လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးက အကြမ်းဖက် စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေတဲ့အချိန်မှာ စစ်ကောင်စီကလည်း မြန်မာပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေတာ သာမန်တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး။
အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ အောက်တိုဘာ ၁၁ ရက်မှာ အကြမ်းဖက်စစ်တပ်က မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံး ၂ လုံး ကြဲချခဲ့ရာမှာ သံဃာ ၃ ပါး အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၁၂ ဦး သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ပခုက္ကူ၊ မြစ်ခြေမြို့ထဲ စစ်သားတွေ အလုံးအရင်းနဲ့ ဝင်လာလို့ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ကြရ။ အဲဒါတွေဟာ ဖြစ်တောင့်ဖြစ်ခဲ တိုက်ဆိုင်သွားတာမျိုး မဟုတ်ပါဘူး။ ထိပ်သီးအစည်းအဝေး တက်ခွင့် အပိတ်ခံထားရတဲ့ မင်းအောင်လှိုင်က ဗီယန်ကျင်း ထိပ်သီးအစည်းအဝေးဆီ မြန်မာပြည်သူတွေရဲ့ သွေးတွေနဲ့ လှမ်းပက်လိုက်ခြင်းလို့ ရဲရဲဆိုနိုင်ပါတယ်။ ဒါကို နောက်တမျိုး ထပ်ပြောရရင် အာဆီယံက သူ့အလုပ်သူလုပ်နေပြီး စစ်ကောင်စီကလည်း ၃ နှစ်ခွဲကျော်ကြာ ဇောက်ချလုပ်နေတဲ့ ပြည်သူ သတ်ဖြတ်ခြင်းအလုပ်ကို ရွပ်ရွပ်ချွံချွံ ဆက်လက် လုပ်ဆောင်နေခြင်းပါပဲ။
မြန်မာ့အရေး အာဆီယံရဲ့အလုပ်က ဘာပါလဲ။ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ကြေညာချက်ထုတ်ပြန်ကာ သံတမန်ရေးနည်းနဲ့ ကန့်ကွက်ရှုတ်ချခြင်းပါပဲ။ ဒါတောင် အာဆီယံက ကြေညာချက်ထုတ် ကန့်ကွက်ရှုတ်ချခြင်းကိုတောင် အမြဲတစေ လုပ်ဆောင်ခြင်း မရှိဘဲ တနှစ်မှာ သုံး လေးကြိမ် အာဆီယံထိပ်သီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲ အပြီးမှသာ ထုတ်ပြန်လေ့ရှိတာ တွေ့ရပါတယ်။
အောက်တိုဘာ ဒုတိယပတ်အတွင်း ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း မြန်မာ့အရေးဟာ အစဉ်အလာမပျက် အာဆီယံခေါင်းဆောင်တို့ မျက်မှောင်ကုတ် အဖြေရှာကြရတဲ့ အဓိကအကြောင်းအရာကြီး ဖြစ်ခဲ့ပြီး ကြေညာချက် ထုတ်ပြန်ရာမှာလည်း မြန်မာ့အရေးဟာ အစဉ်အလာမပျက် ရှေ့ဆုံးတန်းကနေ ပါဝင်ခဲ့ပါတယ်။ အစဉ်အလာ မပျက်စွာဘဲ အာဆီယံမူ ၅ ရပ်ကို မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးရဲ့ အဓိက ရည်ညွှန်းချက်အဖြစ် ဆက်လက်ကိုင်စွဲကာ တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချကြောင်း အစဉ်အလာမပျက် အာဆီယံက ဆိုပါတယ်။
ပြောရရင် အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေးကို ဝိုင်းဝန်းဆွေးနွေး ခေါင်းစားကြတာ မှန်ပေမဲ့ ထွက်ပေါ်လာတဲ့ ရလဒ်တွေဟာ အရင်နှစ်တွေနဲ့ မခြားတာကြောင့် သူတို့ ဘာတွေ ဆွေးနွေးကြသလဲဆိုတာ အံ့အားသင့်စရာပါ။ ဒီတခေါက် ထွက်လာတဲ့ရလဒ်မှာ နည်းနည်းပိုလာတာဆိုလို့ ဒီနှစ်ကုန်ပိုင်း ထိုင်းမှာ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးမယ် ဆိုတာကို အာဆီယံက အတည်ပြု ကြိုဆိုခဲ့ခြင်း ဖြစ်ပါတယ်။
ဒါပေမဲ့ အခုတခေါက် ထိပ်သီးအစည်းအဝေးဟာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်း တရုတ်က ကြေညာပြီးနောက် ကျင်းပတာဖြစ်လို့ စိတ်ဝင်စားစရာ တချို့တလေတော့ ရှိပါတယ်။ အာဆီယံမူ ၅ ရပ်ကို ထောက်ခံကြောင်း အတိအလင်း ကြေညာထားတဲ့ တရုတ်ဟာ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက် စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းလည်း ဩဂုတ် ၁၄ ရက်တုန်းက မျက်နှာပြောင်တိုက်ပြခဲ့ရုံတင်မက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တာ ကူညီမယ်လို့လည်း ဆိုခဲ့ပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်က မြန်မာတိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ပွဲတွေရပ်ဖို့ သံတမန်စည်းမရှိဘဲ လူမိုက်ဆန်ဆန် ခြိမ်းခြောက်ခဲ့တာတွေ၊ အဲဒီလို ခြိမ်းခြောက်ကာ မြန်မာ့ပြည်တွင်းရေးကို အတိအလင်း ဝင်ရောက်စွက်ဖက်နေစဉ်မှာပဲ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ချစ်ကြည်ရေးမူဝါဒဟာ မြန်မာပြည်သူ တရပ်လုံးကို မျက်နှာမူကြောင်း ပြောထွက်ခဲ့တာတွေက တရုတ်မှာ မျက်နှာအမျိုးမျိုးရှိနေကြောင်း ပေါ်လွင်နေပါတယ်။
ဒါ့ကြောင့် အောက်တိုဘာ ဒုတိယပတ်အတွင်း ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီ ရွေးကောက်ပွဲကို အာဆီယံ ထောက်ခံဖို့ တရုတ်က သူ့ဩဇာ လုံးလုံးလျားလျားရှိတဲ့ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကနေတဆင့် ကြိုးစားနိုင်ပါတယ်။ ပြီးတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီတုန်းက နေပြည်တော်ကနေအပြန် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် လေသံပစ်ခဲ့ဖူးတဲ့ အာဆီယံမူ ၅ ရပ်နဲ့ စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ် ဆက်စပ် ဖော်ဆောင်ရေး ဆိုတာလည်း အာဆီယံ ထိပ်သီးစားပွဲဆီ ရောက်ခဲ့နိုင်ပါတယ်။
ဒါပေမဲ့ အောက်တိုဘာ ထိပ်သီးအစည်းအဝေးအပြီး ကြေညာချက်မှာ စစ်ကောင်စီ ရွေးကောက်ပွဲအကြောင်း လုံးဝမပါတာ ထူးခြားချက်တရပ်ပါပဲ။ ဒါဟာ စစ်ကောင်စီ အဟုတ်ကြီး လုပ်နေတဲ့ ရွေးကောက်ပွဲကို အာဆီယံက အဖက်မလုပ်ကြောင်း အသံတိတ် ပြဆိုလိုက်ခြင်းပါပဲ။ ဒါကို နောက်တမျိုး ထပ်ပြောရရင် တရုတ်က ထောက်ခံတိုင်းလည်း အာဆီယံက ခေါင်းညိတ်မှာမဟုတ်ဘူးလို့ ကောက်ယူနိုင်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲဆိုတာ အာဆီယံမူ ၅ ရပ်နဲ့ မညီတာကြောင့် ကန့်ကွက်ကြောင်းလည်း အာဆီယံအနေနဲ့ တရားဝင် ထုတ်မပြောပါဘူး။ အဲဒီလို စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံခြင်းလည်းမရှိ၊ ကန့်ကွက်ကြောင်းလည်း ထုတ်မပြောတာဟာ ထိပ်တိုက်ရင်ဆိုင်ခြင်းအမှု မပြုလိုတာကြောင့် ပညာရှိနည်းနဲ့ မသိချင်ယောင်ဆောင်ခြင်းလို့လည်း မှတ်ယူနိုင်ပါတယ်။ ဒီအချိန်မှာ စစ်ကောင်စီ ရွေးကောက်ပွဲကို အာဆီယံအနေနဲ့ မသိချင်ယောင်ဆောင်နေလို့ ရနေသေးပေမဲ့ ရွေးကောက်ပွဲ တကယ်လုပ်တော့မယ့်အချိန် ရောက်ခဲ့ရင် ဒီရွေးကောက်ပွဲဟာ အာဆီယံမူ ၅ ရပ်နဲ့ မညီဘူးလို့ မဖြစ်မနေ ပြောဖို့ လိုလာပါမယ်။ အဲဒီအချိန်မှာ အဲဒီလိုမှ မပြောဘဲ ဘာသဘောထားမှ မပေးဘူး ဆိုရင်တော့ အာဆီယံမူ ၅ ရပ်ဆိုတာ ရေစုန်မျောသွားပါမယ်။
ဒါပေမဲ့ လက်ရှိ မျက်မြင်တွေအရ အာဆီယံအသင်းကြီးဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံမူ ၅ ရပ်ကို ဆုပ်ကိုင်ကာ ရေသာခို အချောင်လမ်းသာ လိုက်နေတာမို့ စစ်ကောင်စီ ရွေးကောက်ပွဲကို ကန့်ကွက်ရဲပါ့မလားလို့ မေးခွန်းထုတ်ချင်စရာပါ။
ဘာကြောင့်လဲဆိုတော့ အာဆီယံရဲ့ မြန်မာ့အရေး ရေဆန်လမ်းကို လျှောက်ခဲ့တာဆိုလို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ဖော်ထုတ်နိုင်ခဲ့တာနဲ့ မူ ၅ ရပ်ကို စစ်ကောင်စီ မဖော်ဆောင်လို့ စစ်ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတက်ခွင့် ပိတ်ခဲ့တာလောက်သာ ရှိလို့ပါပဲ။
အာဆီယံအနေနဲ့ မြန်မာ့အရေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ အလှည့်အပြောင်းတခုဆီသွားဖို့ ရဲရဲကြီး ချိုးချခဲ့ပါသေးတယ်။ အဲဒီ ထိပ်သီးအစည်းအဝေး အပြီးမှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များရဲ့ ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် ၁၅ ရပ် ထွက်ပေါ်လာပါတယ်။ အဲဒီ ၁၅ ရပ်ထဲမှာ အာဆီယံမူ ၅ ရပ်ကို အချိန်အကန့်အသတ် ပြဋ္ဌာန်း ဖော်ဆောင်မယ်။ အချိန်ကန့်သတ်မှုဆိုင်ရာ အသေးစိတ်ကိစ္စတွေကို ၂၀၂၃ ခုနှစ်ကျရင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ရေးဆွဲ အတည်ပြုကြမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မူ ၅ ရပ် အချိန်ကန့်သတ် ဖော်ဆောင်ရေးဆိုတာ အာဆီယံ ထိပ်သီးတွေရဲ့ကြား အသံတစ ထပ်ထွက်မလာတော့ဘဲ ပျောက်ဆုံးသွားတာ ဒီနေ့ထိတိုင်ပါပဲ။
အာဆီယံလို နိုင်ငံရေးဩဇာမရှိတဲ့ ဒေသတွင်း အဖွဲ့အစည်းတရပ် မပြောနဲ့၊ ကမ္ဘာ့အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ကိုတောင် စစ်ကောင်စီက အရေးမလုပ်ခဲ့တာ အားလုံးမျက်မြင်ပါပဲ။ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ ဆိုတာ ၇၄ နှစ်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ဖြစ်လို့ အင်မတန် လေးနက်မှုရှိပါတယ်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မဲမပေးဘဲ ကြားနေခဲ့ပြီး ကျန်လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၂ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ ကန့်ကွက်သူမရှိတဲ့ အတည်ပြုခဲ့တဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်-၂၆၆၉ က အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့၊ အာဆီယံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ စာနာမှုအကူအညီတွေကို အကန့်အသတ်မရှိ ခွင့်ပြုပေးဖို့ စတဲ့အချက်တွေ တောင်းဆိုခဲ့ပြီး ဒီနေ့ထိတိုင် စစ်ကောင်စီက တခုတလေတောင် ဖော်ဆောင်ခြင်း မရှိပါဘူး။
စစ်ကောင်စီက လုံခြုံရေးကောင်စီကိုတောင် ဘာကြောင့် အာခံရဲခဲ့ပါသလဲ။ ဆုံးဖြတ်ချက်-၂၆၆၉ ဟာ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်မျှသာဖြစ်ပြီး အဲဒီတောင်းဆိုချက်တွေကို မဖော်ဆောင်လည်း ဘာမှမဖြစ်တာကြောင့်ပါပဲ။ ထပ်ပြောရရင် ဆုံးဖြတ်ချက်-၂၆၆၉ ရဲ့နောက်မှာ မဖော်ဆောင်ရင် အရေးယူမယ်ဆိုတာမျိုး ပြဋ္ဌာန်းထားခြင်း မရှိလို့ပါပဲ။
အာဆီယံမူ ၅ ရပ်ဆိုတာက အဲဒီလိုပါပဲ။ မူ ၅ ရပ်ကို အချိန်အကန့်အသတ်နဲ့ ဖော်ဆောင်ရမယ်။ မဖော်ဆောင်ရင် ဘယ်ပုံဘယ်နည်း အရေးယူမယ်ဆိုတဲ့ စခန်းဆီ အာဆီယံ မလှမ်းနိုင်ခဲ့လေတော့ စစ်ကောင်စီက အရေးမလုပ်တာ ဘာမှမဆန်းပါဘူး။ ဒါကို အာဆီယံကလည်း ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး အချောင်လမ်းလိုက်နေတဲ့ အာဆီယံက မူ ၅ ရပ် လက်တွေ့ဖော်ဆောင်မှုဆိုင်ရာ ပြန်လည်သုံးသပ်ရာမှာ မူ ၅ ရပ် အချိန်ကန့်သတ် ဖော်ဆောင်ရေးနဲ့ အရေးယူမှုအပိုင်းကို သတိကြီးကြီးထား ရှောင်ရှားခဲ့ပါတယ်။
ဒါ့ကြောင့် ၂၀၂၄ အောက်တိုဘာ ထိပ်သီးအစည်းအဝေးဟာ မြန်မာ့အရေး တယောက်တပေါက် ပြောကြဆိုကြရုံသာရှိပြီး ရှေ့တလှမ်းမတိုးနိုင်ဘဲ ပြီးဆုံးခဲ့ပြန်ပါတယ်။ ဒါပေမဲ့ အာဆီယံဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး နောက်တလှမ်း ပြန်မဆုတ်သွားသလို အချောင်နှိုက်ချင်နေတဲ့ တရုတ်ရဲ့ရန်ကိုလည်း ကြံ့ကြံ့ခံခဲ့ပုံပါပဲ။