
လတ်တလော အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ နိပါးဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားပြီး ထိုင်းနိုင်ငံတွင်း ကူးစက်ပြန့်ပွားလာခြင်း မရှိစေဖို့အတွက် ထိုင်းကူးစက်ရောဂါထိန်းချုပ်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေးဌာနတို့ ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေးတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။
အထူးသဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်တွေ အဝင်အထွက်များတဲ့ ဘန်ကောက် ဒွန်းမောင်း၊ သုဝဏ္ဏဘူမိ၊ ချင်းမိုင်၊ ဖူးကက်၊ ချွန်းပူးရီး စတဲ့ လေဆိပ်တွေမှာ ခရီးသည်တွေကို အပူချိန်တိုင်းတာ၊ ခရီးသွားရာဇဝင် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒွန်းမောင်းနဲ့ သုဝဏ္ဏဘူမိ လေဆိပ်မှာ ဇန်နဝါရီ ၂၅ ရက် ဒီနေ့ကစပြီး ထိုင်းအမျိုးသား လေကြောင်းဌာနနဲ့ ပြည်သူ့ကျန်းမာရေးဌာနတို့ ပူးပေါင်းကာ Health Beware Card လို့ခေါ်တဲ့ ကတ်တွေ ဝေငှနေတယ်။
အဆိုပါကတ်ထဲမှာ “ထိုင်းနိုင်ငံက ကြိုဆိုပါတယ်။ သင်သည် နိုင်ငံခြားတိုင်းပြည်များမှ ဝင်ရောက်လာပြီး ခရီးသွားလာစဉ် ကိုယ်ပူခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျဉ်ခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ငိုက်မြည်းခြင်း၊ နိုင်ငံခြားသို့ ထွက်ခွာလာခြင်းမပြုမီ လွန်ခဲ့သော ၂၁ ရက်အတွင်း လင်းနို့၊ နာမကျန်းသောတိရစ္ဆာန်၊ ရောဂါပိုးရှိ လူနာများနှင့် ထိတွေ့ခဲ့ခြင်းရှိပါက ချက်ချင်း ဆရာဝန်နှင့်ပြသပြီး ခရီးသွားရာဇဝင်၊ ထိတွေ့ခဲ့သော ရာဇဝင်များ ပြောပြရန်၊ နေမကောင်းပါက အရေးပေါ်ဖုန်းလိုင်း ၁၄၂၂ ကို ဆက်သွယ်နိုင်ကြောင်း” ဖော်ပြထားပါတယ်။
ချင်းမိုင် နိုင်ငံတကာလေဆိပ်မှာလည်း ဝင်ရောက်လာသူတွေကို ကိုယ်ပူချိန်တိုင်းတာ၊ ခရီးသွားရာဇဝင် စစ်ဆေးတာ၊ မသင်္ကာဖွယ် ရောဂါလက္ခဏာတွေ့ရှိက ချက်ချင်း ဆေးရုံ ပို့ဆောင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အလားတူ အိန္ဒိယနိုင်ငံသားတွေ အလာများတဲ့ ဖူးကက်၊ ချွန်းပူးရီး စတဲ့လေဆိပ်တွေမှာလည်း ခရီးသွားတွေကို အပူချိန်စစ်ဆေးတာ၊ ခရီးသွားရာဇဝင် မေးမြန်းတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဌာနကလည်း ထိုင်းနိုင်ငံမှာ နိပါးဗိုင်းရပ်စ် ကူးစက်ခံရသူ တဦးတယောက်မှ မရှိသေးဘူး၊ ဒါပေမဲ့ ကြိုတင်ကာကွယ်ရေး အသိပညာပေးရေးတွေ လုပ်ရမယ်။ သက်ဆိုင်ရာက အနီးကပ် စောင့်ကြည့်နေတယ်၊ ရောဂါထိန်းချုပ်ရေးဌာနကလည်း One Health ကွန်ရက်အဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဆေးသိပ္ပံဌာနဟာ နိပါးဗိုင်းရပ်စ် ရောဂါရှာဖွေဖို့ အသင့်ရှိတယ်။ Real-time RT-PCR နည်းလမ်းကို အသုံးပြုပြီး နမူနာအမျိုးအစား အမျိုးမျိုးကို စမ်းသပ်နိုင်တယ်၊ နမူနာ လက်ခံရရှိပြီး ၈ နာရီအတွင်း ရလဒ်များပေးနိုင်မယ်၊ ပြည်သူတွေအနေနဲ့ အထိတ်တလန့်မရှိဘဲ သက်ဆိုင်ရာက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေသာ နားစွင့်ဖို့ တိုက်တွန်းထားပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကလည်း ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်နေတဲ့ မိမိနိုင်ငံသားတွေအနေနဲ့ ကူးစက်ရောဂါ ပြန့်ပွားနေတဲ့ အနောက်ဘန်ဂေါပြည်နယ်ကို ခရီးသွားလာတာ ရှောင်ကြဉ်ဖို့၊ သန့်ရှင်းမှုကို ဂရုပြုဖို့၊ တစုံတရာဖြစ်ပေါ်က အိန္ဒိယနိုင်ငံ ကလကတ္တားမြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံးကို ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
လတ်တလော အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ သေဆုံးနိုင်ခြေမြင့်တဲ့ နိပါးဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နေပြီး ကျန်းမာရေးဝန်ထမ်း ၅ ယောက် ကူးစက်ခံထားရတာကြောင့် သက်ဆိုင်ရာက လူပေါင်း ၁၀၀ လောက်ကို နေအိမ်မှာ သီးခြားခွဲနေဖို့ ညွှန်ကြားထားပါတယ်။
နိပါးဗိုင်းရပ်စ်ဟာ လင်းနို့နဲ့ ဝက်လို တိရစ္ဆာန်တွေကတဆင့် လူကို ကူးစက်နိုင်သလို လူအချင်းချင်းလည်း ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစား ဖြစ်ပါတယ်။
ရောဂါလက္ခဏာမှာ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူကျပ်တာတွေ ဖြစ်နိုင်ပြီး ပြင်းထန်ပါက ဦးနှောက်ရောင်တာ၊ သတိလစ်တာ၊ တက်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါရောဂါအတွက် ကာကွယ်ဆေး မရှိသလို ပျောက်ကင်းအောင် တိုက်ရိုက်ကုသနိုင်တဲ့ ဆေးလည်းမရှိသေးကြောင်း၊ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေပေါ်မှာသာ ကုသနိုင်တယ်၊ နိပါးဗိုင်းရပ်စ်ရဲ့ သေဆုံးနှုန်းဟာ ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။
Source: The Standard / FM91 BKK / CH8 News / ThaiPBS


