
ရန်ကုန်မြို့က နာမည်ကျော် ရေကျော်ပွဲဈေးကို အကြိမ်ကြိမ်ပြုလုပ်နေတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေနဲ့ အနီးအနားက ဒေသခံတွေက လက်မခံနိုင်ဘဲ ကန့်ကွက်နေကြပါတယ်။
ပြည်ထောင်စုနေ့ အထိမ်းအမှတ် အနေနဲ့ နာမည်ကျော် ပုဇွန်တောင်မြို့နယ်ထဲက ရေကျော်ပွဲဈေးကို ၇ ရက်ကြာ ပြုလုပ်မှာဖြစ်တဲ့အပေါ် ရပ်ကွက်နေပြည်သူတွေနဲ့ အနီးအနားက ဒေသခံတွေက မကြည်ဖြူ ဖြစ်နေကြပါတယ်။
အဓိကအကြောင်းကတော့ ပွဲတော်ထဲက ဈေးသည်တွေနဲ့ လာရောက်သူတွေရဲ့ စည်းကမ်းမရှိ ပစ်တဲ့ အမှိုက်တွေနဲ့ ပွဲတော်ထဲက ဆူညံသံတွေကြောင့် ပွဲဈေးအနီးအနားက ဒေသခံတွေအနေနဲ့ သဘောမကျဘဲ လက်မခံနိုင်ဖြစ်နေတာပါ။
ပုဇွန်တောင်မြို့နယ်နေ ဒေသခံတယောက်က “ဈေးသည်တွေရော လာတဲ့သူတွေရော များတဲ့အတွက် စည်းကမ်းမရှိပစ်တဲ့ အမှိုက်ပြဿနာရှိတယ်၊ နောက် အိမ်သာမလုပ်ပေးထားတော့ ပတ်ဝန်းကျင်က မသန့်ရှင်းတဲ့ဟာမျိုး ရှိတယ်၊ နောက်တခုကတော့ ဆောင်းဘောက်ပြဿနာပေါ့။ ဆောင်းဘောက်တွေကို သူတို့က အသံကုန်တွေဖွင့်တော့ အနီးအနားပတ်ဝန်းကျင်မှာ သက်ကြီးရွယ်အိုတွေရှိတယ်၊ ကျန်းမာရေးမကောင်းတာတွေရှိတယ်၊ ဖွင့်ရင် သူတို့က ပွဲဈေးလုပ်နေတဲ့ အချိန်တွင်းကို တိုးတိုးသာသာ ဖွင့်တာမဟုတ်ဘူး၊ ည ၁၀ ခွဲ ၁၁ နာရီလောက်ထိ ဖွင့်တဲ့အတွက် သက်ကြီးရွယ်အိုတွေ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက်က တော်တော် အဆင်မပြေဖြစ်ရတယ်။ နောက်တခုက ပွဲဈေးတွေ မကြာခဏ လုပ်နေတဲ့အတွက်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်တယ်။ ရန်ကုန်မှာက နဂိုကတည်းက ညနေဘက်တွေဆို ယာဉ်ကြောပိတ်ဆို့တာ ရှိတဲ့အတွက် ဒီလို ပွဲဈေးတွေလုပ်တော့ အကုန်လုံးက ပိုပြီး ဒုက္ခရောက်ရတယ်” လို့ ပြောပါတယ်။
ပုံမှန်ဆို တနှစ်မှာ တကြိမ် သီတင်းကျွတ်ကာလမှာသာ ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲဈေးက ကိုဗစ်ကာလအတွင်းမှာ လုံးဝမပြုလုပ်ဘဲ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
အခု အာဏာသိမ်းထားတဲ့ကာလ ၂၀၂၄ နိုဝင်ဘာလကစပြီး ပြန်လည်ကျင်းပခွင့်ပြုခဲ့တာမှာ တကြိမ်ထက်မနည်း ပြုလုပ်နေတာဖြစ်လို့ ဒေသခံတွေက မကြည်ဖြူတာလည်း ဖြစ်ပါတယ်။
ရပ်ကွက်နေပြည်သူတယောက်က “အခု မကြိုက်ဘူးဆိုတာက ပွဲတော်ကို ခဏခဏ လုပ်နေတာကြောင့်။ အရင်က ရေကျော်ပွဲဈေးဆိုတာ နာမည်ကြီးပဲ၊ အကုန်လုံးလည်း သိတယ်၊ တနှစ်ကို တကြိမ်ပဲ။ အခုလုပ်နေတဲ့ ဈေးပွဲတော်တွေဆိုတာက ရေကျော်တခုတည်း မဟုတ်၊ ကျောက်မြောင်းတွေရော လသာတွေရော အကုန်လုပ်နေတာပဲ။ အဲဒါ ရေကျော်မှာကျ တခါလည်း နှစ်ခါလည်း မဟုတ်၊ တခုခုဆိုတာနဲ့ ပွဲလုပ်နေတာဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ဘယ်သူက သည်းခံနိုင်တော့မှာလဲ၊ အညှော်တွေနဲ့ အသံတွေကြောင့်ပေါ့” လို့ ပြောပါတယ်။
ပုဇွန်တောင်မြို့နယ်က ရေကျော်ပွဲဈေးကို လာမဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၇ ရက်ထိ ၇ ရက် ကြာအောင် ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၁၁ ရက် ညနေ နောက်ဆုံးထားပြီး ဗိုလ်ချုပ်လမ်းနဲ့ ရေကျော်လမ်းထဲက ကားတွေကို ဖယ်ပေးဖို့ ပွဲဖြစ်မြောက်ရေးကော်မတီက ကြေညာစာကပ်ထားကြောင်းလည်း သိရပါတယ်။
ဝေဝေ


