နွေဦးတော်လှန်ရေးမှာ ခေတ်သစ်နည်းပညာသုံး တော်လှန်ရေးထောက်ပို့နည်းလမ်းတွေဖြစ်တဲ့ ကလစ်အပ်လီကေးရှင်းတွေ၊ PDF Game နဲ့ Youtube ချန်နယ်တွေကနေ ကျပ်သိန်းပေါင်း ၂ သိန်း ဝန်းကျင်အထိ ထောက်ပံ့နိုင်ခဲ့တယ်လို့ ထောက်ပို့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့တုန်းကတည်းက လူထုအတွက် လုံခြုံတဲ့ ထောက်ပို့နည်းလမ်းတွေကို ခေတ်သစ် Gen Z လူငယ်တွေက တီထွင်ကြံဆခဲ့တာပါတယ်။
အင်တာနက်ရှိရုံနဲ့ လုံလုံခြုံခြုံ ထောက်ပို့တယောက်ဖြစ်နိုင်မယ့် နည်းလမ်းမှာ တော်လှန်ရေး ထောက်ခံတဲ့ ပြည်သူလူထုကလည်း ပါဝင်ထောက်ပံ့ကြတဲ့အခါ တော်လှန်ရေးထဲကို ထောက်ပို့ အပ်ပလီကေးရှင်းတွေ ဂိမ်းတွေနဲ့ ချန်နယ်တွေကနေ ကျပ်သိန်းပေါင်း သိန်းချီ ထောက်ပံ့ပေးနိုင်ခဲ့တာပါ။
ထောက်ပို့ အပ်ပလီကေးရှင်းတွေထဲက လူပေါင်း ၅ သိန်းကျော် ဒေါင်းလုပ်ရယူထားပြီး ကလစ် အပ်တခုဖြစ်တဲ့ C2D (click to donate)အပ်ပလီကေးရှင်းက စတင်ခဲ့တဲ့ ၃ နှစ်ကျော်ကာလမှာ သိန်းပေါင်း ၁၃၀,၀၀၀ ထောက်ပို့ပေးနိုင်ခဲ့တယ်လို့ တည်ထောင်သူ ကိုကလစ်က DVB ကို ပြောပါတယ်။
“ကျနော်တို့ စတင်ခဲ့ချိန်က ကလစ်ကနေ ပိုက်ဆံရတယ်ဆိုတာကို လူသိအောင် မနည်း မိတ်ဆက်ရပါတယ်။ ဘာကြီးလဲ ဆိုတာမျိုးတွေ ကြုံခဲ့ရသလို Telegram၊ website ၊ application ၊ youtube ဆိုပြီး တခုပြီးတခု မိတ်ဆက်ပေးပြီး ထိုးဖောက်ခဲ့ရတာပါ။ ဒါပေမဲ့ အခုထိတောင် ကလစ်လုပ်ရင်း လှူလို့ရတာ မသိကြသေးတဲ့သူတွေ အများကြီး ရှိနေပါသေးတယ်ခင်ဗျာ။ လက်ရှိကာလမှာကတော့ အကြောင်းအမျိုးမျိုးတွေကြောင့် ကလစ်အားက သိသိသာသာ ကျလာပါတယ်။ အရင်ကဆို လူ ၄၀၀၀၀ လောက် ကလစ်ပေးရင် တလတည်း သိန်း ၁၀၀၀၀ နား ရခဲ့တဲ့အချိန်ရှိခဲ့ဖူးပါတယ်။ အခုအချိန်မှာ တလကို သိန်း ၃၀၀ လောက်ပဲရနေတာ ဖြစ်ပြီးနေ့စဉ် ပါဝင်ကလစ်တဲ့သူက လူ ၂၅၀၀ လောက်ပဲ ရှိတော့တာပါခင်ဗျာ။”
ထောက်ပို့အပ်ပလီကေးရှင်းတွေကို ဒေါင်းလုပ်ဆွဲတာ၊ Youtube ချန်နယ်တွေမှာ နေ့စဉ် ဝင်ရောက်ကြည့်ရှုမှုတွေကို ကြည့်မယ်ဆိုရင် ပြည်သူတွေရဲ့စိတ်ဝင်စားမှုက ကျဆင်းသွားတာ မဟုတ်ဘဲ စစ်ကောင်စီရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ အထွေထွေကျပ်တည်းမှုတွေ ပိုများလာတာကြောင့်ဖြစ်တယ်လို့ ကလစ်ကာတွေကို နည်းမှန်လမ်းမှန် ကလစ်နိုင်ဖို့ ထောက်ပံ့ကူညီနေသူ ကိုဇင်ဇေက ပြောပါတယ်။
“လူတွေက စိတ်ဝင်စားတယ် ပုံမှန်ကလစ်လုပ်နိုင်ဖို့ ခက်တယ်။ ဇွဲလုံ့လဝီရိယနဲ့ဆိုင်တဲ့ လူ့စိတ်အခြေအနေက တပိုင်း၊ နောက်တခုကတော့ လုပ်ဖို့ ခက်အောင်လို့ကို စကစက နည်းအမျိုးမျိုးနဲ့ ပိတ်ဆို့တာမျိုးပေါ့။ အင်တာနက် ဘေလ်တွေ အင်တာနက်ဖိုးတွေ တရိပ်ရိပ် တက်လာတာ များလာတာမျိုးတွေလည်း ရှိတယ်။ ပြီးတော့ နိုင်ငံတဝန်းမှာ အရင်ကထက်စာရင် စစ်ဘေး ရေဘေး တိုက်ရိုက်ထိသွားတာတွေပေါ့၊ အထွေထွေကျပ်တည်းမှုတွေကလည်း များလာတဲ့အခါ ဒါတွေကြောင့် မလုပ်နိုင်တော့တာ။ အဓိကပြဿနာကတော့ နေ့စဉ်လုပ်ဖြစ်ဖို့က ခက်တာပေါ့။ အဲတာကတော့ သိသာတဲ့စိန်ခေါ်မှုလို့ ကျနော်ထင်တယ်။ စိတ်ဝင်စားမှုကတော့ မကျသွားဘူး၊ ဒါတွေကို လူတွေက သိနေတုန်းပဲ သိလည်း သိခဲ့ကြတယ်။”
ပြည်တွင်းက ကလစ်ကာတွေက အင်တာနက်လိုင်းအခက်အခဲ VPN ပြဿနာတွေကြောင့် ကလစ်အပ်ပလီကေးရှင်းတွေ ဝင်ကြည့်ပြီး ကလစ်ဖို့ အခက်အခဲရှိသလို လမ်းသွားလာရင်း မထင်ရင် မထင်သလို ဖုန်းတွေ စစ်ဆေးတတ်တဲ့ စစ်ကောင်စီကြောင့် အပ်ပလီကေးရှင်းတွေကို ဖျက်လိုက် သွင်းလိုက်နဲ့ အခက်အခဲတွေ အများကြီးရှိကြောင်း ပြည်တွင်းက ကလစ်ကာတစ်ယောက်က ပြောပါတယ်။ ပြည်ပမှာတော့ အလုပ်အကိုင် တဖက်နဲ့ ရတဲ့အချိန် ဝင်ရောက်ကလစ်ဖြစ်ကြောင်း ပြည်ပရောက်ထောက်ပို့ ကလစ်ကာ တယောက်ကလည်း ပြောပါတယ်။
“ကျနော့်အနေနဲ့ကတော့ VPN ခံစရာ အသုံးပြုစရာ သိပ်မလိုတာရယ်နဲ့ အင်တာနက် ပုံမှန်ရရှိနိုင်တဲ့ အခြေအနေတွေကြောင့် ပြည်ပကလူတွေအတွက်ကတော့ လုံခြုံတဲ့ ထောက်ပို့နည်းတခုလို့ ပြောလို့ရတယ်ပေါ့။ အဓိကကတော့ အချိန်အခက်အခဲပေါ့ လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေ တာဝန်ယူတာတွေ ရှိလာတဲ့အခါမှာကျတော့ အရင်ကလောက် အချိန်ပေး ကလစ်မလုပ်နိုင်တော့ပေမယ့် အားရင်အားသလို အတတ်နိုင်ဆုံး ကြိုးစား ကလစ်နေတုန်း ဖြစ်ပါတယ်။”
ပြည်တွင်း ပြည်ပ ကလစ်ကာတွေကိုနှိုင်းယှဉ်ကြည့်ရင် ပြည်တွင်းက လက်ရှိအချိန်ထိ ပိုများနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းက အခက်အခဲတွေကို ကူညီဖြည့်ဆည်းပေးရာလည်း ရောက်သလို ထောက်ပို့ အပ်တွေအတွက် အကျိုးရှိတာမို့ တနေ့ကို ၃ မိနစ်ကနေ ၅ မိနစ်လောက် ပုံမှန်ဝင်ရောက်ကြည့်ရှုပေးဖို့ ကိုကလစ်က တိုက်တွန်းပါတယ်၊
“ပြည်တွင်းက ကလစ်ရတာတွေမှာတော့ VPN တွေနဲ့ ကလစ်ရတာမို့ ကြော်ငြာကုမ္ပဏီတွေက ban တာတွေ ကြော်ငြာရပ်ပစ်တာတွေ မကြာခဏ ခံရပါတယ်ခင်ဗျာ။ တခါတလေမှာတော့ ပြည်ပက ငါတို့ငွေကူနေတာပဲ မကလစ်ဘူး ဆိုတာလေးတွေ ရှိပါတယ်။ ပြည်ပကကလစ်ရင် ငွေပေးနှုန်း မြင့်မားပါတယ်။ ငွေပေးနှုန်းနဲ့ App တွေရဲ့ အဆင့်အတန်း အရလည်း impact ကောင်းကောင်း ရသလို ပြည်တွင်းကအမျိုးတွေရဲ့ အခက်အခဲကိုလည်း တတပ်တအား ဖြေရှင်းပြီးသား ဖြစ်ပါတယ်။ ကလစ် App ဆိုတာက လူများများ ပါဝင်လေလေ သူ့ရဲ့ အဆင့်အတန်းက မြင့်လာပြီး ငွေပေးနှုန်း ပိုမြင့်လာလေလေ ဖြစ်ပါတယ်။ ဒါကြောင့် တနေ့ ၃ မိနစ် ၅ မိနစ်လောက် နေ့စဉ်လေး ဝင်ဖွင့်ပြီး သုံးပေးတာမျိုးလေး လုပ်ရင်တောင် အများကြီး အကျိုးရှိမှာဖြစ်တာမို့ ပြည်ပမှာရှိနေတဲ့ တယောက်ချင်းစီကို အကူအညီတောင်းပါတယ်ခင်ဗျာ။”
လက်ရှိ ကလစ်လုပ်ရာကနေ တော်လှန်ရေးကို ထောက်ပို့ပေးနေတဲ့ Click 2 Donate ၊ ThaDin ၊ Play2 Donate ၊ War of Hero- The PDF GAME ၊ စုရတနာ ၊ end game စတာတွေအပြင် YouTube ချန်နယ်တွေဖြစ်တဲ့ ပဒေသာပင်၊ ဒို့အညာ အစရှိတာတွေက လူဝင်များတဲ့ ဒီဂျစ်တယ် ထောက်ပို့ App နဲ့ ချန်နယ်တွေဖြစ်ပါတယ်။
ThaDin သတင်းဆိုရင်လည်း သိန်းပေါင်း ၂၅၀၀၀ လောက် ထောက်ပံ့ခဲ့ပြီး The PDF game ဆိုလည်း ကျပ်သိန်းပေါင်း သောင်းချီ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
DVB က ရရှိထားတဲ့ ဒေတာအချက်အလက်တွေအရကိုပဲ ကျပ်သိန်းပေါင်း ၂ သိန်းဝန်းကျင် ထောက့်ပံနိုင်တယ်လို့ သိရပြီး တကယ့်အချက်အလက်တွေအရက အခုထက် များနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
စစ်ကောင်စီကတော့ ထောက်ပို့ဂိမ်းတွေ၊ App တွေ သုံးတာတွေ့ရင် အရေးယူမယ်လို့ အကြိမ်ကြိမ် ကြေညာနေဆဲ ဖြစ်ပါတယ်။
ဝေဝေ