အိမ်နီးချင်း ဒေါ်ပြုံး
သူ့ကို ဒေါ်ပြုံးလို့ ခေါ်ကြပါစို့။ သူနဲ့ကျနော် လှေကား အတက်အဆင်းမှာ ဆုံတိုင်း သူ ပြုံးတာကို တကြိမ်တခါမှ မကြုံဖူးပါဘူး။ သူ လှေကားအတက်အဆင်းလုပ်တဲ့အခါ သူ့အမျိုးသားက သူ့ကို ဖေးမကူညီပေးတာမျိုး တွေ့ရတယ်။ ဒေါ်ပြုံးက အသက်အရွယ်အားဖြင့် ၅၀ ကျော် ၆၀ နီးပါး။ သူ့ပုံစံက အညာသူမကြီးတယောက်လိုပါ။
သူ့အမျိုးသားက တရုတ်လူမျိုး အသားအရေနဲ့ မျက်နှာပေါက်မျိုးပါ။ သူ့အမျိုးသားက ကျနော်တို့နဲ့ အကြောင်းကိစ္စတခုခုနဲ့ စကားပြောတဲ့အခါ သူ့ကိုယ်သူ ကျနော် ကျနော်လို့ ပြောတယ်။
ဒေါ်ပြုံးက တလမ်းလုံးနဲ့ တယောက် ဖြစ်ပုံရတယ်။ လမ်းထဲမှာရှိတဲ့ လမ်းသူလမ်းသားတွေကလည်း သူ့ကို ခွန်းတုံ့မပြန်ဘဲ အလိုက်အထိုက်သာ စကားပြောကြတယ်။ ဥပမာတခုပြောရရင် သူ နေတဲ့တိုက်ခန်းက ကျနော်တို့ငှားနေတဲ့ တိုက်ခန်းရဲ့ အောက်ထပ်။ ကျနော်တို့ မျက်နှာချင်းဆိုင်အခန်းရဲ့ပိုင်ရှင်က အိမ်ခေါင်မိုးပေါ်မှာ တခုခု လုပ်နေတာမျိုးဆို သူက တံခါးခေါက်ပြီး တက်ပြောတာပါ။
ကျနော် နေတဲ့အခန်းရဲ့ အပေါ်ထပ်မှာ အိမ်ခေါင်မိုးပဲ ရှိပါတယ်။ အလားတူပဲ မျက်နှာချင်းဆိုင်အခန်းရဲ့ အပေါ်ထပ်ကလည်း ခေါင်မိုးပေါ့။ အဲဒီခေါင်မိုးပေါ်မှာ မျက်နှာချင်းဆိုင်အခန်းက အင်္ဂတေကိုင်၊ တိုင်ထောင် အမိုးလုပ်ပြီး ထပ်ဆင့်နေရာတခုအနေနဲ့ လုပ်တာကို ဒေါ်ပြုံးက လက်မခံပါဘူး။ သူ ကိုင်စွဲထားတဲ့အရာတခုက ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ အမြင်မတော်တာတွေ့ရင် ပြောရမှာပဲတဲ့။
“အိမ်တအိမ်ရဲ့ ခံနိုင်အားထက် လွန်ကဲတဲ့ အလေးချိန်ကို ထပ်တင်မယ်ဆို စည်ပင်ကို ပြောရမှာ” လို့ ဒေါ်ပြုံးက ပြောတယ်။
ကျနော်တို့နေတဲ့ အခန်းရဲ့ ခေါင်မိုးပေါ်မှာ ထုရိုက်သံ၊ ဂဟေတို့သံတွေ ဆူဆူညံညံထွက်ပေါ်လာတော့ ဒေါ်ပြုံးက ကျနော်တို့အခန်းကို တံခါးခေါက်တယ်။ ပြီးတော့ “တိုက်ခေါင်မိုးပေါ်မှာ အခုလို လုပ်နေတာကို လက်ခံလို့မရဘူး ပြောရမယ်”တဲ့။
ကျနော်တို့က အိမ်ငှားတွေပါ။ တခုခုဆို ကျနော်တို့ ပြောပိုင်ခွင့်မရှိဘူးထင်တယ်လို့ ပြန်ပြောတော့ ဒေါ်ပြုံးက “ဒီလိုဆို ငါပဲတက်ပြောရမှာပဲ”ဆိုပြီး တဖက်ခန်းကို အရန်သင့်ဖွင့်ထားတဲ့ တံခါးမကြီးကနေ ဝင်သွားပါတယ်။
ခဏကြာတော့ ကျနော်တို့နေတဲ့ တိုက်ရဲ့ခေါင်မိုးပေါ်မှာ အမျိုးသမီးတဦးရဲ့ ဆူညံပေါက်ကွဲသံကို ကြားရပါတယ်။ ကျနော်တို့ အခန်းထဲကနေ တယောက်နဲ့တယောက် ပြောစရာမလိုဘဲ သိနေတာက အဲဒိအသံရှင်ဟာ ဒေါ်ပြုံး ဆိုတာကိုပါပဲ။ အဲဒီနေ့ကစပြီး ကျနော်တို့နေတဲ့ တိုက်ရဲ့ခေါင်မိုးပေါ်မှာ ထုရိုက်တဲ့ ဆူဆူညံညံအသံတွေ မကြားရတော့ပါဘူး။
ဒေါ်ပြုံးကို ကျနော်တို့အဆောင်ကလူတွေ တော်ရုံစကားမပြောချင်ကြဘူး။ တခုခုဆို သူက လေသံမာမာ စကားပြောတတ်တာကြောင့် စကားမပြောချင်ကြတာပါ။ ဒါပေသည့် ကျနော် သူနဲ့ဆုံတိုင်း အချိုသာဆုံးစကားလုံးတွေနဲ့ပဲ ခွန်းတုံ့ပြန်ဖြစ်တယ်။ အကြောင်းကတော့ ဒေါ်ပြုံးက ကျနော်တို့သတင်းဌာနကို အားပေးတဲ့ ပရိသတ်စစ်စစ်ကြီး ဖြစ်နေလို့ပါ။
တခုခုဝယ်ဖို့ တိုက်အောက်ဆင်းတဲ့အခါ ဒေါ်ပြုံးတို့အခန်းရှေ့က ဖြတ်သွားရတယ်။ ဒီ လိုဖြတ်သွားတိုင်း TV Channel က သတင်းကြေညာတဲ့အချိန် ဖြစ်နေတယ်။
သူတို့အိမ်ထဲကနေ သတင်းကို အသံအကျယ်ကြီးဖွင့်ထားတယ်။ သူ့အခန်းအောက်က နှစ်လွှာ သုံးလွှာလောက် ရောက်တဲ့အထိကို သတင်းတင်ဆက်နေတဲ့အသံကို ကြားနေရတုန်းပါ။
ဒေါ်ပြုံးတို့နေတဲ့ တိုက်ခန်းအပေါ်ထပ်မှာနေတဲ့ ကျနော်က သတင်းနားထောင်ရင် နားကြပ်တပ်ပြီး နားထောင်တယ်။ အနီးအနားအခန်းတွေမှာ ဒလန်ရှိရင် ကြားသွားမှာလည်း စိုးရိမ်စိတ်ဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ သတင်းကို အကျယ်ကြီးဖွင့်နားထောင်တဲ့ ဒေါ်ပြုံးကို မလေးစားဘဲ နေလို့မရဘူး။
သူ့အခန်းရှေ့ဖြတ်သွားချိန်မှာပဲ ကျနော့်အိမ်သူကို “ဒီအဘွားကြီးက တို့ထက်ကြွပ်တယ်နှော်"လို့ ကျနော် လှမ်းပြောမိတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ သတင်းဌာနကို အခုလိုအပါးတရ အားပေးတာကို နားနဲ့ဆတ်ဆတ်ကြားရတော့ အားတခုရပါတယ်။
ကျနော့်အလုပ်ထဲက သတင်းထောက်တချို့ကိုလည်း ဒီအကြောင်း ပြောပြဖူးပါတယ်။ အဲဒီနေရာမှာ အာဏာသိမ်းပြီး ၃ နှစ်ကြာအထိ နေခဲ့ပါတယ်။ ဒေါ်ပြုံးကတော့ သူ လုပ်နေကျအတိုင်းပါပဲ။ TV ကလာတဲ့ သတင်းကို အသံကျယ်ကျယ်ဖွင့်ပြီး နားထောင်တာ ပျက်ကွက်သွားတယ်ရယ်လို့ မရှိခဲ့ဘူး။
ကျနော်တို့လမ်းထဲက အခုလိုသတင်းကို အသံအကျယ်ကြီး ဖွင့်ပြီးနားထောင်ဖို့ဆိုတာ မလွယ်လှပါဘူး။ အကြောင်းကတော့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ သင်တန်း အပတ်စဉ်တခုထဲဆင်းတဲ့ ဗိုလ်အဆင့်ရှိသူတယောက် လမ်းထဲမှာ ရှိနေတယ် ဆိုတာကြောင့်ပါ။
လမ်းထဲကဈေးဆိုင်မှာ အဘွားကြီးတွေ စကားထိုင်ပြောနေကြတာကို ကြားလိုက်မိတာပါ။ သူတို့တွေက ကျနော်တို့ကို လမ်းထဲမှာနေတဲ့သူတွေပဲဖြစ်လို့ ပြောနေတဲ့စကားကို ဆက်ပြောကြပါတယ်။ အမှတ်တမဲ့ ကျနော်တို့ ဈေးဝယ်တာနဲ့ကြုံလို့ စကားဝိုင်းက နည်းနည်း ဖရိုဖရဲ ဖြစ်သွားပါသေးတယ်။ ပြီးတော့လည်း စကားဝိုင်းကို ဦးဆောင်တဲ့အဘွားကြီးကပဲ ပြောလက်စ စကားကို ဆက်ပြောတယ်။
“အဲဒီတယောက်က ဗိုလ်တယောက်နဲ အိမ်ထောင်ကျထားတာ။ သူ့အမျိုးသားက ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ အပတ်စဉ်တူတွေ။"
စကားဝိုင်းကို နားထောင်သူတွေက ကျနော်တို့ရှေ့မှာ ဟက်ဟက်ပက်ပက် မတုံ့ပြန်ကြဘူး။ ဈေးဆိုင်ထဲက ကျနော်တို့ ပြန်ထွက်လာတော့ အဘွားကြီးတွေက သူတို့စကားဝိုင်းကို ရှေ့ကအတိုင်း ပြန်ဆက်ကြတယ်။ ကျနော်တို့ ကျောကွယ်လိုက်တာနဲ့ စကားတွေ လုပြောတဲ့အသံတွေ ထွက်လာပါတယ်။
ဒေါ်ပြုံးကတော့ လမ်းထဲက ဘယ်သူ့ဘယ်သူနဲ့မှ စကားရပ်ပြောတာမျိုး မတွေ့ရဘူး။ ထီးကောက်တချောင်းနဲ့ ခပ်ဖြည်းဖြည်းပဲ လမ်းလျှောက်သွားလေ့ရှိတယ်။ သူ့ကိုစိတ်ထဲက လေးစားမိတာက သူ့တိုက်ခန်းလေးထဲမှာ သူရရမယ့် အခွင့်အရေးကို အပြည့်အဝ ရအောင်ယူနေခြင်းပါ။
ခေတ်ကာလအခြေအနေအရ လမ်းထဲက ပုံမှန်မဟုတ်တဲ့အခြေအနေမျိုးမှာ သူ့လို သတင်းကို အသံအကျယ်ကြီးဖွင့်ပြီး နားထောင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။
TV ကသတင်းကို ရွာတရွာမှာ ဘယ်လိုကြည့်ကြသလဲဆိုတာကို ပြန်သတိရမိတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရက်တွေမှာ ဟိုနေရာပြောင်း သည်နေရာရွှေ့လုပ်ရတယ်။ ဒီလိုအခြေအနေမှာ ရွာတရွာကို ရောက်သွားပါတယ်။ ရောက်သွားတာက ဦးလေးတယောက်ရဲ့ အိမ်ပါ။ သူတို့နေတဲ့နေရာက အေးချမ်းတယ်။ အဲဒီရွာမှာသွားနေဖို့ မိသားစုက တိုက်တွန်းတော့ သွားနေဖြစ်တယ်။
အဲဒီရွာမှာ ကရင့်တော်လှန်ရေးခေါင်းဆောင်တယောက်ရဲ့ အုတ်ဂူရှိတယ်။ အုတ်ဂူကို ရွာထိပ်မှာ ထားထားတယ်။ ဒီရွာရောက်တော့ ညပိုင်း သတင်းကြည့်တဲ့အချိန်မှာ ကျနော် နေတဲ့အိမ်ကို ရွာထဲကနေ သတင်းလာကြည့်တဲ့သူ နှစ်ယောက်တွေ့တယ်။
သူတို့က သတင်းကို ပုံစံတမျိုးနဲ့ ကြည့်တာ။ TV ကလာတဲ့သတင်းကို ကြည့်တယ်။ ဒါပေမဲ့ အသံကိုပိတ်ပြီး ကြည့်ကြတာ။ TVမှာ သတင်းလာချိန်ဆို အရုပ်ကို မကြည့်ဘူး။ မော်နီတာ အောက်ခြေမှာပြေးနေတဲ့ စာတန်းလေးကို လိုက်ဖတ်ကြတာ။ TV ကလာတဲ့သတင်းထက် TV ပေါ်မှာ စာတန်း သေးသေးလေးပြေးနေတာကို လိုက်ဖတ်တာ သတင်းပိုစုံတယ်တဲ့။ TVအသံလည်း ဖွင့်ထားစရာ မလိုတော့ဘူး။ အိမ်ဘေးမှာ ဘယ်သူတွေပဲ ဖြတ်သွားဖြတ်လာလုပ်လုပ် ဒီအိမ်ပေါ်မှာ သတင်းကြည့်နေကြတယ် ဆိုတာလည်း ဘယ်သူမှမသိတော့ဘူးတဲ့။
သတင်းလာကြည့်နဲ့သူတွေက ဒီအတိုင်းမနေဘူး။ TV ဖန်သားပြင်မှာ သူတို့လိုက်ဖတ်ထားတဲ့ သတင်းတွေကို ရွာထဲမှာလည်း ပြန်ပြောပေးတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲ။ ဘယ်လို အခြေအနေလဲဆိုတာကို ရွာကလူတွေသိဖို့ သူတို့တွေကပဲ သတင်းဖြန့်ပေးကြတယ်။ အဖိုးအခရဖို့ လုပ်တာလား၊ ဝါသနာပါလို့ လုပ်ကြတာလားဆိုတာတော့ မစပ်စုမိဘူး။ ကိုယ်တိုင်က Low Profile နဲ့ လာနေရတာဆိုတော့ ဘာအလုပ်လုပ်လဲမေးကြရင် ရန်ကုန်က ကုမ္ပဏီတခုမှာ အလုပ်လုပ်တယ်ပဲ ပြောရတယ်။
ဒီလို TVပေါ်က ရုပ်နဲ့အသံကို အားမကိုးဘဲ စာတန်းလေးကိုဖတ်ပြီး ကြည့်ရှုနေကြသူတွေ ရှိပါလားလို့လည်း တွေးမိလိုက်တယ်။ ကျနော်ကိုယ်တိုင် TV Channel သတင်းဌာနတခုမှာ အလုပ်ရတော့ TV မှာ စာတန်းထိုးနဲ့ပြပေးတဲ့အပိုင်းကို အားစိုက်ပေးဖြစ်တယ်။ တခြား လုပ်ဖော်ကိုင်ဖက်တွေကိုလည်း စာတန်းထိုးတဲ့စာတွေကို လေးလေးနက်နက် စောင့်ကြည့်သူတွေရှိလို့ ဂရုစိုက်ပေးကြဖို့ ပြောဖြစ်ပါတယ်။
ခေတ်ကောင်းချိန်ကဆို ကျနော် ဘယ်သတင်းဌာနကပါ။ အခုလို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်လို့ ပြောမိမှာပါ။ အခုတော့ စိတ်ထဲကပဲ ကျိတ်ပြီး ကျေးဇူးတင်ရတယ်။ စိတ်ထဲကနေပဲ ဝမ်းသာပီတိ ဖြစ်ရတာမျိုးပါ။ တနေ့မှာတော့ သူတို့နဲ့ လက်ဆွဲနှုတ်ဆက်ပြီး တခုခုတော့ ပြောဖြစ်ဦးမယ်လို့ပဲ တေးထားလိုက်မိပါတယ်။
တာပလု
- မြို့ပြနေ့ညများ (အပိုင်း-၁)
https://burmese.dvb.no/post/671014
- မြို့ပြနေ့ညများ (အပိုင်း-၂)
https://burmese.dvb.no/post/672046
- မြို့ပြနေ့ညများ (အပိုင်း-၃)
https://burmese.dvb.no/post/673268
- မြို့ပြနေ့ညများ (အပိုင်း-၄)
https://burmese.dvb.no/post/674362
- မြို့ပြနေ့ညများ (အပိုင်း-၅)
https://burmese.dvb.no/post/675332
- မြို့ပြနေ့ညများ (အပိုင်း-၆)
https://burmese.dvb.no/post/676214
- မြို့ပြနေ့ညများ (အပိုင်း-၇)