Home
ရုပ်သံ
မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုရပ်တန့်ရေး ကူညီရန် အာဆီယံမိတ်ဖက်နိုင်ငံများကို စင်ကာပူ တိုက်တွန်း
DVB
·
October 13, 2024
Photo - Lawrence Wong Facebook

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေး ကူညီလုပ်ဆောင်ပေးဖို့  အရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေနဲ့  အာဆီယံမိတ်ဖက်နိုင်ငံတွေကို စင်ကာပူဝန်ကြီးချုပ် လောရန့်စ်ဝေါင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ အောက်တိုဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ အရှေ့အာရှထိပ်သီး ဆွေးနွေးပွဲ (EAS) မှာ ပြောကြားခဲ့တာလို့ စင်ကာပူ နေ့စဉ်ထုတ်သတင်းစာ The Straits Time မှာ အောက်တိုဘာ ၁၂ ရက်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တားဆီးနိုင်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်နိုင်ရေး လမ်းကြောင်းပွင့်လာစေဖို့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးဆိုင်ရာ လွှမ်းမိုးမှုတွေကို အသုံးချပြီး မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးသွားဖို့ စင်ကာပူနိုင်ငံအနေနဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အပါအဝင် အာဆီယံရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေကို တောင်းဆိုလိုက်တာပါ။

စင်ကာပူဝန်ကြီးချုပ် လောရန့်စ် ဝေါင်က “မြန်မာ့အရေးမှာ အာဆီယံအနေနဲ့ သူလုပ်ရမဲ့အပိုင်းကို လုပ်ဆောင်သွားမှာ ဖြစ်သလို အာဆီယံမိတ်ဖက်နိုင်ငံတွေရဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း လိုအပ်တယ်” လို့ပြောပါတယ်။

ဒါ့အပြင် နှစ်ရှည်လများကြာအထိ တိကျပြတ်သားတဲ့ အဖြေရလဒ် ထွက်မလာသေးဘဲ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေးအပြင် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်နိုင်ရေးအတွက် ဒေသတွင်းဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းရာမှာ အာဆီယံမိတ်ဖက်နိုင်ငံတွေရဲ့ ထောက်ပံ့ကူညီမှုတွေဟာ တကယ့်ပါ အရေးပါကြောင်းလည်း ဝန်ကြီးချုပ် ဝေါင်က ပြောပါတယ်။

နှစ်စဉ် ကျင်းပမြဲ ဒေသတွင်းဖိုရမ်တခုဖြစ်တဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲကို အာဆီယံရဲ့ အဓိကမိတ်ဖက်နိုင်ငံတွေ ဖြစ်တဲ့ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့မှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

Source: The Straits Time 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013