Home
မြန်မာသတင်း
မြန်မာနှင့် တရုတ်က အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့အဆိုးဆုံးဖြစ်
DVB
·
October 17, 2024

မြန်မာနဲ့ တရုတ်နိုင်ငံတွေက အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေအဖြစ် အတူပါဝင်နေတယ်လို့  Al Jazeera သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Freedom House အဖွဲ့က နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်းကောက်ယူ ထုတ်ပြန်ထားတာဖြစ်ပြီး ကမ္ဘာ့အင်တာနက် လွတ်လပ်ခွင့်ဟာ ၁၄ နှစ်လောက် ဆက်တိုက် ကျဆင်းနေခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုက အင်တာနက်ပေါ်မှာ ကန့်သတ်ပိတ်ဆို့တာတွေကို ကျော်လွှားနိုင်ဖို့ VPN ဆော့ဖ်ဝဲသုံးတာကိုပါ ကန့်သတ်ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံကတော့ တရုတ်နဲ့အတူ အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲ ပါဝင်နေတာပါ။

Freedom House အစီရင်ခံစာအရ နိုင်ငံပေါင်း ၇၂ နိုင်ငံထဲက ၂၇ နိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်မှုတွေ လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကတော့ ဆယ်စုနှစ်အတွင်း အင်တာနက် လွတ်လပ်ခွင့် နိမ့်ပါးတဲ့  တရုတ်နိုင်ငံနဲ့ ယှဉ်နိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်းနဲ့ အာဏာသိမ်းစစ်အုပ်စုဟာ သူတို့နဲ့ မတူညီတဲ့ သဘောထားကွဲလွဲမှုတွေကို အကြမ်းဖက်နှိမ်နင်းခဲ့သလို စနစ်တကျ ဆင်ဆာဖြတ်တောက်တာတွေ အွန်လိုင်းစကားပြောဆိုမှုတွေကိုပါ စောင့်ကြည့်တာတွေကိုပါ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်းမှာ လူသုံးများတဲ့ VPN တွေနဲ့ လူမှုကွန်ရက်တွေ အသုံးပြုလို့မရအောင် အော်ပရေတာတွေကို စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန် ကြားထားခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် မေလတုန်းက VPN တွေကို ပိတ်ဖို့ စစ်ကောင်စီက ကြိုးစားခဲ့တာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ စစ်တပ်ပိုင် MyTel၊ MPT၊ Ooredoo နဲ့ ATOM စတဲ့ အော်ပရေတာတွေ အားလုံးကို လူမှုကွန်ရက်တွေ အသုံးမပြုနိုင်အောင် ညွှန်ကြားထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013