လှည်းတန်း အထက (၅)
ဒီရက်တွေဟာ ကျနော် ကင်မရာကိုင်ပြီး ရိုက်ခဲ့တဲ့ရက်တွေပါ။ ကင်မရာရှေ့ထွက်ပြီး သတင်းတင်ဆက်တာ မဟုတ်တော့ဘူး။ နေပြည်တော်မှာ အကြောက်တရားရိုက်ထည့်ဖို့ လမ်းဆုံးကို စလိုက်တဲ့အချိန်။ ပေါ်တင်ကြီး သေနတ်နဲ့ ပစ်သတ်တာကို လုပ်လာတာပါ။
အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသူတွေကို သေနတ်နဲ့ပစ်သတ်တာ ကမ္ဘာ့သတင်းမီဒီယာတွေပေါ်မှာ ဖော်ပြကြပေမဲ့ ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာသတင်း ဖြစ်ခဲ့ပုံ မပေါ်ဘူး။ ကမ္ဘာကြီးရဲ့တနေရာမှာ အခုလို လက်နက်အားကိုးနဲ့ မတရားမှုကျူးလွန်တာကို ထိုင်ကြည့်နေကြရော့သလားလို့ တွေးမိတယ်။
ကျနော်တို့သတင်းဌာနမှာ လမ်းမပေါ်ထွက် သတင်းတင်ဆက်ဖို့ထက် လမ်းမပေါ်က အခြေအနေတချို့ကို ရုပ်သံရိုက်ကူးပြီး စာတမ်းထိုး တင်ဆက်တာတွေ လုပ်နေရချိန်။ ခါတိုင်းလို ကင်မရာရှေ့ထွက်ပြီး Stand Report တင်ဆက်တာတွေ မလုပ်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီရက်တွေမှာ ဆန္ဒပြပွဲတွေကို အသံဗုံးဖောက်၊ မီးခိုးဗုံးဖောက်၊ ရာဘာကျည်နဲ့ ပစ်ခတ်ပြီး ဖြိုခွင်းတဲ့အဆင့်ကနေ ကျည်အစစ်နဲ့ ပေါ်ပေါ်ထင်ထင် ပစ်သတ်တဲ့အဆင့်ကို လုပ်လာကြတယ်။
ဒီနေ့ ဘယ်နေရာသွားကြမလဲ။ မနက်မိုးလင်းတာနဲ့ ရုံးကားပေါ်မှာ စုရပ်လုပ်ပြီး တိုင်ပင်ကြတယ်။
“လှည်းတန်းသွားကြမယ်။ မနေ့က လှည်းတန်း အထက ၅ ကျောင်းရှေ့မှာ ကောင်လေးတယောက် ပစ်သတ်ခံရတာ။ အဲဒီနေရာကို အနီးဆုံး ရောက်နိုင်သလောက် ရောက်အောင်သွားမယ်။ ရသလောက်ရုပ်ကတ်ကို ယူမယ်။ အခြေအနေမလှရင် ကင်မရာ မထုတ်တော့ဘူး” လို့ ကျနော်တို့ တိုင်ပင်လိုက်ကြတယ်။
ကျနော်တို့ရုံးကားကို ဝင်လွယ်ထွက်လွယ်တဲ့ နေရာမှာ ရပ်ခိုင်းထားလိုက်တယ်။ ခါတိုင်းနေ့တွေလိုပဲ မနေ့က အခင်းဖြစ်တဲ့နေရာနဲ့ အနီးဆုံးကို ရောက်အောင် သွားလိုက်တယ်။ အဲဒီနေရာနား မရောက်ခင်မှာဘဲ ကြက်သီးထစရာအသံတွေက ကျနော်တို့ကို ဆီးကြိုနေတယ်။
“သတ္တိရှိရင် သေနတ်မပါဘဲ လာခဲ့လိုက်။ အဝေးကနေ သူရဲဘောကြောင်နေရင် မလာနဲ့။”
ခါတိုင်းလို တောင်းဆိုသံတွေနဲ့အတူ ပြင်းထန်ပေါက်ကွဲထွက်လာတဲ့ စိန်ခေါ်သံတွေပါ ပါလာတယ်။ လမ်းတဖက်ခြမ်းမှာ ဆန္ဒပြသူတွေက အပြည့်။ ဘဝဂ်ညံအောင် ကြက်သီးထစရာ အသံတွေနဲ့ ကြွေးကြော်နေကြတယ်။ သူတို့အနား မရောက်ခင်မှာဘဲ ကျနော့်ကျောပိုးအိတ်ထဲက ကင်မရာကို ထုတ်လိုက်တယ်။
ဒီတော့မှ ကျနော်သတိထားမိလိုက်တာ ကျနော့်လက်မောင်းနှစ်ဖက်စလုံးရဲ့ အရေပြားပေါ်က မွေးညင်းတွေ သိသိသာသာ ထောင်နေတာကိုပါ။ အရင်ဆုံး စိတ်ကို တည်ငြိမ်အောင် လုပ်ရတယ်။ မနေ့ကမှ လူငယ်လေးတယောက်ရဲ့အသက် ဒီနေရာမှာ ပေးလိုက်ရတာ။ စစ်တပ်က ဆန္ဒပြသူတွေကို အသံတိတ်သွားအောင် လူသတ်ပြလိုက်ပေမဲ့ အဲဒီနေရာရဲ့ အနီးဆုံးက လူငယ်တွေရဲ့ ကြွေးကြော်သံကိုတော့ ရပ်တန့်လို့မရခဲ့ပါဘူး။
စိတ်ထဲ ပုံမှန်နီးပါးဖြစ်သွားပြီလို့ ထင်ရချိန်မှာ ကျနော့်ခြေလှမ်းတွေ အထက ၅ ကျောင်းရှေ့ တည့်တည့်ကို ဦးတည်သွားလိုက်တယ်။ ကျောင်းဆိုင်းဘုတ်အရှေ့တည့်တည့်မှာ မခြောက်သေးတဲ့ သွေးကွက်နဲ့ သွေးကွက်ပတ်လည်မှာ ပန်းစည်းတွေ ချထားတယ်။
အဲဒီနေရာကို ကျနော် ကင်မရာနဲ့ ဗီဒီယိုရိုက်နေလိုက်တယ်။ မကြာလိုက်ဘူး ကျနော့်လက်ကို လူတယောက် လာဆွဲတာ ခံလိုက်ရတယ်။ ကျနော် သူ့နောက်ကို နောက်ပြန်အနေအထားနဲ့ ပါသွားတာ။ ခြေလှမ်း လေးငါးလှမ်းအရောက်မှာ သူက “အစ်ကို အဲဒီဘက်အခြမ်းကိုမသွားနဲ့၊ စနိုက်ဘာသမားရဲ့ ပစ်ကွင်းချိန်တဲ့ တည့်တည့်မှာ ရှိနေတာ” တဲ့။ ကျနော်လည်း “ဟုတ်ကဲ့ ကျေးဇူးပါဗျာ” လို့ပြောပြီး သူပြောတော့မှပဲ သတိထားမိလိုက်တယ်။ ဆန္ဒပြသူတွေက လမ်းတဖက်ခြမ်းမှာ စုပြုံနေပြီး မနေ့က ပစ်ခတ်ခံရတဲ့ နေရာဘက်အခြမ်းကို ဘာကြောင့် လှပ်ထားကြလဲ ဆိုတာကို သိလိုက်ရတယ်။
“အင်တာဗျူး ပြောပေးလို့ရမလား။”
ရေစည်တွေထဲကို ရေလိုက်ဖြည့်ပေးနေသူတယောက်ကို မေးလိုက်တယ်။ သူက ဆန္ဒပြသူတွေကို မီးခိုးဗုံးနဲ့ပစ်ရင် ရေနဲ့ ချက်ချင်းအုပ်လိုက်ဖို့အတွက် အဆင်သင့်လုပ်ပေးနေတာ။ မီးခိုးဗုံး ကျလာပြီ ဆိုတာနဲ့ ရေနဲ့ထိပြီး အငွေ့တွေအများကြီး ထွက်မလာအောင် လုပ်တာ။ ဆန္ဒပြ ကြွေးကြော်သူတွေရဲ့ ခြေထောက်အနားတွေမှာ ရေထုပ်တွေကို လိုက်ချထားတယ်။
ရေများရေနိုင် မီးများမီးနိုင် ဆိုတဲ့စကားအတိုင်း မီးခိုးဗုံးကို အံတုဖို့အတွက် ရေကို အလုံအလောက် ကြိုစီစဉ်ထားကြတာ ဖြစ်ပါတယ်။
“မေးလို့ရပါတယ်၊ ကင်မရာရှေ့တော့ ရုပ်မထွက်ချင်ဘူးဗျ။”
“ရပါတယ်ဗျ၊ ဒီအတိုင်းလေးပဲ ပြောပြပေးနော်၊ မနေ့က ဘယ်လိုဖြစ်သွားတာလဲ ပြောပြလို့ရမလား။”
“ကျနော့်ရှေ့တင်ဖြစ်သွားတာ၊ ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး၊ လဲကျသွားတာကို တွေ့လိုက်တယ်။”
“လဲကျသွားတာကို တွေ့လိုက်တယ်၊ လဲကျသွားတာကို တွေ့လိုက်တယ်၊ လဲကျသွားတာကို တွေ့လိုက်တယ်” ဆိုတဲ့စကားကို သူ ထပ်ခါထပ်ခါပြောတယ်။ ကျနော်တို့လည်း အခြေအနေကို သိလိုက်တယ်။ မနေ့ကမှ ပူပူနွေးနွေး ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာက ချက်ချင်းပျောက်သွားမှာ မဟုတ်ဘူး ဆိုတာကို။ အဲဒီ လဲကျသွားတာကို တွေ့လိုက်တယ် ဆိုတဲ့စကားကို ထပ်ခါထပ်ခါ ပြောနေရင်း သူ့အသံဟာလည်း တိမ်သည်ထက် တိမ်ဝင်သွားတယ်။
“ရပါပြီဗျ ဒီလောက်ဆို ရပြီနော်။”
“ကျေးဇူးတင်ပါတယ်။”
ကျနော် သူ့လက်ကိုကိုင်ပြီး အားပေးလိုက်တယ်။ သူ့ပခုံးကို လက်နဲ့ဖျစ်ပြီး ဂရုစိုက်ပါနော်လို့ ပြောပြီး ကျနော်တို့ သူ့အနားက ပြန်ထွက်ခါနီးတော့ ကျနော့်ကို သူ ထပ်ပြီး လှမ်းပြောတယ်။
“ကင်မရာရိုက်ရင် ဒီဘက်ကနေပဲရိုက်နော်၊ ဟိုဘက်ခြမ်းကိုမသွားနဲ့” တဲ့။ ကျနော်တို့ သူ့ကိုနှုတ်ဆက်ပြီး အဲဒီနေရာကနေ ထွက်လာခဲ့တယ်။
လိုသလောက်ရုပ်ကတ်တွေ မေးထားမိသလောက် အချက်အလက်တချို့ ရရှိသွားတဲ့အတွက် နောက်တနေရာပြောင်းဖို့ လုပ်ကြတယ်။
နောက်တနေရာမပြောင်းခင် ဒီနေရာကို ဘယ်လိုနေရာကနေ စနိုက်ဘာသမားက ပစ်နိုင်လောက်သလဲ ဆိုတာကို လိုက်ကြည့်ချင်သေးတာ။ ဆန္ဒပြတဲ့သူတချို့ကတော့ လှည်းတန်းခုံးတံတားပေါ်ကနေ စနိုက်ဘာသမားက လှမ်းပစ်တာလို့ ပြောကြတယ်။
ခုံးတံတားပေါ်ကနေပစ်ရင် အထက ၅ ကျောင်းရှေ့က ပစ်ကွင်းရဲ့ တည့်တည့်မတ်မတ်ရှိတယ် ဆိုတာကို မှတ်ချက်ပြုကြတယ်။ ကျနော်တို့ရုံးကားကို လှည်းတန်းခုံးတံတားပေါ်ကနေ ပတ်မောင်းဖို့ ကားဆရာကို ပြောလိုက်တယ်။ ကျနော်တို့ကားက အထဲကနေ အပြင်ကို ကြည့်လို့ရတယ်။ အပြင်ကနေကြည့်ရင် ကားထဲမှာ ဘယ်သူတွေရှိလဲ ဆိုတာကို မသိနိုင်ဘူး။
လမ်းမပေါ် ဆန္ဒပြပွဲတွေ အားကောင်းတဲ့ရက်တွေမှာ ကဗျာဆရာ မောင်ဆောင်းခကို ကားထဲခေါ်ပြီး Street Talk Show ရိုက်ကူးဖြစ်ခဲ့ပါသေးတယ်။
ကျနော်တို့ လှည်းတန်းခုံးတံတားပေါ် ရောက်တော့ စစ်ကားတွေကို တွေ့ရတယ်။ ကားတွေက ခုံးတံတားအလယ်မှာတော့ မရှိဘူး။ တံတားအတက်အဆင်းလောက်မှာ ကားကိုထားပြီး စစ်သားတွေက ခုံးတံတားရဲ့ အလယ်မှာ ရှိနေကြတယ်။
ဆန္ဒပြနေကြတဲ့ အထက ၅ ကျောင်းရှေ့ဘက်ကို သေနတ်နဲ့ အရန်သင့် ချိန်ထားတာကို တွေ့ရတယ်။ သေနတ်ချိန်ထားတဲ့ စစ်သားက ဘေးဘီကို လှည့်မကြည့်ဘူး။ တံတားအောက်က ဆန္ဒပြသူတွေဘက်ကို ချိန်ထားတယ်။ အမိန့်ရပြီဆိုတာနဲ့ ပစ်မယ့်အနေအထား။ အမိန့်ပေးပြီးသားလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ပစ်ကွင်းရှေ့ စွန်းထွက်လာတာနဲ့ ပစ်ချလိုက်တာမျိုး လုပ်တော့မယ့် အခြေအနေမျိုးကို တွေ့ရတယ်။
ဆန္ဒပြ တောင်းဆိုသူတွေရဲ့အသံကို သေနတ် အရန်သင့်ချိန်ထားတဲ့ စစ်သား ကောင်းကောင်း ကြားနိုင်မှာပါ။ မနေ့ကမှ လက်နက်မပါဘဲ အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသူ တယောက်ကို ပစ်သတ်လိုက်ကြတာ။ ကြွေးကြော်သံတွေကိုတော့ ရပ်တန့်အောင် မလုပ်နိုင်ခဲ့ကြဘူး။
တာပလု