Home
ဆောင်းပါး
အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့မျှော်လိုက်ရင်
DVB
·
October 18, 2024

ဗမာပြည်နိုင်ငံရေးအခြေအနေဟာ အခုမှ တကယ်ကို ကမ္ဘာက ဂရုစိုက်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။ တရုတ်ကိုင်တွယ်မလား၊ အမေရိကန်ကိုင်တွယ်မလားဆိုတဲ့ မေးခွန်းပေါ့။ ပထဝီဝင်နိုင်ငံရေးအရပဲ ပြောပြော၊ တိုက်ပွဲအတွေးအခေါ်အရပဲ ပြောပြော ဗမာပြည်ထဲမှာကိုပဲ တရုတ်မျှော်လက်နက်ကိုင်နဲ့ အမေရိကန်မျှော် လက်နက်ကိုင်ဆိုပြီးကွဲနေတာ သိသာပါတယ်။ ကမ္ဘာ့အခြေအနေအရကိုပဲ အရင်းရှင်နိုင်ငံကြီးတွေက ကျန်တဲ့ဖွံ့ဖြိုးဆဲ ကုန်ကြမ်းထုတ် နိုင်ငံလေးတွေကို အပြိုင်ခြယ်လှယ်ကြတာပါပဲ။ ဒါ့ကြောင့် ကွဲကြရတာပါ။ လူထုထောက်ခံမှု၊ တိုက်စိတ်ခိုက်စိတ်နဲ့ ပတ်သက်လို့ ပြောစရာမရှိပေမဲ့ ဒီကမ္ဘာအခြေအနေကို ကောင်းကောင်း မဖြေရှင်းနိုင်ရင်ဖြင့် ကရိုက်ကတိုက်နဲ့ပဲ ကမန်းကတန်း ပြီးသွားမှာပါ။

နံပါတ်တစ်အနေနဲ့ တရုတ်ကိစ္စပေါ့။ တရုတ်ဟာ ကွန်မြူနစ်လို့ ကြေညာပေမဲ့ ကမ္ဘာ့အရင်းရှင်စနစ်ရဲ့ ခိုင်မာစွာ ပိတ်ဆို့နှိပ်ကွပ်မှုတွေကြောင့်ပဲ လက်ဝဲကို Singal မီးပြပြီး လက်ယာကို ကွေ့ချိုးသွားတာ အရင်းရှင်နိုင်ငံပါပဲ။ ဗမာပြည်ဟာ ကမ္ဘာ့အမြင်နဲ့ကြည့်ရင်တော့ တရုတ်အတွက် ခေတ်အဆက်ဆက် ကောင်ဇိုးလေး အခြေအနေပါပဲ။ ရိုးရိုးကလေး တွေးကြည့်ရင်တောင် တရုတ်ဟာ အဖိနှိပ်ခံတွေရဲ့ တော်လှန်ရေးတိုင်းရဲ့ စံနမူနာတိုင်းပြည်ပါပဲ။ တရုတ်လူမျိုး သန်းပေါင်းများစွာဟာ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှု အောက်ကနေ ချန်ကေရှိတ်အစိုးရရယ်၊ ဖက်ဆစ်ဂျပန်ကိုပါ တိုက်ထုတ်နိုင်ခဲ့တာပါ။ 

ကဲ ဒါဆို အခုလည်း ဗမာပြည်မှာ အဖိနှိပ်ခံလူထုရဲ့ ဆန့်ကျင်မှုကို တော်လှန်နေချိန် ဘာကြောင့် လိုလိုလားလားမရှိ ပြဿနာရှာနေရတာလဲ။ ပထမတခုကတော့ တရုတ်ရဲ့ အကျိုးစီးပွားကိစ္စ။ ဗမာပြည်မှာ ကျောက်ဖြူစီမံကိန်းလို၊ ကျောက်မီးသွေး၊ ရေနံလို တရုတ်ရဲ့ ကုန်ကြမ်းပစ္စည်းအားလုံးကို အခွန်ပါးပါးနဲ့ တင်သွင်းပေးနိုင်တဲ့ အရည်အချင်းရှိတယ်။ ဒီတော့ စဥ်းစားချက် ၁ အရ တရုတ်အနေနဲ့ လက်ရှိမှာ ဗမာပြည်စစ်ပွဲနဲ့ ပတ်သက်လို့ အတော်အတန် မီးစတဖက်၊ ရေမှုတ်တဖက်စနစ်နဲ့ နေပေမဲ့ လားရှိုးအထိ သိမ်းပိုက်လိုက်ပြီး မန္တလေးကိုပါ ခြိမ်းခြောက်လာတဲ့အခါ တရုတ်က လက်မခံတော့ပါဘူး။ တရုတ်က ဗမာပြည်မှာ စစ်တပ်ပြိုလဲသွားရရင် မင်းမဲ့တိုင်းပြည် မဖြစ်ရလေအောင် အုပ်ချုပ်မယ့် အဖွဲ့အစည်း ရှိပြီလား ကြည့်တယ်။ ရှိတဲ့အဖွဲ့ကရော အမေရိကန်သြဇာခံ ဖြစ်နေသလား သေချာကြည့်ပါတယ်။ လက်ရှိအခြေအနေအရ တိုင်းပြည်ကို အလုံးစုံ ကိုယ်စားပြုနိုင်တဲ့ တပ်ဦးအဖွဲ့အစည်း မရှိသေးဘူးဆိုတာ သေချာပါတယ်။ NUCC ဆိုတာတောင် ဘောင်ကျဥ်းလွန်းနေတာ မြင်တွေ့နိုင်ပါတယ်။ အနိုင်ရပါတီ NLD တောင် NUCC ဝင် မဟုတ်တော့ပါဘူး။ ဒီတော့ မင်းမဲ့စရိုက်ဖြစ်သွားရင် ဗမာပြည်က တရုတ်စီးပွားရေးလုပ်ငန်းတွေ အကုန်ပျက်စီးကုန်မှာပါ။ သူ့အနေနဲ့ ကမ္ဘာ့အခြေအနေအရ ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးကဏ္ဍတွေမှာ လုံးဝ နောက်ကျသွားလို့ မရပါဘူး။ ဒါကြောင့် စစ်တပ်အလွန်ကာလမှာ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်မယ့် အစုအဖွဲ့ မရှိတာက ဗမာပြည်ရဲ့ ပထမလှေကားထစ်ကျယ်ကြီးပါ။ ဒါက တရုတ်ရဲ့ စဥ်းစားချက် နံပါတ် ၁ ဖြစ်ဟန်ရှိပါတယ်။

စဥ်းစားချက် နံပါတ် ၂ အနေနဲ့ကတော့  တရုတ်ရဲ့ မဟာဗျူဟာ လုံခြုံရေးကိစ္စ။ တရုတ်၊ ရုရှားနဲ့ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုတွေရဲ့ အတွေးအခေါ်အခြေပြု တိုက်ပွဲကနေ သက်တမ်းရှည်လာတဲ့ တဆင့်ခံတိုက်ပွဲ ပြဿနာတွေ ရှိနေပါတယ်။ ဗီယက်နမ်လို၊ ကိုရီးယားလို သိသာမြင်သာတဲ့ တရုတ်နဲ့ အမေရိကန်ရဲ့ တဆင့်ခံစစ်ပွဲတွေ ရှိခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ တရုတ်ဟာ  အကျိုးစီးပွားအရပဲ တိုက်ရိုက်ဆက်ဆံတတ်ပါတယ်။ အမေရိကန်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ခေါင်းစဥ်အောက်ကနေ လိုအပ်သလို နည်းမျိုးစုံနဲ့ ပါဝင်နေတတ်ပါတယ်။ ဒီတော့ တရုတ်နဲ့ အမေရိကန်ဟာ ကာကွယ်ရေးစနစ်အရပဲ ဆိုဆို၊ ရန်ပြုလိုမှုအရပဲ ဆိုဆို ကမ္ဘာ့နိုင်ငံအသီးသီးမှာ သူတို့မူဝါဒ အတွေးအခေါ်အတိုင်း လိုက်နာမယ့် အစိုးရကိုပဲ အလိုရှိကြပါတယ်။ ကိုယ့်အနားကတိုင်းပြည်မှာ တဖက်နိုင်ငံရဲ့ လှုပ်ရှား၊ ခြယ်လှယ်မှုတွေ (စစ်အခြေစိုက်စခန်း၊ ထောက်လှမ်းရေး) စတာတွေကို လုံးဝမမြင်ချင်၊ မတွေ့ချင်ကြပါဘူး။ ဥပမာ ကျူးဘားဒုံးပျံအရေးအခင်းကို စဥ်းစားကြည့်ပါ။ ဆိုဗီယက်ရုရှားဟာ အမေရိကန် ဖလော်ရီဒါနဲ့ မိုင် ၉၀ ပဲကွာတဲ့ ကျူးဘားနိုင်ငံမှာ ကျူးဘားအစိုးရနဲ့ ဆိုဗီယက်ပြည်ထောက်စု သဘောတူညီမှုရယူပြီး ဆိုဗီယက်ရဲ့ နျူထိပ်ဖူးတပ် ဒုံးပျံတွေ အခြေစိုက်ထားခဲ့တာပါ။ ဒါကို အမေရိကန်ဟာ လုံးဝလက်မခံပါဘူး။ ဒီဒုံးပျံတွေ ပြန်ပို့ဖို့နဲ့ ထပ်မလာဖို့ အမေရိကန်ရေတပ်ကိုသုံးပြီး ပိတ်ဆို့တာပါ။ သူ့အနီးတဝိုက်ဒေသတွေမှာ တဖက်နိုင်ငံရဲ့ စစ်တပ်အခြေစိုက်တာကို လုံးဝလက်မခံပါဘူး။ အခု ကမ္ဘာ့အခြေအနေ လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အမေရိကန်ရဲ့ စစ်အခြေစိုက်စခန်းတွေ အများအပြား ရှိနေတာပါ။ တရုတ်စိုးမိုးတဲ့ အရှေ့တောင်အာရှဒေသမှာကိုပဲ အမြင်သာဆုံးက ဖိလစ်ပိုင်၊ ထိုင်း စသဖြင့် တရုတ်ပတ်လည်မှာ နေရာချထားတာပါ။ ဗမာပြည် နေဝင်းခေတ်မှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီကို တိုက်ဖို့ စစ်အာဏာရှင်နေဝင်းနဲ့ အမေရိကန် မဟာမိတ်ဖွဲ့နေစဥ်က ဗမာပြည်မှာ စစ်အခြေစိုက်စခန်းထားဖို့ တောင်းဆိုခဲ့သေးပေမဲ့ မအောင်မြင်ဘူးလို့ အငြင်းပွားဖွယ် မှတ်တမ်းတွေ ရှိနေပါသေးတယ်။ ဒီတော့ တရုတ်က သူ့အနီးဆုံးက ဗမာပြည်မှာ အမေရိကန်စိုးမိုးမယ့် အစိုးရမျိုး အာဏာရလာမှာကို လုံးဝလက်မခံပါဘူး။ ဒါ ရှင်းပါတယ်။ ဗမာအပြင် ဘင်္ဂလားဒေ့ရှ်ကိုလည်း တရုတ်က ကျွေးကျွေးမွေးမွေးနဲ့ ဆက်ဆံရေးသြဇာ ထူထောင်ထားတာ ဒါ့ကြောင့်ပါ။ ဒီတော့ တရုတ်ရဲ့ ဒုတိယစဥ်းစားချက်ဟာ ဗမာပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်မယ့်အစိုးရ ပေါ်လာရင်တောင် အမေရိကန်သြဇာခံ ဖြစ်နေမလားဆိုတာ သေချာစဥ်းစားရပါတယ်။

ရှမ်းမြောက်မှာ “ဝ” တပ် အပါအဝင် လက်နက်ကိုင်တွေကို မွေးစားထားတာဟာ သူ့နယ်စပ်လုံခြုံရေးအရရော၊ ဗမာပြည်နိုင်ငံရေးကို ခြယ်လှယ်နိုင်တဲ့ သြဇာရှိဖို့ရော ပါပါတယ်။ ခုဆို တရုတ်အမြင်မှာ ဗမာပြည်သူတွေက တရုတ်ဆန့်ကျင်ရေး ပြင်းပြင်းထန်ထန် လုပ်ကြတယ် (တရုတ်နိုင်ငံတော်အလံကို မီးရှို့တာမျိုး) တွေ လုပ်ကြတယ်။ NUG(PDF) တွေက အမေရိကန်နဲ့ နီးစပ်တယ်ဆိုတာမျိုး ယူဆဟန် ရှိပါတယ်။ ယူလည်း ယူဆချင်စရာပါပဲ။ ဒါ့ကြောင့် PDF တွေနဲ့ တိုက်ရိုက်ဆက်ဆံတာကို အတတ်နိုင်ဆုံး ရှောင်ကြဥ်တတ်ကြပါတယ်။ တရုတ်က မကြိုက်ဘူးဆိုတာ သိနေတာပဲ။ ဒါ့ကြောင့် ဗမာပြည်နိုင်ငံရေးမှာ တရုတ်က စစ်တပ်ပြိုကျပျက်စီးသွားမှာကို မလိုလားပါဘူး။ စစ်တပ်ဆိုရင် အာဏာရှင်စရိုက်ကို အားပေးရာကျတာကလွဲပြီး အမေရိကန်သြဇာမခံဖို့၊ ကုန်သွယ်ရေးပြေလည်ဖို့ စိတ်အေးအေးနေလို့ ရပါတယ်။ အာဏာရှင်ကို အားပေးရာ မကျအောင် အရပ်သားတပိုင်း အစိုးရမျိုးကို ပိုပြီးလိုလားတယ်။ NLD နဲ့ စစ်တပ်နဲ့ ညှိနှိုင်း အုပ်ချုပ်တာမျိုးပေါ့။

အမေရိကန်အနေနဲ့ကတော့ ရှင်းပါတယ်။ အမေရိကန်လမ်းစဥ်ဖြစ်တဲ့ ဒီမိုကရက် အရှင်းရှင်စနစ်နဲ့ သွားပြီး ယဥ်ကျေးမှုအရ ဖွံ့ဖြိုးတိုးတက်ပြီး လစ်ဘရယ်အတွေးခေါ်အတိုင်း တဦးချင်း တယောက်ချင်းရဲ့ လွတ်လပ်မှုအခွင့်အရေးကို အာမခံမယ်လို့ ဟစ်ကြွေးတဲ့ အစိုးရမျိုးကို လိုလားပါတယ်။ ဒါပေမဲ့ ဗမာပြည်အရေးကို ထိန်းပြီးပဲ ကိုင်တွယ်ရတာပါ။ သူလက်လွန်သွားရင် တရုတ်က ချက်ချင်းတုံ့ပြန်ပါတယ်။ ဗမာပြည်အပေါ် စွက်ဖက်ဖို့ဟာ ရုပ်ဝတ္ထုအရရော၊ ပကတိဘာဝအရရော တရုတ်က မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်နိုင်တာပါ။ တရုတ်ကလည်း ဒီတော်လှန်ရေးကို CIA ဝင်အုပ်သွားမှာ မလိုလားပါဘူး။

ကိုင်းဗျား.. ဗမာပြည်ရဲ့ ပြည်တွင်းရေးအခြေအနေအပေါ် သုံးသပ်ကြည့်ရအောင်။ စစ်မှန်တဲ့ တိုင်းပြည်ကို ကိုယ်စားပြုနိုင်တဲ့ တပ်ပေါင်းစု မဖွဲ့နိုင်သေးပါဘူး။ တဖွဲ့စီ အနောက်မျှော်တဲ့ အဖွဲ့က မျှော်၊ အရှေ့မျှော်တဲ့ အဖွဲ့က မျှော်သလို တချို့အဖွဲ့ကျလည်း အရှေ့နဲ့အနောက်ကို တွဲဆက်ဆံချင်ပေမဲ့ အိုးနင်း ခွက်နင်း ဖြစ်နေတာတွေ တွေ့ရများပါတယ်။ တကယ်တမ်းကတော့ အရှေ့ရော၊ အနောက်ရောဟာ ဗမာပြည်ရဲ့ ကုန်သွယ်မှုအပေါ် အမြတ်ထုတ်မယ့်သူတွေပါပဲ။ နည်းတာနဲ့ များတာပဲ ကွာပြီး သူတို့ချင်း အားပြိုင်မှုအပေါ် အားတခုအနေနဲ့ တဖက်ဖက်က ရပ်လိုက်မှာမျိုး မလိုချင်ပါဘူး။ ကိုယ့်ဘက်ကိုရပ်ရင်တော့ အဆင်ပြေပေမဲ့ တဖက်ကို သွားရပ်လိုက်ရင်တော့ ဝင်နှောက်တော့မယ်ဆိုတာ အားလုံးသိပါတယ်။ ဒေါ်နယ်ထရမ့်ပ် လက်ထက်က အရှေ့နဲ့အနောက်ရဲ့ ကုန်သွယ်ရေးစစ်ပွဲအကြောင်းတွေ ဖတ်ရှုလေ့လာကြည့်ရင် အားပြိုင်မှု ဘယ်လောက်ပြင်းထန်သလဲဆိုတာ သိနိုင်ပါတယ်။

အဲတော့ ဗမာပြည်ဟာ ဘာဆက်လုပ်သင့်လဲ မေးရင် အရှေ့ကိုလည်း မမျှော်၊ အနောက်ကိုလည်း မမျှော်ဘဲ တတိုင်းပြည်လုံးကို ကိုယ်စားပြုနိုင်ပြီး လူထုတရပ်လုံး ထောက်ခံတဲ့ ညီညွတ်ရေးတပ်ပေါင်းစုကြီး ဖွဲ့စည်းနိုင်ပြီး အရှေ့နဲ့အနောက်ကြား ပါးပါးနပ်နပ် ရပ်တည်နိုင်ဖို့ လိုတာပါ။ တကယ့်အင်အားဆိုတာဟာ လူထုပါ။ လူထုအတွင်းမှာပဲ အင်အားရှိတာပါ။ လူထုကို ယုံကြည်ဖို့ လိုပါတယ်။ အမျိုးသားရေး အစွန်းရောက်မှုတွေ၊ လူမျိုးကြီးဝါဒတွေ၊ နိုင်ငံရေးအရ အမြတ်ထုတ် လူပါးဝတာတွေ၊ မျှော်တော်ယောင်ဝါဒ ကျင့်သုံးပြီး တစုတဖွဲ့တည်း ခွဲထွက်တဲ့ ဝါဒတွေကို ရှောင်ကြဉ်သင့်ပါတယ်။ လူထုဆိုတဲ့ ခံတပ်အပေါ်မှာပဲ ရပ်တည်ပြီး ညီညွတ်မယ်ဆိုရင် မဖြစ်နိုင်စရာ ဘာမှမရှိပါဘူး။

ဒီလိုမှမဟုတ်ဘဲ “အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်” ဆိုပြီး အိုးနင်းခွက်နင်း ကယ်တင်ရှင်ဝါဒ ကျင့်သုံးနေရင်တော့ ပြည်တွင်းစစ်ကြီးနဲ့ ဗမာပြည်ဟာ လက်ရမ်းငယ်တွေ ပြိုပြီး မိုးမလုံ၊ လေမလုံ စိုရွှဲနေတဲ့ “ကျောင်းကြီးအိုအို” သာ ဖြစ်နေဦးမှာ ဆိုတဲ့အကြောင်း သိသလောက် ရေးလိုက်ရပါတော့တယ် ခင်ဗျား။

ငြိမ်းမောင်(ပ.တ.တ)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024