ရုရှားဟာ မြောက်ကိုရီးယားနဲ့ သူ့ရဲ့သဘောတူညီချက်အရ နယ်ပယ်အားလုံးမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးပေးထားတယ်လို့ ကရင်မလင်နန်းတော်က အောက်တိုဘာ ၁၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က “အဓိကအချက်ကတော့ လုံခြုံရေးအပါအဝင် နယ်ပယ်အားလုံးမှာ အမှန်တကယ် မဟာဗျူဟာမြောက် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုကို ဖော်ညွှန်းနေတာ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ရဲ့ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဒီစာချုပ်နဲ့ စာချုပ်ရဲ့ အခြေခံမူတွေက လမ်းညွှန်ပေးမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
တနင်္လာနေ့မှာ မြောက်ကိုရီးယားဟာ အခိုင်အခံ့လုပ်ထားတဲ့ နယ်စပ်ဘက်ခြမ်းမှာ ကိုရီးယား ၂ နိုင်ငံကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေနဲ့ ရထားလမ်းတွေကို ဖောက်ခွဲခဲ့အပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်လာနေပြီးတော့ တောင်ကိုရီးယား စစ်တပ်ကလည်း သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။
မော်စကိုဟာ အီရန်နဲ့ ချုပ်ဆိုဖို့ စီစဉ်ထားတာဖြစ်ပြီး ပြီးမြောက်တာနဲ့အမျှ စာချုပ်ရဲ့ အသေးစိတ် အချက်အလက်တွေကို မျှဝေသွားမှာဖြစ်တယ်လို့လည်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောသွားပါတယ်။
တချိန်တည်းမှာပဲ ရုရှားနဲ့ တရုတ်တို့ဟာလည်း ခိုင်မာတဲ့ ကာကွယ်ရေးနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။
ရုရှားနဲ့ တရုတ်အစိုးရတို့ အကန့်အသတ်မရှိ မိတ်ဖက်ဖွဲ့ရင်း အာရှမှာ သြဇာလွှမ်းမိုးမှုကို တိုးချဲ့ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းချက်တွေကို အရှိန်မြှင့် ဝေဖန်ခဲ့ကြပါတယ်။
ရုရှားနဲ့ တရုတ်ရဲ့ စစ်ဘက်ဆိုင်ရာဌာနတွေဟာ ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစဉ်တွေကို အကဲဖြတ်ရာမှာ စည်းလုံးညီညွတ်ကြပြီး လက်ရှိအခြေအနေမှာ လုပ်ရမယ့် အရာတွေအပေါ် ဘုံနားလည်မှု ရှိကြတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘေလိုဆာ့ဗ်က ပြောတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ တယ်လီဂရန်မက်ဆေ့ချ် အက်ပလီကေးရှင်းမှာ ရေးသားဖော်ပြထားပါတယ်။
ဘေလိုဆာ့ဗ်က သူဟာ တရုတ်ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌ ကျန်းယူးရှားနဲ့ တွေ့ဆုံခဲ့ပြီး အလွန်အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
တရုတ်နဲ့ ရုရှား နှစ်ဖက်စလုံးက စစ်ဘက်ဆက်ဆံရေးကို နက်ရှိုင်းအောင် ချဲ့ထွင်ပြီး အဆင့်မြင့်ဖလှယ်မှုတွေ ဆက်ထိန်းထားဖို့ မျှော်လင့်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းပတ်လည်မှာ စစ်စွမ်းရည်ပြရင်း တရက် စစ်ရေးလေ့ကျင့်ပြီးတဲ့နောက် ဒါဟာ ခွဲထွက်ရေးဆိုင်ရာ လုပ်ရပ်တွေအတွက် သတိပေးချက် တရပ်လို့ ပြောပါတယ်။
တရုတ်ရဲ့လုပ်ရပ်ကို ထိုင်ဝမ်နဲ့ အမေရိကန်အစိုးရတို့က ပြစ်တင်ရှုတ်ချခဲ့အပြီး ဘေလိုဆာ့ဗ်ရဲ့ ပေကျင်းခရီးစဉ် ပေါ်ပေါက်ခဲ့တာပါ။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူအသေအပျောက်အများဆုံး မြေပြင်စစ်ပွဲအဖြစ် ရုရှားတပ်တွေက ယူကရိန်းကို လုံးလုံးလျားလျား မကျူးကျော်မီ သီတင်းပတ် ၃ ပတ်လောက် အလိုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပေကျင်းမြို့တော်ဆီ လာရောက်လည်ပတ်ခဲ့တာပါ။
အဲဒီ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ “အကန့်အသတ်မရှိ” မိတ်ဖက်ဆက်ဆံရေးအဖြစ် ကြေညာခဲ့ပါတယ်။
Source-Reuters