၂၀၂၄ ခုနှစ်အတွက် စီးပွားရေးနိုဘယ်ဆု ရခဲ့တဲ့ အမေရိကန်အခြေစိုက် ပညာရှင်တွေက မြောက်ကိုရီးယားနဲ့ ပိုင်းခြားထားတာကို မီးမောင်းထိုးပြရင်း တောင်ကိုရီးယားနိုင်ငံရဲ့ ‘ထူးထူးခြားခြား’ တိုးတက်မှုကို ချီးကျူးခဲ့ပါတယ်။
ကိုလိုနီအပြုခံရပြီးနောက်ပိုင်း အထူးသဖြင့် အကျင့်ပျက်ခြစားမှုနဲ့ အာဏာရှင်စနစ် တည်တံ့နေတဲ့ နိုင်ငံတွေမှာ ဘာကြောင့် ကမ္ဘာလုံးဆိုင်ရာ မညီမျှမှု ဆက်ရှိနေတာလဲဆိုတာ နားလည်ဖို့ စူးစမ်းရှာဖွေခဲ့တဲ့ သုတေသနအတွက် အမေရိကန်အခြေစိုက် ပညာရှင် ၃ ယောက်ဟာ အောက်တိုဘာ ၁၄ ရက်မှာ နိုဘယ်ဆု ရခဲ့ပါတယ်။
ဗြိတိန်-အမေရိကန် နိုင်ငံသား ဆိုင်မွန် ဂျွန်ဆင်နဲ့ ဂျိမ်းစ် ရော်ဘင်ဆန်၊ တူရကီ-အမေရိကန် နိုင်ငံသား ဒေရွန် အာဂျေမိုလူတို့ဟာ အဖွဲ့အစည်းတွေ ဘယ်လိုဖွဲ့စည်းပေါ်ပေါက်ပြီး သာယာဝပြောရေးကို ဘယ်လို အကျိုးသက်ရောက်စေသလဲ ဆိုတဲ့အချက်ပေါ် သူတို့ရဲ့ တွေ့ရှိချက်အတွက် တော်ဝင် ဆွီဒစ်ရှ် သိပ္ပံအကယ်ဒမီက သူတို့ကို ချီးကျူးခဲ့တာပါ။
ဒုတိယကမ္ဘာစစ်အပြီး ၁၉၆၀ အစောပိုင်းတုန်းမှာ တောင်ကိုရီးယားဟာ အရမ်းဆင်းရဲပြီး အစတုန်းကတော့ တော်တော် အာဏာရှင်ဆန်တယ်။ အချိန်ကြာလာတာနဲ့အမျှ စီးပွားရေး တိုးတက်မှုနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းခဲ့ပြီး ခက်ခဲရှုတ်ထွေးတဲ့ ရုန်းကန်မှုတွေ အများအပြား ရှိခဲ့တယ်။ ဒါဟာ လွယ်ကူတဲ့ခရီး မဟုတ်ပေမဲ့ ရလဒ်အနေနဲ့ကတော့ တောင်ကိုရီးယား စီးပွားရေးဟာ ဒီနေ့ခေတ်မှာ ပြဿနာမတက်ဘဲ ပိုမိုကောင်းမွန်တဲ့ အသွင်သဏ္ဌာန်နဲ့ သူတို့ရဲ့ အောင်မြင်မှုတွေက တခြားနိုင်ငံတွေနဲ့ယှဉ်ရင် တကယ်ကို မှတ်သားလောက်စရာပါပဲလို့ ဆိုင်မွန်ဂျွန်ဆင်က ပြောပါတယ်။
ရိက္ခာနဲ့ အိမ်ရာမှသည် ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအထိ အရာခပ်သိမ်းတို့အကြား စီးပွားရေးကွာဟချက် ပိုမိုကျယ်ပြန့်လာပုံပေါ်တယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အခုနှစ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ပြုံယမ်းမြို့တော်နဲ့ တခြားမြို့ကြီးတွေက ရေပေါ်ဆီ ဒေသခံတွေနဲ့ ကျေးလက်ဒေသတွေက လယ်သမား လူတန်းစားအကြား မမျှတမှုတွေက ပိုနက်ရှိုင်းလာတယ်လို့ မြောက်ကိုရီးယား ဘက်ပြောင်းလာသူတွေက ပြောပါတယ်။
စီးပွားရေးမညီမျှမှုတွေ ကျယ်ပြန့်လာနေပြီး စားနပ်ရိက္ခာ ကာလကြာရှည် ပြတ်လပ်နေတဲ့ကြားက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက နိုင်ငံတဝန်းမှာ စက်ရုံတွေ တည်ဆောက်ခြင်းအားဖြင့် ကျေးလက်ဒေသတွေမှာ စက်မှုတော်လှန်ရေးတရပ် လုပ်ဖို့ ဆော်ဩခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ကြာသပတေးနေ့မှာ ပြောပါတယ်။
၂၀၂၄ အတွက် စီးပွားရေးနိုဘယ်ဆုရှင်တွေ ဖြစ်တဲ့ အာဂျေမိုလူနဲ့ ဂျွန်ဆင်တို့ဟာ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်မှာ အလုပ်လုပ်ပြီး ရော်ဘင်ဆင်ကတော့ ချီကာဂို တက္ကသိုလ်မှာ အလုပ်လုပ်ပါတယ်။
Source-Reuters