Home
မြန်မာသတင်း
လူကုန်ကူးခံရသည့် ကင်ညာနိုင်ငံသားများထံက တရုတ်ကျားဖြန့်ဂိုဏ်း ငွေညှစ်
DVB
·
October 16, 2024

မြန်မာနိုင်ငံမှာ လူကုန်ကူးခံရတဲ့ ကင်ညာနိုင်ငံသားတွေဆီကနေ တရုတ်ကျားဖြန့်ဂိုဏ်းတွေက ငွေညှစ်တာတွေ ရှိနေတဲ့အကြောင်း ထိုင်းအခြေစိုက် ကင်ညာသံရုံးက  ပြောပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာသံအမတ်ကြီး ကစ်ပ်တီနက်စ် လင်ဒ်ဆေး ကင်မ်ဝိုးလ်က တရုတ် ရာဇဝတ်ဂိုဏ်းတွေကနေ ကင်ညာနိုင်ငံသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့အခါ ဂိုဏ်းသူဌေးတွေက ငွေပမာဏ ၂ ဆပေးဖို့ တောင်းဆိုကြပြီး သူတို့ကို ယွမ် ၄၅,၀၀၀ နဲ့ ဝယ်ထားတာကြောင့် ကင်ညာအစိုးရအနေနဲ့ သူတို့ကို ပြန်လွှတ်ပေးစေလိုတယ်ဆိုရင် ငွေပမာဏ အမေရိကန်ဒေါ်လာ ၁၂,၀၀၀ (ကင်ညာရှီလင် ၁ သန်းခွဲလောက်) နဲ့ ပြန် ရွေးခိုင်းတာဖြစ်တယ်လို့  ဆိုပါတယ်။

“ထိုင်းနိုင်ငံက ခရစ္စပတိုငွေကြေးနဲ့ လူထုဝန်ဆောင်မှုအလုပ် ဆိုတာတွေဟာ တကယ်တမ်းတော့ မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် ရည်ရွယ်တာဖြစ်ပြီး ကင်ညာ နိုင်ငံသား တချို့ကသာ ဒါကို သိတယ်။” 

ကင်ညာအစိုးရအနေနဲ့  ပုံမှန်ပုံနှိပ်နဲ့ အီလက်ထရွန်းနစ်မီဒီယာတွေမှာ ထပ်ခါတလဲလဲ သတိပေးမှုများ ရှိနေပေမဲ့  ကင်ညာလူငယ်တွေဟာ လူစုဆောင်းတဲ့ အေးဂျင့်တွေကို ငွေကြေး အမြောက်အမြား ပေးဆောင်ပြီး ကျားဖြန့်ငွေလိမ်ဂိုဏ်း အလုပ်အကိုင်ထောင်ချောက်တွေထဲ ဆက်လက်ကျခံနေရဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှာ ပိတ်မိနေတဲ့ကင်ညာနိုင်ငံသား ၁၀ ယောက် ပြန်လည်လွတ်မြောက်ရေးအတွက် သံရုံးက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သံရုံးအနေနဲ့ အမျိုးမျိုးသော ငွေလိမ်ဂိုဏ်းတွေ အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ ကင်ညာနိုင်ငံသား ၄၅ ဦးရဲ့ စာရင်းကို ရရှိထားပြီး အများစုက ပြန်ပေးငွေပေးပြီး လွတ်မြောက်သွားတာတွေလည်း ရှိသလို တချို့ဒါဇင်ပေါင်းများစွာသော နိုင်ငံသားတွေကတော့ မူးယစ်ဂိုဏ်းကွန်ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်လာကာ တခြားသော ကင်ညာလူမျိုးတွေကို ငွေလိမ်ဂိုဏ်းတွေထဲ အခကြေးငွေနဲ့ ပို့ဆောင်ဖို့ အသုံးပြုနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ကင်ညာနိုင်ငံသားတွေ မြန်မာနိုင်ငံထဲကို သွင်းရာမှာတော့ ထိုင်းနိုင်ငံကို ကြားခံနိုင်ငံအဖြစ် အသုံးပြုကြပြီး ကင်ညာနိုင်ငံသားတွေဟာ သတိပေးမှုတွေ ရှိနေတဲ့ကြားကပဲ ဆက်လက်ပြီးတော့ ငွေကြေးအမြောက်အမြား ပေးဆောင်ကာ မြန်မာနိုင်ငံထဲကို ရောက်ရှိလာနေကြဆဲ ဖြစ်တယ်လို့လည်း သံရုံးက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့ ထုတ်ပြန်ချက်အရ အာရှပစိဖိတ်ဒေသတွင်းက လူ ၁၁ သန်းကျော်လောက်ဟာ အဓမ္မလုပ်အားပေးခိုင်းစေခံနေရတဲ့ သားကောင်တွေ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့ တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပ နိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

Source: News24

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013