အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် နိုဝင်ဘာလမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် ၂ ယောက်က AFP သတင်းဌာန ကိုပြောပါတယ်။
ဒါဟာ အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်လာနိုင်တယ်လို့ ဟောင်ကောင် နေ့စဉ်ထုတ်သတင်းစာ The Standard မှာ အောက်တိုဘာ ၁၆ ရက်က ဖော်ပြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြီးခဲ့တဲ့ ဩဂုတ်လက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးကတည်းက စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ် ၂ ယောက်က ပြောကြားခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးကို AFP က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း တွန်းလှန်စစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ခေါင်းဆောင်ရဲ့ အဓိက မိတ်ဖက်နိုင်ငံဖြစ်သလို နိုင်ငံတကာက ဖယ်ကြဉ်ထားတဲ့ စစ်ခေါင်းဆောင်ကို စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ အဓိကနိုင်ငံလည်း ဖြစ်ပါတယ်။
လေ့လာသုံးသပ်သူတွေကတော့ ဘေဂျင်းဟာ စစ်ခေါင်းဆောင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိသလို တရုတ်နယ်စပ်အနီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်မြေတွေကို သိမ်းပိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ဆက်ဆံရေး တည်ဆောက် ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ်နယ်စပ်အနီးမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်ဟာ ဒေါ်လာ ထရီလီယံများစွာတန်ကြေးရှိ ခါးပတ် တကွင်းလမ်းတစင်း စီမံကိန်းရဲ့ အဓိက အရေးပါတဲ့ အစိတ်အပိုင်းတခုအဖြစ် ရှိနေတာကြောင့် ဖြစ်ပါတယ်။
တရုတ်နယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီဘက်က ရှင်းလင်း အရေးယူပေးဖို့ ပျက်ကွက်ခဲ့ပြီးနောက်ပိုင်း ဘေဂျင်းနဲ့ နေပြည်တော်တို့ကြား ဆက်ဆံရေးဟာ အေးစက်လာခဲ့ပါတယ်။
ရှမ်းမြောက်နယ်စပ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေဟာ တရုတ်နဲ့ တခြားနိုင်ငံသားတွေကို ပစ်မှတ်ထား လူကုန်ကူး အတင်း အဓမ္မခိုင်းစေမှုတွေ လုပ်ဆောင်ပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ငွေကြေးလိမ်လည်မှုလုပ်ငန်း တွေကို လည်ပတ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ဘေဂျင်းဟာ ငွေလိမ်ဂိုဏ်းတွေ အမြစ်ဖြတ် ရှင်းလင်းရေးအတွက် တစိတ်တပိုင်း ရည်ရွယ်တယ် လို့ ပြောဆိုခဲ့တဲ့ ရှမ်းမြောက်တခွင်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို လူသိရှင်ကြား ထောက်ခံတာတွေ မရှိခဲ့ပေမဲ့ တိတ်တဆိတ် မီးစိမ်းပြခဲ့ပုံရတယ်လို့ လေ့လာ သုံးသပ်သူတွေက ဆိုပါ တယ်။
ဩဂုတ်လမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဒီမိုကရေစီစနစ် ပြန်လည် အသွင်ကူးပြောင်းရေးနဲ့ ရွေးကောက်ပွဲ ကျင်းပသွားမယ့် စစ်ကောင်စီရဲ့ အစီအစဉ်ကို ဘေဂျင်းအနေနဲ့ ထောက်ခံတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။
တော်လှန်ရေးအဖွဲ့တွေကတော့ အတိုက်အခံနိုင်ငံရေး ပါတီများစွာကို ဖျက်သိမ်းထားပြီး နိုင်ငံတဝန်း စစ်ရေးပဋိပက္ခ တွေ မြင့်တက်နေချိန်မှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှု ရှိမှာ မဟုတ်ဘူးလို့ ပြောကြား ထားပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ နောက်ထပ် အဓိကမိတ်ဖက်နိုင်ငံဖြစ်သလို လက်နက်ထောက်ပံ့ပေးနေတဲ့ ရုရှားနိုင်ငံကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်း အကြိမ်ကြိမ် သွားရောက်မှုတွေ ရှိခဲ့သလို ၂၀၂၂ ခုနှစ်ကလည်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
Source: AFP