိကြတယ်။ ထပ်ခိုးကို အဝင်အထွက်လုပ်ချင်ရင် ယောက်ျားလေးတွေနေတဲ့ အခန်းကနေဝင်ပြီး အပေါ်ထပ်ကို တက်စရာ မလိုဘူး။ ပင်မတိုက်ခန်းရဲ့လှေကားနဲ့ တိုက်ရိုက်တံခါးပေါက် တခုစီရှိတာဖြစ်လို့ သီးသန့်အခန်းလို ဖြစ်နေတယ်။
အဆောင်ပိုင်ရှင်က အမျိုးသမီးတွေချည်းပဲ။ သူတို့ဖွင့်ထားတဲ့ အမျိုးသားသီးသန့်အဆောင်ရဲ့ ဘေးချင်းကပ်လျက်အခန်းမှာ အမျိုးသမီးအဆောင်ရှိတယ်။ ရန်ကုန်မြို့လယ်က ရွှေဆိုင်တွေမှာ အလုပ်လုပ်ကြတဲ့ အမျိုးသမီး အများစုနေကြတယ်။ အဆောင်ရှေ့က ဝရန်တာမှာ ရွှေဆိုင်တံဆိပ်ပါတဲ့ အင်္ကျီတွေ မကြာခဏ လှန်းထားတာ တွေ့ရတယ်။
ကျနော်နေတဲ့ အဆောင်ကနေ လှမ်းကြည့်ရင် ယောက်ျားလေးဆောင်ရော၊ မိန်းကလေးဆောင်ပါ လှမ်းမြင်ရတယ်။ ကျနော်က ယောက်ျားလေးအဆောင်ကို မကြာမကြာ သွားလေ့ရှိတယ်။ မိတ်ဆွေတယောက်ဆီမှာ ငွေချေးတာပဲဖြစ်ဖြစ်၊ ဆေးလိပ်သောက်ချင်လို့ ဆေးလိပ်သွားတောင်းတာပဲဖြစ်ဖြစ် အကြောင်းတခုခုကြောင့် အဲဒီအဆောင်ကို ကျနော် ရောက်လေ့ရှိတယ်။
ကျနော့်မိတ်ဆွေ သန့်ဇော်ကလည်း လမ်းတဖက်ခြမ်းမှာရှိတဲ့ ကျနော့်အဆောင်ဘက်ကို ထမင်းစားဖို့အတွက် ဒါမှမဟုတ် အရက်သောက်ဖို့အတွက် စတဲ့ အကြောင်းတခုခုနဲ့ မကြာခဏ ရောက်လာတတ်တယ်။
“ပိုက်ဆံပျောက်သွားတယ်။ ဘယ်သူယူထားလဲ မြန်မြန်ပြောနော်။ မပြောရင် ရဲတိုင်မှာ။”
အဆောင်ရှင် အမျိုးသမီးက အဆောင်သားတွေကို ပြောလာတာပါ။ ပြောတဲ့အချိန်က အဆောင်သားတွေ အလုပ်သွားနေကြချိန်ဖြစ်လို့ အဆောင်မှာ လူမစုံပါဘူး။ အလုပ်သွားချိန် ဖြစ်နေတဲ့အတွက် သန့်ဇော်လည်း အဆောင်မှာ ရှိမနေဘူး။
ညနေအလုပ်ဆင်းချိန်မှာ သန့်ဇော် အဆောင်ကို ပြန်လာတယ်။ တနေကုန် ရေသန့်ပို့တဲ့ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်လာရတဲ့အတွက် ညနေစောင်း အလုပ်ဆင်းချိန်ဆို အဆောင်ကို ပြန်လာတယ်။ အဆောင်ရောက်တာနဲ့ သူနေတဲ့ ကျောတခင်းစာမှာ ကျောချပြီး သီချင်းနားထောင်ရင်း ခြေဆန့်လက်ဆန့် အညောင်းအညာဖြေပေါ့။ ဒါက သူ့ရဲ့ ပုံမှန် တနေ့တာ ဖြတ်သန်းပုံပါ။
သူ အဆောင်ပြန်ရောက်တော့ အဆောင်ကလူတွေက ခါတိုင်းနေ့တွေနဲ့ မတူတဲ့ အပြုအမူမျိုးကို သူ တွေ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတာကိုတော့ လောလောဆယ် မမေးသေးဘူးဆိုပြီး သူ နားကြပ်တပ်ပြီး သီချင်းနားထောင်နေလိုက်တယ်။ ဘေးနားကတယောက်က သူ့နားကြပ်ကို လာဆွဲဖြုတ်ရင်း။
“အဆောင်မှာ ပိုက်ဆံပျောက်လို့တဲ့ မင်းသိပြီးပြီလား။ အပေါ်ထပ်က အဆောင်မှူးပိုက်ဆံ ပျောက်တာတဲ့။”
“မသိဘူးလေ ဘယ်အချိန်ပျောက်တာလဲ၊ မနက်က အလုပ်သွားတော့ ဘာသံမှမကြားမိဘူး၊ အခုက ဘယ်လိုဖြစ်တာတဲ့လဲ။”
“ဘယ်လိုဖြစ်တာလဲတော့ မသိဘူး၊ အဆောင်မှူးက ရဲတိုင်မယ်ပြောတယ်။”
သူတို့နှစ်ယောက် အပြန်အလှန်ပြောနေရင်းနဲ့ သန့်ဇော် ဒေါသ ထောင်းကနဲ ထွက်သွားတယ်။ ရဲတိုင်မယ်ဆိုတဲ့စကားက သန့်ဇော်ရဲ့ဒေါသကို အမြင့်ဆုံးထိ ဆွဲခေါ်သွားတယ်။
အာဏာသိမ်းတဲ့နောက်ပိုင်းရက်တွေမှာ ရဲတွေရဲ့ ပစ်ခတ်ဖြိုခွင်းတဲ့ မတရားတဲ့လုပ်ရပ်တွေကို သူ့စိတ်ထဲမှာ အခဲမကျေ ဖြစ်နေတယ်။ အခုလည်း ပိုက်ဆံပျောက်လို့ ရဲတိုင်မယ်ဆိုတာကို သူလုံးဝမနှစ်မြို့ဘူး။ သန့်ဇော်ရဲ့ဒေါသက အပြင်ကို ပေါက်ကွဲထွက်လာတယ်။
“ဟေ့ကောင်တွေ ပိုက်ဆံကို တယောက်ယောက်ယူထားတာဆို ပြန်ပေးလိုက်ကြ၊ အဆောင်ကို ရဲတွေလာရင် မလွယ်ဘူး၊ ရဲတွေနဲ့ ပိုက်ဆံပျောက်တဲ့ကိစ္စနဲ့ စကားမပြောချင်ဘူး။”
သန့်ဇော် သူ့အသံကိုမြှင့်ပြီး ပြောလိုက်တယ်။ ဘယ်သူကမှ တုတ်တုတ်မလှုပ်ကြဘူး။ အဆောင်သားတွေကို သံသယဖြစ်စရာတခုက အပေါ်ထပ်နဲ့အောက်ထပ် ဆက်သွယ်ထားတဲ့လှေကား အတက်အဆင်း အလုံပိတ်ထားတဲ့နေရာက သံချက်ပွင့်နေတာပါ။
သစ်သားပြားနဲ့ သံစွဲပြီး အသေရိုက်ထားတဲ့နေရာမှာ သံချက်တွေကြွပြီး ပွင့်နေတာဆိုတော့ အောက်ထပ်က လူတွေက ဖောက်ပြီး ငွေတက်နှိုက်ထားတဲ့ လက်ရာခြေရာမျိုး။
အဆောင်မှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး အဖြေထုတ်လို့မရတဲ့အချိန်မှာ ဝရန်တာကနေ အဆောင်နေသူတယောက်က အခန်းထဲကလူတွေကြားအောင် လှမ်းအော်တယ်။
“ရဲတွေလာပြီ ရဲတွေလာပြီ။”
သူက အော်လဲအော် အထုပ်တထုပ်ကို တဖက်ကပ်လျက်က မိန်းကလေးဆောင်ဘက်ကို လှမ်းပစ်လိုက်တယ်။
“အကုန် တန်းစီ ခေါင်းပေါ်လက်တင်ထား။”
ရဲတယောက်က သူတို့ကို အမိန့်ပေးတယ်။ ရဲတွေက သူတို့အဆောင်နေသူတွေရဲ့ အထုပ်တွေကို တထုပ်ချင်းစီ ဖွင့်စစ်တယ်။ တယောက်ချင်းရဲ့ စစ်ချက်ကို ယူတဲ့ရဲကယူ။ အထုပ်တွေကို တထုပ်ချင်း စစ်တဲ့ရဲက စစ်။ ရဲတွေက သူတို့အဆောင်ထဲကို ဖိနပ်မချွတ်ဘဲ ဝင်လာကြတာ။ အထုပ်အပိုးတွေကို စစ်တော့လည်း သူတို့အိပ်ရာခင်းတွေပေါ် ဖိနပ်တွေနဲ့နင်းပြီး ရှာဖွေရေး လုပ်ကြတာ။
“ဘယ်ဇာတိလဲ၊ အခုဘာအလုပ်လုပ်လဲ၊ အလုပ်ကို ဘယ်အချိန်သွားတာလဲ၊ အလုပ်ကနေ အဆောင်ကို ဘယ်အချိန်ပြန်လာတာလဲ” စတဲ့မေးခွန်းတွေကို မေးတယ်။
စစ်ဆေးမေးမြန်းတာ ပြီးသွားတယ်။ အထုပ်အပိုးတွေ ရှာဖွေရေးလုပ်တာလည်း ပြီးသွားတယ်။ ပျောက်သွားတဲ့ ပိုက်ဆံကို တစွန်းတစ ဖော်ထုတ်လို့တော့ မရကြဘူး။ ရဲတွေက အဆောင်မှူးကို ကျေနပ်လောက်တဲ့အထိ ပြောပြီး အဆောင်ထဲကနေ ထွက်သွားကြတယ်။ အဆောင်နေကြတဲ့သူတွေကို အမှုမှန်မပေါ်မချင်း ခရီးဝေးမသွားကြဖို့အတွက်လည်း မှာသွားသေးတယ်။
“အဘွားကြီးက ငါတို့ကို သူခိုးစွပ်စွဲချင်တာ စခန်းမှူးကို ငွေသုံးသိန်းပေးလိုက်ရတယ်လို့ လမ်းထိပ်မှာ ကြားလာတယ်။”
“ကုန်ပလေ့စေ နည်းတောင်နည်းသေးတယ်။”
“ငါကတော့ ဒီလကုန်ရင် အဆောင်ပြောင်းပြီပဲ၊ ဒီလိုနေရာက ဆက်နေဖို့ မကောင်းတဲ့နေရာ။”
အဆောင်မှာ တယောက်နဲ့တယောက် တီးတိုးပြောကြတယ်။ အဲဒီညက သူတို့တွေ အဆောင်မှူးအပေါ် မကျေနပ်ချက်တွေကိုပြောရင်း တော်တော်နဲ့ မအိပ်နိုင်ကြဘူး။
မနက်မိုးလင်းတော့ အဆောင်မှူး အမျိုးသမီးက အဆောင်မှာနေတဲ့ မြင့်စိန် ဆိုတဲ့လူကို လှမ်းခေါ်တယ်။ မြင့်စိန် သူ့အနားရောက်တော့ “နင်တို့ မနေ့က အဆောင်ကို ရဲတွေလာတော့ ဟိုဘက်မိန်းကလေးဆောင်ကို အထုပ်တထုပ် လှမ်းပစ်လိုက်တယ်လို့ ကြားတယ်၊ အဲဒါ ဘာအထုပ်လဲ” လို့ မေးတယ်။
အဆောင်မှူးရဲ့အမေးကို ကြားကြားချင်း မနေ့က အထုပ်လှမ်းပစ်လိုက်တဲ့သူက အိပ်ရာပေါ်ကနေ ခေါင်းထောင်ထလာပြီး “အထုပ်က ကျနော်လှမ်းပစ်လိုက်တာအန်တီ” လို့ပြောပြီး တဖက်ခန်းက မိန်းကလေးဆောင်ကို လှမ်းခေါ်တယ်။ မိန်းကလေးတယောက် ထွက်လာပြီး မနေ့ညက ပစ်လိုက်တဲ့အထုပ်ကို လှမ်းပေးတယ်။ အထုပ်ကို အဆောင်မှူး အမျိုးသမီးရဲ့ရှေ့မှာပဲ ဖွင့်ပြတယ်။
“အထုပ်က ဒါတွေမို့လို့ လှမ်းပစ်လိုက်တာပါ” လို့ ပြောလိုက်တယ်။ အထုပ်ထဲမှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်းပြသတဲ့ လက်ပတ်၊ ခေါင်းစည်း၊ ဆိုင်းဘုတ်၊ ဗွီနိုင်း၊ ပိုစတာ စတာတွေနဲ့ ဆန္ဒပြတဲ့နေရာမှာသုံးတဲ့ ဦးထုပ်တွေ။
အဆောင်မှူးအမျိုးသမီးက “ဪ ဒါလား” လို့ပြောပြီး ပြုံးရယ်ပြီး အပေါ်ထပ်က သူ့အခန်းကို ပြန်တက်သွားတယ်။ ရက်ပိုင်းလောက်ကြာတော့ ပျောက်သွားတဲ့ပိုက်ဆံက အဆောင်မှူးနဲ့ အတူနေတဲ့ သူ့ယောင်းမဖြစ်သူဆီမှာ ပြန်တွေ့သွားတယ်။ နောက်ပိုင်းမှာတော့ အဲဒီအဆောင်လည်း မရှိတော့ဘူး ပိတ်သွားပါတယ်။
တော်သေးတာပေါ့၊ ပိုက်ဆံပျောက်တဲ့အမှုနဲ့ ရဲစခန်းမသွားရဘဲ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တယ်ဆိုတဲ့ ပုဒ်မနဲ့ ထောင်နန်းစံရတော့မလို့။ ယုန်ထောင်ကြောင်မိဖြစ်ဖို့ သီသီကလေးလို့ အကြောင်းတိုက်ဆိုင်တိုင်း ပြောဖြစ်ကြတယ်။
တာပလု