Home
ဆောင်းပါး
ချစ်သော တိုင်းပြည်
DVB
·
December 10, 2024

စိတ်ပျက်ရင်မော

ငြိသံယောဇဉ်

ချစ်သောတိုင်းပြည်

ပြင်ရန်ရည်၍

စိတ်တည်အောင်ထား

တိုက်ပွဲများကိုနွှဲကြစို့။ ။

လူတိုင်းလိုလို မိမိရဲ့ မွေးရပ်မြေ တိုင်းပြည်ကိုတော့ မိမိချစ်ကြမှာပါပဲ။ စိတ်ကူးနဲ့ ဖန်ဆင်းထားတဲ့ နေချင့်စဖွယ် တိုင်းပြည်ကလေးတခုပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ စိတ်ပျက်စရာ အင်မတန်ကောင်းတဲ့တိုင်းပြည် ဖြစ်နေပြန်တယ်။ တခါတခါ လုံးဝစွန့်ခွာလိုက်ဖို့ထိကို စိတ်ပျက်မိပြန်ရော။ သို့ပေမဲ့ သံယောဇဉ်လက်ကျန်လေးတပိုင်းတစနဲ့ နောင်လာနောင်သား ကလေးငယ်လေးတွေ ကောင်းစားစေဖို့ ရသလောက် နိုင်သမျှ စွမ်းသမျှ ကြိုးစားလုပ်ကြဦးမယ်လို့ပဲ ပြန်လည်အားတင်းလိုက်ကြရပါတယ်။ ဘာသာတရားရဲ့ အဆုံးအမနဲ့ လူတိုင်းနားလည်သင့်တဲ့ ဉာဏ်ပညာသာ အရာရာမှာ ဦးဆောင်ခဲ့ရင် ဒီလောက်ထိ ဆိုးဝါးခဲ့မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ အနိုင်ကျင့် ဗိုလ်ကျတာတွေ၊ အခွင့်ထူးခံချင်စိတ်တွေ၊ မတော်လောဘနဲ့ ခိုးယူတာတွေကို ဘာမှမဖြစ်တော့သလို ပုံမှန်ခံစား လက်ခံလိုက်ကြတဲ့ နောက်မှာတော့ ပေါ့ပျက်၊ နိမ့်ကျတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေဟာ လူသိများတဲ့ စံနမူနာအဖြစ် ပေါ့ပျက်ပျက် လူတစုရဲ့  ခေတ်ရေစီးကြောင်းမှာ မျောပါလာရပြန်တယ်။ ဪ..  ဒီတသက် ကျေနပ်စရာများ တွေ့ရဦးမှာလား မြန်မာပြည်ရယ်။ လုံခြုံစိတ်ချရတဲ့ နေချင့်စဖွယ် တိုင်းပြည်အဖြစ် မြင်ချင်၊ လိုချင်နေမိတာကိုက လောဘကြီးတဲ့ စိတ်ကူးယဉ်မှုတခုပေလား။ ဘာပဲဖြစ်ဖြစ် နေပျော်ဖွယ် တိုင်းပြည်တခုအဖြစ် ပြန်လည်ဖြစ်တည်လာပါစေလို့ပဲ ဆုတောင်းလိုက်မိပါတယ်။

ပြည်သူအများ

ရင်ဝယ်သားသို့

ကိုယ်စားခေါင်းဆောင်

တို့ပြည်ထောင်မှာ

ဦးဆောင်နိုင်သူမျှော်လင့်သည်။

ကျမတို့ရဲ့ တိုင်းပြည်ဟာ ပြန်လည် အေးချမ်းသာယာ လာတဲ့အခါ လုံခြုံစိတ်ချရတဲ့ ခေါင်းဆောင်တွေကို မျှော်လင့်မိပါရဲ့။ “ပြည်သူအပေါ် ရင်ဝယ်သားသို့” စောင့်ရှောက်မယ့် ခေါင်းဆောင်မျိုးပါ။ စားဝတ်နေရေးဖူလုံဖို့ အားကိုးရတဲ့ ပြည့်ရှင်မျိုးပါ။ အစိုးရသူအပေါင်းကလည်း ဒုစရိုက်ဟူသမျှ အများသူငါ မလုပ်ရဲအောင် ကိုယ်တိုင်လည်း မကျူးလွန်သူမျိုး၊ ဆွေမျိုးကောင်းစားဖို့ အဂတိ မလိုက်စားကြသူမျိုးတွေပါ။

ပြည်သူလူထု မနှစ်သက်တာကို ပြည်သူလူထု စိတ်ပင်ပန်းဆင်းရဲမှာကို မပြုမူကြတဲ့ ခေါင်းဆောင်မျိုးတွေကို လိုအပ်နေကြပါတယ်။ ပညာရေးကို အားပေးမြှင့်တင်ပြီး နိုင်ငံ့အပေါ် စေတနာမှန်တဲ့ ခေါင်းဆောင်မျိုးကို အမှန်တကယ် ကူညီအားဖြည့်ကြတဲ့ နောက်လိုက် တပည့်သားမျိုးတွေကို မျှော်လင့်တောင့်တနေကြပါတယ်။ တိုင်းပြည်ပစ္စည်း ပြည်သူ့ပစ္စည်းကို မထိရက်၊ မယူရက်တဲ့ ပြည်သူ့ဝန်ထမ်းမျိုးတွေကိုပေါ့။ အရာရာ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ဝန်ထမ်းမျိုးတွေကို တမ်းတမ်းတတ မျှော်လင့်နေကြတာပါ။ အဂတိဆိုတာမရှိဘဲ သာယာနေပျော်ဖွယ် နိုင်ငံငယ်လေးတခုကို အချိန်တန်ရင် ဖန်တီးရလို့နိုင်ကောင်းပါရဲ့။

ကိုယ်တိုင်ကစ

ပြင်ကြရမည်

ဒါမှပန်းတိုင်ရောက်လိမ့်မည်။

ဒီနေရာမှာ ပြည်သူလူထုကြီးရဲ့ အရေးကြီးမှုကိုလည်း မေ့ထားလို့ မရနိုင်ကောင်းပါဘူး။ “ပြည်သူသည်သာ အောင်နိုင်ရာသည် မဟာအင်အားအကြီးမားဆုံး” လို့ စာဆိုကြီး ဦးတင်မိုးက ရေးသား စပ်ဆိုထားခဲ့တာပါပဲ။ ပြည်သူတွေဟာလည်း ကိုယ်စီကိုယ်စီ စေတနာမှန်ပြီး တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် ကိုယ့်ရဲ့ မတော်လောဘနဲ့ ရယူမှုတွေကို စွန့်လွှတ်ပေးကြရမှာ ဖြစ်ပါတယ်။ ဘယ်သူသေသေ ငတေမာနေရဖို့ပဲတွေးရင် အရင်လို အဓမ္မတို့ စံပျော်ရာ တိုင်းပြည် အဖြစ်ပဲ ပြန်ရကြပါလိမ့်မယ်။ နိုင်ငံတကာမှာ အရာရာ အောက်ကျနောက်ကြ မျက်နှာငယ်နေကြရပါလိမ့်မယ်။ သူတပါးအမြင်ပြောင်းဖို့ ကိုယ်တိုင်ကပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပြောင်းကြရပါလိမ့်မယ်။ ဒီလို ပြောင်းလဲကျင့်သုံးတာကိုလည်း မြန်မာလူမှုအဖွဲ့အစည်းက ကျေကျေနပ်နပ် လက်ခံ ဂုဏ်ယူကျင့်သုံးကြရပါမယ်။ ကြိုဆိုကြရပါမယ်။ အားပေးကြရပါမယ်။ ကမ္ဘာအလယ် မြန်မာ‌ဟေ့ ဆိုတဲ့ အနေအထားဟာ မြန်မာတိုင်းမျှော်လင့်တဲ့ အဓိက ပန်းတိုင်တခုပါပဲ။ အခုကတော့ စိတ်ပျက်စရာ နောက်ဆုံး အောက်ဆုံးဆင့်ရောက် မြန်မာ ဖြစ်နေဆဲပါ။ ဒါကိုလက်မခံကြပါနဲ့။ တိုက်ပွဲပုံစံမျိုးစုံနဲ့ ထိုးနှက်တိုက်ခိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

တတ်သည့်ပညာ မနေသာသို့

ရပ်သည့်နေရာ သေအချာမို့

ရေရာရည်မှန်း ပြည်သူ့ပန်းကို  

သေချာတည်ဦး ညီတူခူးကြစို့။  ။

ဒီလိုနဲ့ အချိန်တွေဟာ တရွေ့ရွေ့ကုန်ဆုံးလာနေပါတယ်။ ပြည်သူဘက်က မြင်သာထင်သာတဲ့ အောင်မြင်မှုတွေလည်း အလီလီပါပဲ။ ပေးဆပ်စွန့်လွှတ် ဆုံးရှုံးလိုက်ရခြင်းတွေလည်း မနည်းမနောပါပဲလေ။ ကိုယ်ကျိုးနဲ့ တိုင်းပြည် ယှဉ်ရွေးလာစေတဲ့အခါ တိုင်းပြည်ကိုသာ အနိုင်ပေးလိုက်ကြတဲ့ လူသားဆန်တဲ့ လူသားတွေဟာ မြန်မာပြည်မှာ တကယ်ကို အများအပြား ပါပဲလားလို့ အံ့ဩမ‌ဆုံး ဖြစ်ကြရပါတယ်။ နှစ်တွေကြာလာတဲ့အထိ တောင့်ခံတိုက်ပွဲ ယှဉ်ပြိုင်နွှဲနေကြတာကိုလည်း လောကအမြင် ထင်ထင်ရှားရှားကို တွေ့ကြရပါတယ်။ ပွဲပြီးလို့ အိမ်ပြန်ကြတဲ့အခါ အရင်လို သာယာနေပျော်ဖွယ် မိသားစုတွေ ပြန်လည်ဆုံနိုင်ကြပါစေလို့ပဲ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။ လက်တွေ့ ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝမှာ အရင်လို ရွှေထီးဆောင်းတဲ့ ကာလတွေကို မဖြစ်မနေ မေ့ထားကြရပါတယ်။ ရှက်ရွံ့သိမ်ငယ်မှုတွေကို ဘေးဖယ်ပြီး မျက်နှာအောက်ချ လှုပ်ရှားကြရတာတွေဟာလည်း တိုင်းပြည်အတွက်နဲ့ မိသားစု စားဝတ်နေရေးအတွက်‌မို့ပါပဲ။ မိမိကိုယ်ပိုင်အတွက်သာဆို နောက်ပြန်လှည့်ထွက်ခဲ့ပြီး အငတ်ခံလိုက်ကြမှာပါပဲ။ ဒါတွေဟာလည်း ကြုံဖူးသူတိုင်း တနေ့ကျရင် နှမြောတသသ ပြန်ပြောပြကြမယ့် ယုံတမ်းဇာတ်လမ်းတွေဆိုလည်း မမှားပါဘူး။ တချိန်ကျရင် ဒါတွေဟာ ရင်နဲ့ရင်းတဲ့ ဖြစ်ရပ်မှန်များ ဖြစ်လာကြမှာပါ။ ဒီနေရာမှာ အပြစ်မဲ့ပြည်သူတွေရဲ့ ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေကိုလည်း အသိအမှတ်ပြုရပါမယ်။ နေရာတိုင်း စစ်မြေပြင် ဖြစ်လာနေတဲ့အခါ ကလေးသူငယ်နဲ့ အပြစ်မဲ့ပြည်သူတွေဟာလည်း မတော်တဆနဲ့ တမင်သက်သက် ဆုံးရှုံးရတာတွေ ရှိနေတာဟာလည်း ငြင်းမရနိုင်ပါဘူး။

ခုဆိုရင် ကျမတို့ရဲ့ ပန်းတိုင်ဟာ ရောက်လုနီးအနေအထားကို ရောက်ရှိနေပါပြီ။ ချက်ကောင်းရင် တချက် ဆိုသလို အလှည့်အပြောင်းတခုဟာ အချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။ အချို့အချို့တွေဟာ လိပ်ပြာအလုံလွန်နေပြီး နိုင်ငံအရေး ရေချိန်ဟာလည်း အတော်အတန်ကို ပြည့်ဝလို့နေနေပါပြီ။ ဒီနေရာမှာ ပေါ့ပါးပေါ့ပျက် စိတ်မနှံ့သူတွေကိုတော့ ဘေးမဲ့ပေးကြရပါလိမ့်မယ်။ ရရစားစား ဝါးဝါးမြိုမြို ဆိုသလို၊ လိုတာသာသိတဲ့ အမျိုးအစားမျိုးတွေကိုပေါ့။ ဘယ်လိုပဲဖြစ်ပါစေ ကိုယ့်လမ်းကိုယ်ကြောင်း ကိုယ့်လက်မောင်းနဲ့ ကိုယ့်ခေါင်းကိုယ်သုံး ရုန်းကြရဦးမှာပါပဲ။

တတ်သည့်ပညာ မနေသာသို့

ရပ်သည့်နေရာ သေအချာမို့

ရေရာရည်မှန်း ပြည်သူ့ပန်းကို  အရအမိ ရရှိအောင် ကြိုးစားကြပါစို့။  ။

သန့်ကေသာ (CDM ပညာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024