ထိုင်ဝမ်တဝိုက်မှာ အခုလောလောလတ်လတ် စစ်ရေးအင်အားပြပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ မြေပြင်၊ ပင်လယ်နဲ့ ဝေဟင်မှာ အရေးပေါ် စစ်ရေးလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ကို တရုတ်စစ်တပ်က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပြီး လေ့ကျင့်မှုဟာ သတိပေးချက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးဆိုတာ စစ်ပွဲပဲလို့လည်း ပြောပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်မြောက်ပိုင်းက ကျွန်း ၃ ကျွန်းပေါ်မှာရှိတဲ့ ကျီးလုံဆိပ်ကမ်းကို ဦးတည်တဲ့ စစ်ရေးလေ့ကျင့်မှုလို့ ဗီဒီယိုထဲမှာ ဖော်ပြထားပြီး စစ်သည်တွေဟာ စစ်အမိန့်အတိုင်း တိုက်ပွဲဝင်ဖို့ အသင့်ရှိနေတယ်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အရှေ့ပိုင်းစစ်တိုင်း ကွပ်ကဲမှုဌာနချုပ် ရေတပ်အရာရှိတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ရဲ့ အမျိုးသားနေ့ မိန့်ခွန်းအပြီး တနင်္လာနေ့မှာ တရုတ်နိုင်ငံဟာ ‘Joint Sword- 2024B’ နာမည်နဲ့ စစ်ရေးလေ့ကျင့်ခဲ့ပြီး ခွဲထွက်ရေးလုပ်ရပ်တွေကို သတိပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကျွန်းပတ်ပတ်လည်မှာ တရုတ်စစ်ရေးလှုပ်ရှားမှုဆိုင်ရာ နေ့စဉ် သတင်းထုတ်ပြန်ချက်မှာ တရုတ်စစ်လေယာဉ် ၁၅၃ စင်းကို တွေ့ရှိခဲ့ပြီး တနင်္လာနေ့ ညနေခင်းမှာ ၁၂၅ စင်းကို တွေ့ခဲ့လို့ တရက်တည်းအတွက် စံချိန်တင် အမြင့်ဆုံးဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
Source-Reuters