မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အပြောင်းအလဲတခုနဲ့ ကြုံတွေ့လာရပြီး စစ်ကောင်စီရဲ့ ကာလကြာ အာဏာဆုပ်ကိုင်ထားမှုကို ခြိမ်းခြောက်လာလျက် ရှိနေပါတယ်။ ၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်ကပဲ တိုက်ရိုက်အုပ်ချုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်အလွန်ကျမှ အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်ကို ရောပြွန်းထားတဲ့ ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ ခုနှစ်ကစလို့ အရပ်သားအစိုးရ လက်ထက်မှာ ဒီမိုကရေစီစနစ် အားကောင်းလာခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြန်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ၁၉၈၈ လူထုအရေးတော်ပုံနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးဖြစ်စဉ်တွေတုန်းကလိုပဲ ပြည်သူလူထုရဲ့ အုံကြွမှုတွေကို အင်အားသုံး ဖြိုခွင်း ဖိနှိပ်လိုက်ရင် အချိန်တိုအတွင်းမှာ အာဏာကို တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ စစ်ကောင်စီဟာ စစ်အာဏာရှင်စနစ်ကို မြေလှန်ပစ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ခုခံတွန်းလှန်စစ်တွေနဲ့ သမိုင်းတလျှောက် မကြုံဖူးလောက်အောင် ရင်ဆိုင်ခဲ့ရပါတယ်။
အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုကြီးအဖြစ် ကနဦးအစပြုခဲ့ရာကနေ နောက်ပိုင်းမှာတော့ ပိုမိုကျယ်ပြန့်တဲ့ လက်နက်ကိုင်ပဋိပက္ခအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ တပ်ပေါင်းစုတွေဟာ နယ်စပ်ဒေသတွေမှာ တိုက်စစ်ဖွင့်ပြီး စစ်ကောင်စီကို တွန်းလှန်ကြလျက် ရှိနေပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ကောက်ခံရရှိခဲ့တဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အခြေခံပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရဆိုရင် စစ်ကောင်စီဟာ နိုင်ငံရဲ့ နယ်မြေဧရိယာ ၈၆ ရာခိုင်နှုန်းလောက်အထိ ကောင်းကောင်း ထိန်းချုပ်နိုင်စွမ်း မရှိတော့တာကို တွေ့ရပါတယ်။ နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၀ ကို တော်လှန်ရေးတပ်ဖွဲ့တွေက ခန့်မှန်းခြေအားဖြင့် ၉၀ ရာခိုင်နှုန်း ထက်မနည်း ထိန်းချုပ်ထားသလို အဲဒီထဲက မြို့နယ် ၁၄ ခုကိုတော့ တော်လှန်ရေးအဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ဒီခန့်မှန်း တွက်ချက်မှုတွေအရဆို စစ်ရေးနဲ့ နိုင်ငံရေးအာဏာ ချိန်ခွင်လျှာဟာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကို သိသိသာသာ အလေးသာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
သိမ်းပိုက်ထားသည့် နယ်စပ်ဒေသရှိ မြို့များ
တော်လှန်ရေးမှာ ကြီးမားတဲ့ အလှည့်အပြောင်းတခု ဖြစ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း EAO တွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဟာ နိုင်ငံတဝန်းရှိ မြို့ပေါင်း ၅၃ မြို့ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲက မြို့ ၁၂ မြို့၊ ရာခိုင်နှုန်းအားဖြင့် ၂၃ ရာခိုင်နှုန်းနီးပါးဟာ အိန္ဒိယနယ်စပ်မှာ တည်ရှိပြီး စစ်ကောင်စီလက်အောက်ခံ တပ်တွေဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကလွဲလို့ အဲဒီနယ်စပ်မှာရှိတဲ့ မြို့အားလုံးကို လက်လွှတ်ဆုံးရှုံးထားပါတယ်။
စစ်တပ်ဟာ ချင်းပြည်နယ်၊ မတူပီခရိုင်ရှိ မြို့ ၃ မြို့ကိုလည်း လက်လွှတ်ခဲ့ရသလို ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်ရှိ မြို့တမြို့ကိုလည်း ဆုံးရှုံးထားပါတယ်။
သိမ်းပိုက်ရရှိထားတဲ့ မြို့အားလုံးရဲ့ ၁၅ ရာခိုင်နှုန်းဝန်းကျင်ဖြစ်တဲ့ မြို့ ၈ မြို့ကတော့ မြန်မာ-ထိုင်းနယ်စပ်က ဖြစ်ပြီး အဲဒီထဲမှာ ကရင်နီပြည်နယ်၊ ဘောလခဲခရိုင်မှ မြို့ ၃ မြို့ ပါဝင်ပါတယ်။
အလားတူ မြန်မာ-တရုတ်နယ်စပ်ရှိ ခရိုင်တွေမှ မြို့ပေါင်း ၁၇ မြို့၊ ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ထားပါတယ်။ စစ်တပ်ဟာ တရုတ်နယ်စပ်တလျှောက်မှာ ဆုံးရှုံးမှု အကြီးမားဆုံးဖြစ်ပြီး နယ်စပ်တလျောက်ရှိ ခရိုင် ၉ ခုမှ မြို့ ၆ မြို့အထိ လက်လွှတ်ခဲ့ရသလို ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်မှာလည်း မြို့ ၄ မြို့ အထိ ဆုံးရှုံးထားပါတယ်။
စစ်တပ်၏ တန်ပြန်ထိုးစစ်များ
ပြီးခဲ့တဲ့ ၃ နှစ်အတွင်းမှာ တပ်ကနေ ထွက်ပြေးတာ၊ ဘက်ပြောင်းခိုလှုံတာ၊ တိုက်ပွဲမှာ သေဆုံးတာတွေနဲ့ စိတ်ဓာတ်ရေးရာ ပျက်ပြားလာတာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ဟာ အကြီးအကျယ် လျော့ကျလာခဲ့ပြီး စစ်အင်အား ၁၃၀,၀၀၀ ဝန်းကျင်၊ ရဲနဲ့ ပြည်သူ့စစ်အင်အား ၇၀,၀၀၀ သာ ကျန်ရှိတော့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အာဏာဗဟိုချက်ဖြစ်တဲ့ နေပြည်တော်နဲ့ ရန်ကုန်တို့လို အရေးပါတဲ့ မြို့ကြီးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင်လာနိုင်တဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက် မြို့ကြီးတွေအနီးမှာ တပ်ဖွဲ့ဝင် အရေအတွက် အမြောက်အမြား စခန်းချထားရချိန်မှာ စစ်တပ်ဟာ သူ့ရဲ့ စစ်အင်အားအရင်းအမြစ်ကို ဆွဲဆန့်နိုင်ဖို့အတွက် အခက်တွေ့လာခဲ့ပြီး ရှေ့တန်း စစ်မျက်နှာပြင်မှာလည်း အင်အား မလုံလောက်မှုတွေနဲ့ပါ ကြုံတွေ့လာရပါတယ်။
နောက်ပြီး ဒဏ်ရာရ စစ်သားတွေကို မဖြစ်စလောက် ထောက်ပံ့ပေးတာနဲ့ စစ်ခေါင်းဆောင်တွေအပေါ် ယုံကြည်းစားမှု ကင်းမဲ့လာတဲ့ အချက်တွေကလည်း စစ်တပ်ရဲ့ စုဖွဲ့မှုကို ပိုမိုအားနည်းစေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါတင်မက စစ်ကောင်စီဟာ သတင်းအချက်အလက် ပေါက်ကြားမှုတွေအပြင် နည်းပညာပိုင်းဆိုင်ရာ ခေတ်နောက်ကျမှုတွေနဲ့ပါ ရုန်းကန်နေရပါတယ်။
တဖက်မှာတော့ စစ်ကောင်စီကို အထိနာစေခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြည့်မယ်ဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်ခဲ့တာ တွေ့ရသလို ဧပြီ ၄ ရက်နေ့မှာလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရှိရာ စစ်ဌာနချုပ်နဲ့ နေပြည်တော် လေဆိပ်ကို ပစ်မှတ်ထားပြီး ဒရုန်းအစင်းပေါင်း ၃၀ နီးပါးနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးတာတွေ မရှိဘူးဆိုပေမဲ့ ဒီတိုက်ခိုက်မှုဟာ နေပြည်တော်က စစ်ဗိုလ်ချုပ်တွေကို တုန်လှုပ်ချောက်ချားစေခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ဟာ စစ်ကောင်စီရဲ့အရှိုက်ကို ထိုးနှက်မှုတွေ လုပ်လာနိုင်တဲ့အထိ လက်လှမ်းမီ ကြီးထွားလာတယ်ဆိုတာကို မီးမောင်းထိုးပြရာ ရောက်ခဲ့ပါတယ်။
ဒီလို အခြေအနေတွေနဲ့ ကြုံတွေ့နေရချိန်မှာပဲ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် တန်ပြန်ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ စစ်ဆင်ရေးအားလုံးဟာ အခုချိန်အထိ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပထမဆုံး တရားဝင် ထိုးစစ်ဆင်မှုအဖြစ် အောင်ဇေယျ စစ်ဆင်ရေးကို ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်း ကွပ်ကဲပြီး ဧပြီလမှာ ဖော်ဆောင်ခဲ့ပါတယ်။ ဒီထိုးစစ်ဆင်မှုဟာ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းပြီး ထိုင်းနယ်စပ်အနီး အရေးပါတဲ့ ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မြဝတီမြို့ ပြန်လည်ရရှိရေးကို အဓိကထား လုပ်ဆောင်သွားမယ်လို့ မီဒီယာကနေတဆင့် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မြဝတီမြို့ရှိ ခြေလျင်တပ်ရင်း ၂၇၅ ကို ကရင်တပ်ဖွဲ့တွေက သိမ်းပိုက်ပြီးတဲ့နောက် မြဝတီမြို့ ပြန်လည်ရရှိရေး စစ်ဆင်ရေးမှာ သံချပ်ကာယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်အင်အား ၃,၀၀၀ နီးပါး အသုံးပြုခဲ့တဲ့အပြင် မြို့တွင်းရှိ လက်ကျန် တပ်သားတွေကို ထိန်းထားနိုင်ဖို့အတွက် လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီတပ်ကူစစ်ကြောင်းဟာ ဒေါနတောင်ကြားမှာ လနဲ့ချီ သောင်တင်နေခဲ့ကာ ကရင်တိုင်းရင်းသားနဲ့ အခြားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တရစပ် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဘက်ဆီကို ကသောင်းကနင်းနဲ့ ဆုတ်ခွာခဲ့ကြရပါတယ်။
စစ်ကောင်စီရဲ့ ဒုတိယမြောက် စစ်ဆင်ရေးဖြစ်တဲ့ ဆင်ဖြူရှင် စစ်ဆင်ရေးကိုတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်လည်ရယူနိုင်ရေးအတွက် ဩဂုတ်လမှာ ဖော်ဆောင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နောင်ချို၊ ကျောက်မဲနဲ့ လာရှိုးမြို့တွေကို မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ က ဇွန်လကတည်းက သိမ်းပိုက်ထားခဲ့တာပါ။
ဒါတင်မက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့တာကြောင့် ညီနောင် မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ဇန်နဝါရီလမှာ တရုတ်ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကျိုးပျက်ခဲ့ချိန်ကစပြီး လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မန္တလေးတိုင်းထဲက မတ္တရာနဲ့ မိုးကုတ်မြို့နယ်တွေကိုလည်း ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထားပါတယ်။
စစ်ကောင်စီရဲ့ ဆင်ဖြူရှင် စစ်ဆင်ရေးဟာလည်း စစ်အင်အား၊ လက်နက်အင်အား ကန့်သတ်ချက်တွေကြောင့် ထင်သလောက် အောင်မြင်မှု မရခဲ့ပြန်ပါဘူး။ စစ်ကောင်စီဟာ လက်တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေပေမဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ သူ့ရဲ့မဟာမိတ်အဖွဲ့တွေဟာ သီပေါနဲ့ နောင်ချိုမြို့နယ်တွေမှာရှိတဲ့ စစ်တပ်ရဲ့ လက်ကျန်စခန်းတွေကို သိမ်းပိုက်နိုင်ရေး ဆက်လက် ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။
နောက်ဆုံးမြောက် တန်ပြန်ထိုးစစ်ဖြစ်တဲ့ ရန်နိုင်မင်း စစ်ဆင်ရေးကိုတော့ ကရင်နီပြည်နယ်မှာ လက်လွတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်လည်ရယူနိုင်ရေးအတွက် စက်တင်ဘာလမှာ စစ်ကောင်စီက စတင် လုပ်ဆောင်ခဲ့ပါတယ်။ စစ်တပ်ဟာ ကရင်နီနယ်စပ်အနီး ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ နောင်တရားနဲ့ ပင်လောင်းမြို့နယ်တွေမှာ ခံစစ်ကို မြှင့်တင်ရင်း ဆုံးရှုံးနယ်မြေတွေကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ လေကြောင်းပစ်ကူကိုပဲ အဓိကအားပြုနေရတဲ့ စစ်တပ်ဟာ လွိုင်ကော်ဝန်းကျင်ရှိ တပ်စခန်းအနည်းငယ်ကို ပြန်လည်ရရှိခဲ့တာကလွဲလို့ အခုချိန်ထိ အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့တာ မတွေ့ရပါဘူး။ စိတ်ဓာတ်ရေးရာနဲ့ တိုက်ခိုက်ရေးစွမ်းရည် ဆုတ်ယုတ် ကျဆင်းလာတဲ့ စစ်တပ်ဟာ ကရင်နီပြည်နယ်ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရေးမှာလည်း စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဖြစ်နိုင်ခြေရှိသည့် ရလဒ်များ
လက်ရှိ အခင်းအကျင်းအရဆိုရင် စစ်ကောင်စီဟာ ဒီထက်မက နယ်မြေတွေ ပိုမို လက်လွှတ်ဆုံးရှုံးရနိုင်ခြေ ရှိနေပါတယ်။ ဆွဲထုတ်လို့ရတဲ့ နေရာတွေက တပ်ဖွဲ့ဝင်တွေကို ဆွဲထုတ်ဖို့ ဆုံးဖြတ်ပြီး တန်ပြန်ထိုးစစ်တွေနဲ့ ဆုံးရှုံးနယ်မြေတွေ ပြန်ရအောင် ကြိုးပမ်းသွားမယ်ဆိုရင်တောင် စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ထောက်ခံယုံကြည်မှုကို ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အခြေအနေ ဖြစ်ပါတယ်။
ဒါ့အပြင် စီးပွားရေးမှာ အကျပ်ရိုက်လာမှုကလည်း ဖုံးကွယ်လို့မရနိုင်အောင် ဖြစ်လာနေပြီး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေဟာလည်း အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ပိုမို ဆိုးရွားလာလျက် ရှိနေပါတယ်။ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း နေရပ်စွန့်ခွာသူများ ယာယီခိုလှုံရာစခန်း (IDP) တွေမှာ လူပေါင်း ၄ သန်းကျော်အထိ ရှိလာခဲ့ပြီး ပြည်သူပေါင်း ၁၂ ဒသမ ၉ သန်းဟာလည်း အစာရေစာ မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်မှာတော့ စစ်ကောင်စီဟာ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စားပွဲဝိုင်းကနေ နိုင်ငံရေးအရ အဖြေရှာသွားဖို့ တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီး ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်ဖို့ ကြိုးစားခဲ့ပါတယ်။ သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် စစ်တပ်ဟာ မီးစတဖက် ရေမှုတ်တဖက် မဟာဗျူဟာကို အသုံးပြုခဲ့တာ တွေ့ရပါတယ်။ တဖက်မှာ အတိုက်အခံတွေကို နိုင်ငံရေးဆိုင်ရာ လိုက်လျောချက်တွေ အကန့်အသတ်နဲ့ ပေးအပ်ပြီး တဖက်မှာတော့ အကြမ်းဖက်ဖိနှိပ်မှုတွေ လုပ်ဆောင်ခဲ့တာကို ၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှုကြီးနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်စဉ်တွေနောက်ပိုင်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။
နောက်ပြီး နိုင်ငံရေးရာသီဥတု အနေအထားဟာ အဲဒီအချိန်တွေတုန်းကနဲ့ မတူတော့ဘဲ လက်ရှိ နွေဦးတော်လှန်ရေး ကာလမှာ ခိုင်မာတဲ့ ယုံကြည်ချက် ခွန်အားတွေကြောင့် စစ်ကောင်စီဟာ အခုချိန်ထိ နိုင်ငံရေးမှာရော သံတမန်ရေးမှာပါ ဖယ်ကြဉ်ခံထားရဆဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ထွက်ပေါက်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အားစိုက်နေချိန်မှာ နိုင်ငံရေးအရ အဖြေရှာသွားဖို့ စစ်ကောင်စီက ပထမဆုံးအကြိမ်အနေနဲ့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမှုကသာ အကြမ်းဖက်မှုတွေကို လျော့ချနိုင်လိမ့်မယ်လို့ အသံကောင်းဟစ်ပြီး စစ်ကောင်စီဟာ ပြည်တွင်းကအဖွဲ့တွေထက် နိုင်ငံတကာကို အယုံသွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် စစ်တပ်အနေနဲ့ ပြည်တွင်း အတိုက်အခံတွေကို အနှစ်သာရပြည့်ဝတဲ့ လိုက်လျောချက်တွေ ပေးစရာမလိုဘဲ နိုင်ငံတကာဖိအားတွေကို လျော့ချသွားနိုင်ဖွယ် ရှိပါတယ်။
ဒါပေမဲ့ တော်လှန်ရေးအဖွဲ့တွေကတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးကနေ အပြီးတိုင် ထွက်ခွာရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးနဲ့ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိရေး စတဲ့ တောင်းဆိုချက်တွေကို လိုက်လျောမှသာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို လက်ခံသွားမယ်လို့ တုံ့ပြန်ထားကြပါတယ်။
စစ်ကောင်စီအဖို့ ဒီတောင်းဆိုချက်တွေကို လိုက်လျောသွားမယ့် အရိပ်အယောင် အနည်းငယ်ပြခဲ့မယ်ဆိုရင်လည်း စစ်ဗိုလ်ချုပ်တွေကြားမှာ မကျေနပ်ချက်တွေ ကြီးထွားလာပြီး တပ်တွင်းထဲမှာ ထပ်ဆင့် အာဏာသိမ်းမှုတွေ ထပ်မံ ဖြစ်ပွားလာနိုင်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခရဲ့ ရလဒ်ဟာ မသေချာ မရေရာတဲ့ အနေအထားမှာ ဆက်ရှိနေပြီး လက်ရှိ နိုင်ငံရေး၊ စစ်ရေး အလားအလာ အားလုံးကို ခြုံကြည့်မယ်ဆိုရင်တော့ တော်လှန်ရေး အင်အားစုတွေဘက်မှာ အလေးသာနေတာကို တွေ့ရပါတယ်။
စစ်ကောင်စီကို တွန်းလှန် တိုက်ခိုက်မှုတွေဟာ လျော့ကျသွားမဲ့ အရိပ်အယောင်မရှိဘဲ တဖြည်းဖြည်း ဆက်လက် ကြီးထွားလာချိန်မှာ စစ်ကောင်စီအနေနဲ့ အာဏာဆုပ်ကိုင်နိုင်မှု အားနည်းလာနေပြီး မြေပြင်မှာလည်း ရှုံးနိမ့်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်သွားရနိုင်ခြေ ရှိနေပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ မြို့တော် နေပြည်တော်အတွင်းမှာသာ ဩဇာလွှမ်းမိုးထားနိုင်တော့တာလို့ ဆိုပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းနိုင်ဖို့ ဒါမှမဟုတ် စစ်ကောင်စီ ပြိုလဲဖို့ဆိုတာကလည်း လက်ရှိအနေအထားအရ မဖြစ်နိုင်သေးပါဘူး။
တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ သူတို့ရဲ့ အောင်မြင်မှုအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်ခြင်း ရှိ၊ မရှိဆိုတာနဲ့ စစ်တပ်အတွင်း ဖြစ်ပေါ်လာတဲ့ အကွဲအပြဲတွေ ဒါမှမဟုတ် အားနည်းချက်တွေကို ကောင်းကောင်း အသုံးချနိုင်ခြင်း ရှိ၊ မရှိဆိုတဲ့ အချက်တွေက ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အဆုံးအဖြတ် ပေးသွားမှာပဲ ဖြစ်ပါတယ်။
ဆရီပါနာဘနာဂျီး
ရာစုသစ်