မြောက်ဥက္ကလာအဝိုင်း
ကျနော်တို့ သတင်းယူတဲ့အဖွဲ့ မြောက်ဥက္ကလာအဝိုင်းကို ရောက်တော့ မနက် ၇ နာရီကျော်ပြီ။ ဘတ်စ်ကား အသွားအလာ ကျဲတယ်။ ခါတိုင်း အခုလိုအချိန်က ရုံးတက်၊ အလုပ်သွားကြတဲ့အချိန် ဖြစ်လို့ ဘတ်စ်ကားပေါ်မှာ လူတွေအပြည့်။ ကားမှတ်တိုင်တွေမှာ အတင်အချ အလှုပ်ရှုပ်နေကျတဲ့ အချိန်။ စစ်အာဏာရှင်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြ တောင်းဆိုကြတဲ့ ရက်တွေဖြစ်လို့ ယာဉ်လိုင်းတချို့လည်း ရပ်နားထားပုံပေါ်တယ်။
ကုမ္ပဏီဝန်ထမ်းအများစုက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြတာဖြစ်လို့ ကုမ္ပဏီတွေလည်း ခေတ္တခဏ ရုံးပိတ်ထားကြတာမျိုးလည်း ဖြစ်နိုင်တယ်။ လမ်းမတန်း တဖြတ် တဖြတ်မှာလည်း သဲအိတ်တွေ၊ ဝါးကပ်တွေ အထပ်ထပ်ကာရံပြီး ဆန္ဒပြ တောင်းဆိုကြချိန် ဖြစ်ပါတယ်။ သေနတ်နဲ့ အသေပစ်သတ်နေချိန် ဖြစ်တဲ့အတွက် စစ်ကားတွေ ဝင်လို့မရအောင် တာယာတွေကို ပုံပြီး မီးရှို့ကြတယ်။ ဆန္ဒပြသူတွေက အထပ်ထပ်ကာရံထားတဲ့ စည်းထဲကနေ အမြင့်ဆုံး ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြတာ။
ရန်ကုန်မြို့ရဲ့ နေရာအများစုက လမ်းတွေမှာ မြို့ပျက်ကြီးလိုကို ဖြစ်နေတာ။ ဒီရက်တွေမှာတော့ ဆန္ဒပြသူတွေကို စစ်သားတွေက သေအောင်ပစ်သတ်ပြီး ပြည်သူကို အကြောက်တရား ရိုက်ထည့်နေချိန် ဖြစ်ပါတယ်။
အဲဒီမနက်က မြောက်ဥက္ကလာအဝိုင်းမှာ သွေးကွက်တွေကို တွေ့ရတယ်။ ကျနော်တို့ ကားရပ်ပြီး အဲဒီနေရာတွေကို ဗီဒီယိုမှတ်တမ်းယူချိန်မှာတော့ ကားမှတ်တိုင်ကလူတွေလည်း အဲဒီနေရာကို တိုးလာကြတယ်။ သွေးကွက်တွေရဲ့ဘေးမှာ ပန်းစည်း၊ ပန်းပွင့်တွေ ချထားတာကို တွေ့ရတယ်။ သွေးကွက်နေရာတွေကို အုတ်ခဲလေးတွေချပြီး ကာရံထားတယ်။ ကားတွေကလည်း အဲဒီနေရာကို ရှောင်မောင်းကြတယ်။
ဒီနေရာမှာ မနေ့က လူငယ်နှစ်ယောက်ကို စစ်သားတွေက ပစ်သတ်သွားတာ။ မနက်လင်းတော့ အဲဒီအနီးအနားကို စုရုံးသွားဖို့အတွက် စိတ်ဖိစီးမှုတခုခု ရှိကြမှာပါ။ ကျနော်တို့ ရောက်သွားချိန်မှာ အဲဒီသွေးကွက်အနားကို ဘယ်ကထွက်လာမှန်းမသိတဲ့ လူအုပ်ကြီးက ပန်းစည်းတွေ လာချကြတယ်။ တချို့က ပန်းစည်းလာချရင်းနဲ့ “အရေးတော်ပုံ အောင်ရမည်” လို့ တဦးတည်း ကြွေးကြော်သံတွေကို ရေရွတ်တာကို ကြားရတယ်။
လူတယောက်က ဒီနေရာမှာ မနေ့ကဖြစ်ပျက်သွားတဲ့အကြောင်းကို ပြောပြတယ်။
“စစ်ကားက ခုံးတံတားပေါ် တက်သွားတယ်၊ ဆန္ဒပြသူတွေက ကာထားတဲ့ အထဲမှာပဲ ကြွေးကြော်နေကြတာ၊ ကောင်လေးနှစ်ယောက်က ဒီနေရာကို ဒိုင်းလေးကာပြီး ပြေးတက်လာတာ၊ ကားက ရှေ့ဆက်မသွားဘဲ နောက်ပြန်ဆုတ်လာပြီး အပေါ်ကနေ စီးပစ်တာ၊ နှစ်ယောက်စလုံး ပြန်ထတာ မတွေ့ဘူး၊ စစ်ကားမောင်းထွက်သွားလို့ကြာမှ အလောင်းလာကောက်လို့ရတာ။”
သူက ကျနော်တို့ကိုပြောပြရင်း ဘေးကလာနားထောင်သူတွေပါ ပြောပြနေတာပါ။
မြောက်ဥက္ကလာအဝိုင်းကနေ လေဆိပ်ကိုသွားတဲ့ ခုံးတံတားတခုရှိတယ်။ အဲဒီခုံးတံတားက ကားတစီးစာ တလမ်းမောင်း။ ကားအကြီးတစီး ခုံးတံတားပေါ်တက်သွားရင် ပြန်လှည့်လို့ရတဲ့နေရာတော့ မဟုတ်ဘူး။
စစ်ကားက ခုံးတံတားပေါ်တက်သွားပြီး မထင်မှတ်ဘဲ ကားကို နောက်ပြန်ဆုတ်လာပြီး ပစ်သတ်သွားတာ ဖြစ်တဲ့အကြောင်း ခုံးတံတားကို လက်ညှိုးညွှန်လိုက် ကျဆုံးသွားသူတွေရဲ့ သွေးကွက်တွေကို ညွှန်ပြလိုက်နဲ့ သူက ရှင်းပြတယ်။
ကျဆုံးသွားသူနှစ်ဦးရဲ့ နာရေးအိမ်ကို သတင်းထောက်အချင်းချင်းဆီကနေ ကျနော်တို့ သိထားနှင့်ကြတယ်။ ဒီနေရာမှာ ရသင့်သလောက် အချက်အလက်တချို့ကို မေးပြီး နာရေးအိမ်ဘက်ကို ထွက်လာခဲ့တယ်။
နာရေးပထမအိမ်။ မြောက်ဥက္ကလာအဝိုင်းကနေ မြောက်ဒဂုံဘက်ကို တံတားကူးလိုက်တယ်။ နာရေးကူညီမှုအသင်းရုံး မရောက်ခင် ညာဘက်လမ်းကို ချိုးဝင်လိုက်တယ်။ လမ်းထဲဝင်သွားတော့ ဘယ်နေရာမှန်း ဘယ်အိမ်မှန်း တန်းမသိခဲ့ဘူး။
နာရေးအိမ်တွေရဲ့ ထုံးစံအတိုင်း အိမ်ရှေ့ကမျက်နှာစာကို ခွာချထားတယ်။ အမယ်အိုကြီးတယောက် ထိုင်နေတာ တွေ့ရတယ်။ သေချာတယ်၊ ဒါ နာရေးအိမ်ပဲဆိုတာ။ ကျနော်တို့ ရောက်သွားချိန်မှာ တခြားဘယ်သူမှ ရောက်လာတာ မတွေ့ရဘူး။ မိသားစုလည်း စုံစုံလင်လင် ရှိပုံမပေါ်ဘူး။
အမယ်အိုကြီးက စိတ်ကိုတင်းထားရပုံရတယ်။ ကျနော်တို့မေးတာတွေကို မျက်ရည်မကျဘဲ ဖြေပေးတယ်။ ကျနော်တို့က ပါလာတဲ့ငွေလေးတွေစုပြီး အမယ်အိုကြီးရဲ့လက်ထဲ ထည့်ပေးလိုက်တယ်။
ခဏနေတော့ လူငယ်အမျိုးသမီးတစု ရောက်လာတယ်။ သူတို့တွေက ရောက်ရောက်ချင်းပဲ အမယ်အိုကြီးကို ပွေ့ဖက် နှစ်သိမ့်ပေးကြတယ်။ ဒီအချိန်မှာ အမယ်အိုကြီးလည်း တင်းထားလို့မရတော့ဘူး ငိုသံထွက်လာတယ်။ ရှိုက်သံတွေလည်း အမယ်အိုကြီးဆီက ထွက်လာတယ်။ မြောက်ဥက္ကလာအဝိုင်းမှာ ဆန္ဒပြရင်း ကျဆုံးသွားတဲ့ နှစ်ယောက်ထဲမှာ တယောက်က အမယ်အိုကြီးရဲ့သား ဖြစ်တယ်။ အမယ်အိုကြီး ငိုရှိုက်နေတာကို လူငယ်အမျိုးသမီးတစုထဲက တယောက်က လက်နှစ်ဖက်နဲ့ အမယ်အိုရဲ့ မျက်ရည်တွေကို သုတ်ပေးတယ်။ အမယ်အိုကြီးကိုလည်း နှစ်သိမ့်စကားတွေ ပြောပေးတယ်။
ဒီအခြေအနေတွေကို ဗီဒီယိုရိုက်ကူးခဲ့ပေမဲ့ ဘယ်ရုပ်ကတ်တွေပါပြီး ဘယ်ရုပ်ကတ်တွေ မရိုက်မိဘူးလဲ ပြန်တွေးလို့မရတော့ပါဘူး။ အဲဒီအချိန်က မြင်ကွင်းကို ပြန်ပြောတိုင်းလည်း အသစ်ပြန်ဖြစ်ရတယ်။ မကြာသေးခင်က ဖြစ်သွားတာလားလို့တောင် စိတ်ထဲဖြစ်မိတယ်။
ဒုတိယနာရေးအိမ်ကို ဆက်ထွက်လာကြတယ်။ လမ်းမကြီးရဲ့ ဘယ်ဘက်ခြမ်းကို ချိုးဝင်ရတယ်။ ကျဆုံးသွားသူနှစ်ဦးက လမ်းမတန်းလေးပဲခြားပြီး လမ်းရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း နေတဲ့သူတွေပါလားလို့ တွေးမိလိုက်တယ်။
မနက်ခင်းရဲ့ မြင်ကွင်းတွေက ကျနော်တို့အတွက် ဆို့နင့်ကြေကွဲစရာတွေပါပဲ။ လက်နက်ကိုင်ထားကြတဲ့ စစ်သားတွေကို စစ်ခွေးတွေလို့ စပြီး သုံးစွဲကြတယ်။ မတရားအနိုင်ကျင့်တာကို ခံရတဲ့ အခြေအနေတွေက တရက်ထက်တရက် အဆိုးဘက်ကို ဦးတည်လာတယ်။
ဒုတိယနာရေးအိမ်ကိုရောက်တော့ ပိုပြီး ဆို့နင့်စရာအဖြစ်ကို တွေ့လိုက်ရတယ်။ မြေကြီးပေါ်မှာ ကာရံထားတဲ့ အိမ်ကလေးပါ။ အိမ်လို့လည်း မမည်၊ တဲကလေးလို့လည်း ခေါ်လို့မရတဲ့ မြေကြီးပေါ်မှာ အိပ်ရတဲ့သူတွေ ဖြစ်နေတယ်။ တနေ့လုပ်မှ တနေ့စား နေ့စားလုပ်ရတဲ့သူ ဖြစ်တယ်လို့ အနီးအနားက ပြောပြလို့ သိရတယ်။
ကျဆုံးသူဟာ မြေစိုက်တဲကလေးထဲကနေ စစ်အာဏာရှင်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြရင်း ကျဆုံးသွားခဲ့ရသူ။ တိုးတက်တဲ့နိုင်ငံတွေဆီကလို လုပ်အားခ လောက်လောက်လားလားရဖို့ သူမျှော်လင့်ခဲ့ဖူးတာလည်း ဖြစ်နိုင်တယ်။ လုပ်အားခပိုရရင် မြေစိုက်တဲကလေးကနေ အဆင့်ကလေးပါတဲ့ တဲတလုံးရဖို့ သူမျှော်ချင်လည်း မျှော်လင့်ခဲ့မှာပဲ။ မြေကြီးပေါ်မှာ အိပ်ရတဲ့ဘဝကနေ ကြမ်းခင်းပါတဲ့ တဲလေးတလုံးရဖို့ သူမျှော်လင့်ခဲ့ဖူးမှာပါ။
အခုလို သူ့နာရေးမှာ သတင်းထောက်တွေ သတင်းလာယူနေတာကို တမလွန်ကနေ စစ်အာဏာရှင်ကို သူ တခုခုပြောချင်ပြောနေမှာ။ စစ်သားတွေရဲ့ ယုတ်မာရိုင်းစိုင်းချက်ကို သူသိထားတဲ့ စကားလုံးတခုခုနဲ့ နှိုင်းပြချင် နှိုင်းပြနိုင်တယ်။
အာဏာရှင်တွေ ကြီးစိုးလာရင် အခုလို မြေစိုက်တဲမှာနေရတဲ့ ဘဝကနေ ထပ်ပြီး မျှော်လင့်စရာလမ်းစ မရှိတော့မှာကိုသိလို့ လမ်းမပေါ်ထွက် ဆန္ဒပြတာလည်း ဖြစ်နိုင်တယ်။ ဒုတိယနာရေးအိမ်ကို အလှူငွေတွေ ပိုပြီးလှူကြတာလည်း တွေ့ရတယ်။
မြေစိုက်တဲကလေးထဲက အာဏာရှင်ကို အလိုမရှိတဲ့အကြောင်း၊ မြောက်ဥက္ကလာအဝိုင်းမှာ ဆန္ဒပြရင်း သွေးမြေကျ အသက်ပေးသွားတဲ့အကြောင်း ဒီစာစုလေးနဲ့ မှတ်တမ်းတင်ပါတယ်။
ကျနော်တို့ ပြန်ထွက်လာချိန်မှာတော့ မြောက်ဥက္ကလာအဝိုင်းမှာ အရင်နေ့ကထက် နှစ်ဆပိုများတဲ့ ဆန္ဒပြလူအုပ်ကြီး ရောက်နေပြီဆိုတဲ့အကြောင်း သတင်းထောက်တယောက်က ဖုန်းဆက်ပြီး လှမ်းခေါ်တယ်။ မတရားမှုက နှစ်ဆတိုးရင် တော်လှန်ပုန်ကန်ခြင်းဟာလည်း နှစ်ဆတိုး ရှိတဲ့အကြောင်း အဲဒီအချိန်ကတည်းက တွေးမိလိုက်ပါတယ်။
တာပလု