ဗီယက်နမ်နဲ့ တရုတ်တို့ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကနေ နယ်စပ်ဖြတ်ကျော် QR ကုတ် ငွေပေးချေမှုအထိ သဘောတူညီချက် ၁၀ ချက်ကို အောက်တိုဘာ ၁၃ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။
တရုတ်ဝန်ကြီးချုပ် လီချန်က ဗီယက်နမ်မြို့တော် ဟနွိုင်းကို ၃ ရက်ကြာ လာရောက်လည်ပတ်ချိန်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
လီက ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် လီနဲ့ ဗီယက်နမ် ကွန်မြူနစ်ပါတီ အကြီးအကဲ သမ္မတ တိုလမ်တို့က တရုတ်-ဗီယက်နမ် စီးပွားရေးဆက်ဆံမှု၊ လယ်ယာထွက်ကုန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ အောက်တိုဘာ ၁၂ ရက်မှာ သဘောတူညီခဲ့ကြပါတယ်။ အဲဒီနောက်မှာ ခုလို လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပခဲ့တာပါ။
ဗီယက်နမ်နဲ့ တရုတ်တို့ဟာ နယ်စပ်ဖြတ်ကျော် ရထားလမ်းတွေ ချိတ်ဆက်မှုဆိုင်ရာ လုပ်ငန်းခွင်တည်နေရာ စစ်ဆေး ပန္နက်ရိုက်မှု အပါအဝင် တိုးတက်မှု အဆင့်မြှင့်တင်ခြင်းဆိုင်ရာ စာတမ်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဗီယက်နမ် ကုန်ထုတ်လုပ်မှု ကဏ္ဍအတွက် အရေးပါတဲ့ သွင်းကုန်အရင်းအမြစ်တခု ဖြစ်ပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်မှုဟာ မနှစ်က အလားတူကာလထက် ဒီနှစ် ပထမသုံးလပတ်မှာ အမေရိကန်ဒေါ်လာ ၁၄၈ ဘီလီယံအထိ ၂၁ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ပါတယ်။
အာရှအိမ်နီးချင်း ၂ နိုင်ငံဟာ ရထားလမ်းတွေ ချိတ်ဆက်မှု မြှင့်တင်ရေးအတွက် စိတ်ဝင်စားမှု အကြိမ်ကြိမ်ပြခဲ့ပေမဲ့ ခိုင်မာတဲ့ အစီအစဉ်တွေ ဒါမှမဟုတ် ချိတ်ဆက်မှု အဆင့်မြှင့်တင်ရေး ခန့်မှန်းကုန်ကျစရိတ်တွေကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
Source-Reuters