ကိုရီးယား ၂ နိုင်ငံကြားက လမ်းတွေကို မြောက်ကိုရီးယားဟာ အောက်တိုဘာ ၁၅ ရက်မှာ ဖျက်ဆီးခဲ့မှုဟာ လုံးဝကို မူမမှန်တဲ့လုပ်ရပ်ဖြစ်ကြောင်း တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက ဝေဖန်ပြစ်တင်လိုက်ပြီး ဒီလုပ်ရပ်ကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ကိုရီးယား ၂ နိုင်ငံကြားက မြောက်ပိုင်းရှိ ကားလမ်းတွေနဲ့ မီးရထားလမ်းတွေကို ဖြတ်တောက်ခဲ့တဲ့ ဖောက်ခွဲမှုအတွက် မြောက်ကိုရီးယားမှာ အပြည့်အဝ တာဝန်ရှိပါတယ်လို့ ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသု ဂူဗြောင်းဆန်းက ဆိုးလ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားရဲ့ ပေါင်းစည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂူဗြောင်းဆန်းက “ဂျောင်းဂီးဒို ရထားလိုင်းနဲ့ ဒုန်ဟဲ ရထားလိုင်းတွေကို ဖောက်ခွဲဖျက်ဆီးလိုက်တာဟာ ကိုရီးယား နှစ်နိုင်ငံ သဘောတူညီချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာဖြစ်ပြီး ဒါဟာ သိပ်ကို ပုံမှန်မဟုတ်တဲ့ လုပ်ရပ်တခုလို့ မြင်ပါတယ်။ ပြီးတော့ ဒီလုပ်ရပ်ကို တောင်ကိုရီးယား အစိုးရကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ ပြောသွားပါတယ်။
အင်္ဂါနေ့ မွန်းလွဲပိုင်းလောက်မှာ တောင်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ မြောက်ပိုင်းရှိ ကားလမ်းနဲ့ ရထားလမ်းတွေရဲ့ အစိတ်အပိုင်းတချို့ ပေါက်ကွဲသွားတယ်လို့ ပူးတွဲစစ်ဦးစီးချုပ် (JCS) က မီဒီယာကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောပါတယ်။
တောင်ကိုရီးယားစစ်တပ်က ပေးအပ်တဲ့ ဗီဒီယိုထဲမှာ ကိုရီးယား ၂ နိုင်ငံ နယ်နိမိတ်အတွင်းရှိ လမ်းတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကို ပြသထားပြီး အဲဒီနေရာကို ပို့ဆောင်ပေးထားတဲ့ မြောက်ကိုရီးယား စစ်သားတွေနဲ့ ထရပ်ကားတွေကို မြင်တွေ့ရပါတယ်။
တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားစစ်တပ်က အိမ်နီးချင်းနိုင်ငံတွေကို ပိုင်းခြားထားတဲ့ စစ်ရေးနယ်နိမိတ်မျဉ်းရဲ့ တောင်ဘက်မှာ သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့ပေမဲ့ ပေါက်ကွဲမှုတွေကြောင့် ဆိုးလ်နယ်စပ်ဘက်ခြမ်းမှာ ထိခိုက်ပျက်စီးမှု တစုံတရာ မရှိခဲ့ကြောင်းလည်း ဆိုပါတယ်။
ဒီဖြစ်စဉ်အပြီးမှာ တောင်ပိုင်းတပ်ဖွဲ့ဝင်တွေဟာ စောင့်ကြည့်မှုတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ စစ်ပွဲမှာ ငြိမ်းချမ်းရေးစာချုပ် မဟုတ်ဘဲ စစ်ရပ်ဆိုင်းခြင်းနဲ့ စစ်ပွဲကို အဆုံးသတ်ခဲ့တာကြောင့် သဘောတရားအရ စစ်ဖြစ်နေဆဲလို့ ဆိုနိုင်ပါတယ်။
Source-Reuters