
ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့တယ်ဆိုပြီး တီမောလက်စ်တေနိုင်ငံကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းက ရန်ကုန်မှာရှိတဲ့ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ဇန်နဝါရီ ၁၆ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆင့်ခေါ်တွေ့ဆုံပြီး ပြောခဲ့တာလို့ ဆိုပါတယ်။
တီမောလက်စ်တေအစိုးရအနေနဲ့ အာဆီယံပဋိညာဉ်နဲ့ အခြေခံမူတွေကို လိုက်နာဖို့ ကတိပြုထားတာကို ချိုးဖောက်ပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ဆန့်ကျင်ဘက် အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်လို့ အသိပေးပြောသလို သတိထောက်လွှာ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၄ ရက်က ချင်းလူ့အခွင့်အရေးအဖွဲ့ဟာ တီမောသမ္မတ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်နဲ့ သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံပြီး မြန်မာအာဏာသိမ်းစစ်တပ်နဲ့ ပတ်သက်တဲ့အကြောင်းတွေကို တင်ပြပြောခဲ့ကြပါတယ်။
ပြီးတော့ မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို တရားစွဲဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့က တီမောရှေ့နေရုံးမှာ ဇန်နဝါရီ ၁၂ ရက် လျှောက်လွှာတင်သွင်းထားတာရှိပါတယ်။
တီမောနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးကို အားပေးထောက်ခံနေတဲ့နိုင်ငံဖြစ်ပြီး အစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရကို ဖိတ်ခေါ်ခဲ့တာပါ။
ဒါကြောင့် ၂၀၂၃ ခုနှစ်တုန်းကလည်း မြန်မာမှာရှိတဲ့ တီမောသံရုံး ယာယီတာဝန်ခံကို စစ်ကောင်စီက နှင်ထုတ်ခဲ့ပါသေးတယ်။


