ဝါလကင်းလွတ်၊
သီတင်းကျွတ်သို့ လွတ်လပ်ကြစေ၊
မြန်မာပြည်လည်း အောင်ပွဲတွေရ၊
ဖိနှိပ်ကြသူ ဓားပြစစ်တပ်၊
ရှုံးပွဲထပ်၍ မိုက်ဇာတ်သိမ်းချိန် ရောက်တော့မည်။ ။
ကျမတို့ မြန်မာနိုင်ငံဟာ ခုအချိန်အခါသမယမှာ ဝါလကင်းလွတ်လို့ သီတင်းကျွတ်ခဲ့ပြန်ပါပြီ။ မိုးလေကင်းလွတ်ခဲ့သလို ဝါတွင်းကာလ ထိန်းသိမ်းခဲ့ကြတဲ့ သီတင်းသီလများဟာလည်း တခါအောင်လို့ တတောင်ကျော်ကာ ကျွတ်ခဲ့ လွတ်ခဲ့ပြန်ပါပြီ။ ဒါပေမဲ့ မြန်မာပြည်သူတွေ ခံစားနေကြရတဲ့ ဘေးရန်အပေါင်းဟာ အရှင်းကင်းလွတ်ခွင့်ရဖို့ စောင့်စားနေရဆဲ ဖြစ်ပါတယ်။ အာဏာရှင်လက်အောက်မှ ဆင်းရဲဒုက္ခများကို အံကြိတ်လို့ ကြိုးစားနေကြသူများမှာလည်း အောင်ပွဲအလီလီ ပျော်ရင်း မကြာခင်ဘဲ ရန်တွေကုန်လို့ ပြန်ဆုံကြဖို့ အားတင်းထားကြဆဲ ဖြစ်ပါတယ်။ ပြည်သူရဲ့ ရန်သူဟာ တိုက်တိုင်းလစ်၊ ပစ်တိုင်း လွဲ၊ ပွဲတိုင်း ရှုံးလို့ အတုံးအရုံးဖြစ်ကာ အိမ်ရာမသိ ကျိန်စာမိနေကြပါတယ်။ မြန်မာရွှေပြည် ဒေဝီလှပန်း တတိုင်း လျှမ်းတောက် ပေါက်ရောက်နိုင်ပါစေ။ ဓမ္မသည်သာ အခရာမို့ တရားသူတွေသာ နိုင်ကြပါစေ။
နောက်တခါ ဝါကျွတ်ရင် လူကြီးသူမ၊ ဆရာလှနဲ့ မိဘနှစ်ဖြာ ဆွေများစွာကို ဝတ်ကောင်းစားလှ ပုံအကျနဲ့ မိသားစုအစုံ လက်စုံမိုးကာ ရှိခိုး ဂါရဝ ဦးပုံချနိုင်ကြပါစေ။ လွမ်းနာကုန်လို့ ဖယောင်းဆီမီး ကောင်းစည်တီးကာ မြတ်ဗုဒ္ဓ ရည်မျှော် ပူဇော်နိုင်ကြပါစေ။ မီးရှူးမီးပန်း လျှမ်းတမြမြ အောင်ပွဲညမှာ တိုင်းရင်းသားစုံ ဆုံကြ ပျော်ကြ အော်နိုင်ကြဖို့ ဆုတောင်းနေကြတုန်းပဲ ဖြစ်ပါတယ်။ မျှော်သာမျှော် ပေါ်မလာလေတဲ့ မိသားစုများဟာလည်း လူစုံတဲ့ ထမင်းဝိုင်းလေးများဆီ အမြန်ပြန်စုံလာကြရစေချင်လှပါတယ်။ ဇာတိရေ မြေ မွေးဌာနေမှာ ဆွေမျိုးတူစုံ ဦးချချင်လှပါပြီ။ မြန်မာပြည် အမြန်အေးဖို့ ညာညီညီ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဘယ်လိုပင် ပြောပါစေ။ အရာရာမှာ ရက်စက်တတ်တဲ့ အာဏာသိမ်း စစ်ကောင်စီ စစ်အာဏာရှင်တွေဟာ အခုအချိန်အထိ ယုတ်မာ ရက်စက်နေတုန်းပဲ ဖြစ်ပါတယ်။ ခေါင်းတွေ၊ ခြေ၊ လက်တွေ ဖြတ်ပြီး ခြံစည်းရိုး ချိတ်တင်ထားတဲ့အထိ ဝေသာလီပြည် ဘီလူးစီးသလို လူစိတ်တို့ ပျောက်နေကြတုန်းပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေဆိုးတွေမှာတောင် ပေါ့တန်ပေါ့ပြက်တဲ့ ပွဲလမ်းသဘင်တွေနဲ့ ပျော်သူတွေကလည်း ပျော်နေကြတုန်းပဲ ရှိပါသေးတယ်။ တခါတခါ ဒီလောကဟာလည်း အငိုလွယ်သလောက် အရှိုက်ခက်လှပါတယ်။ အဓိကနဲ့ သာမည မခွဲတတ်ကြတဲ့ မောဟထူသူတွေကြားမှာ အရာရာဟာ ခွကျနေတုန်းပဲ ဖြစ်ပါတယ်။ ကြည့်သလောက်သာ မြင်ပြီး သိသလောက်သာ နာကြတဲ့ လောကမှာ အသိအမြင်များအောင် လေ့လာကြပါ ဆိုရမလား။ စိတ်ချမ်းသာဖို့ ဘာမှမသိတာ ပိုကောင်းတယ် ဆိုရမလား။ အရာရာမှာ ခံနိုင်ရည်ချင်း မတူကြလေတော့ ဟန်ချက်ညီပါစေလို့သာ ဆုတောင်းပေးလိုက်ပါတယ်။ ကြားမြင်မိသမျှ ကိုယ်ချင်းစာ ခံစားတတ်ကြသူတွေမှာတော့ ရင်မှာ တဆစ်ဆစ်နဲ့သာ နာကျင်နေကြဆဲပဲ ဖြစ်ပါတယ်။
ဒီတခါ ပြန်အေးချမ်းတဲ့အခါ ဗုဒ္ဓစကား ရင်မှာထားလို့ ခြေခြေမြစ်မြစ် နားလည်ပြီး နှစ်နှစ်ကာကာ ယုံကြည်သူတွေသာ ကြီးစိုးစေချင်ပါတယ်။ ဗုဒ္ဓဘာသာ အမည်ခံပြီး လိမ်လည်စားသောက်ကြသူများ ဘေးမှ ကင်းဝေးကြပါစေ။ လူကောင်းတွေသာ ပေါများပြီး နေချင်စရာ နိုင်ငံတခု ဖြစ်စေချင်လှပါတယ်။ ဒီလိုပတ်ဝန်းကျင်မှာ အနိုင်ကျင့် ဗိုလ်ကျခြင်းများ ကင်းဝေးကာ သာယာလှပနေမှာ သေချာလှပါတယ်။ ဘာသာတရားတိုင်းရဲ့ အဆုံးအမတွေကို လေးစားလိုက်နာတတ်သူတွေနဲ့ တန်ဖိုးကြီးလှတဲ့ ပတ်ဝန်းကျင်တခု တည်ဆောက်ချင်လှပါတယ်။ မကောင်းတာမှန်သမျှ ရှောင်ကြဉ်နိုင်သူတွေရဲ့ လူမှုအသိုင်းအဝိုင်းဟာ လှပသာယာနေတော့မှာ အသေအချာပါပဲရှင်။
ဘာသာတရားတွေရဲ့ အဆုံးအမတွေနဲ့ လိမ်မာယဉ်ကျေးတဲ့ လူကောင်းကလေးတွေကို ပညာနဲ့ မွမ်းမံကြရပါမယ်။ စဉ်းစားတွေးခေါ် ဆင်ခြင်နိုင်ကြသူများသာ များပြားလာမယ်ဆိုရင် အသိဉာဏ်ကြီးလှတဲ့ လူမှုအသိုင်းအဝိုင်းဟာ နေပျော်ဖွယ် ဖြစ်လာနေမှာပါ။ ကိုယ့်အားကိုယ်ကိုး ကြိုးစားတတ်သူတွေ များလာရင် အချောင်လိုချင်တဲ့ အသိုက်အဝန်းဟာ ပြိုကျ ပျက်စီးကြရမှာပါပဲ။ ကိုယ်တိုင် ကြိုးစား အောင်မြင်နိုင်မှန်းသိရင် နိုင်ငံပစ္စည်း၊ အများပစ္စည်း ခိုးယူတာတွေဟာ ရွံရှာစရာကောင်းမှန်း လက်ခံလာကြမှာပါပဲ။ ဒါကြောင့် ဒီလို ဝါလကင်းလွတ် သီတင်းကျွတ်ပြီးသလို မြန်မာပြည်သူတွေဟာ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အာဏာသိမ်း စစ်ကောင်စီ စစ်အာဏာရှင်တွေ လက်အောက်ကနေ အမြန်ဆုံးနည်းနဲ့သာ ကျွတ်စေ၊ လွတ်စေ၊ ကျွတ်လွတ်နိုင်ကြပါစေကြောင်း စိတ်မှန်တခုနဲ့ အဓိဋ္ဌာန်ပြုလိုက်ရပါတယ်ရှင်။ ။
သန့်ကေသာ (CDM ပညာရေးဝန်ထမ်း)